Tuesday, April 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာ့အချမ်းသာဆုံး ကာတာနိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
August 15, 2019
Reading Time: 2min read
0
ကမ္ဘာ့အချမ်းသာဆုံး ကာတာနိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

ကာတာနိုင်ငံ သည် အနောက်အာရှတွင် တည်ရှိသော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်ပြီး အာရပ်ကျွန်းဆွယ်ကြီး၏ အရှေ့မြောက်ဘက်ခြမ်းတွင် ရှိသော ကာတာ ကျွန်းဆွယ်လေး ပေါ်တွင် တည်ရှိသည်။ ကုန်းတွင်းနယ်နိမိတ်အားဖြင့် ဆော်ဒီအာရေဗျနိုင်ငံ နှင့် တောင်ဘက်တွင် ထိစပ်လျှက် ရှိပြီး ကျန်ရှိသော နယ်နိမိတ်များမှာ ပါရှန်းပင်လယ်ကွေ့က ဝန်းရံလျှက် ရှိသည်။ အနီးအနားရှိ ကျွန်းနိုင်ငံ ဖြစ်သော ဘာရိန်းနိုင်ငံ နှင့် ပါရှန်းပင်လယ်ကွေ့ ရေလက်ကြားက ပိုင်းခြားထားသည်။

ကာတာနိုင်ငံသည် ဧရိယာ စတုရန်းမိုင် ၄၄၇၁ ကျယ်ဝန်းပြီး လူဦးရေ ၂.၆သန်းကျော်သာ ရှိသည့် နိုင်ငံလေးဖြစ်သည်။ လူဦးရေ ၂.၆သန်းဟု ဆိုသော်လည်း ကာတာနယ်ခံလူဦးရေမှာ ၃၃၀၀၀၀ သာရှိပြီး ကျန် ၂.၃သန်းမှာ အခြားနိုင်ငံမှ လာရောက်နေထိုင်သူ နှင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။ ကာတာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယ အကြီးမားဆုံးသော သဘာဝ ဓာတ်ငွေ့ အရင်းအမြစ် နှင့် ရေနံ အရင်းအမြစ်ရှိသောကြောင့် ဝင်ငွေ မြင့်မားသော နိုင်ငံ ဖြစ်သည်။

နိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၂၄၉၃၀ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံ အဖြစ်သတ်မှတ်ခံထားရသည်။ ကာတာကို နယ်မြေ ၈ခု ခွဲခြားထားပြီး မြို့တော်မှာ ဒိုဟာဖြစ်ပြီး လူဦးရေ ၁သန်းနီးပါး နေထိုင်သည်။ ကာတာနိုင်ငံ၏ ရုံးသုံးဘာသာစကားမှာ အာရပ်ဘာသာစကား(Arabic) ဖြစ်ပြီး အင်္ဂလိပ် နှင့် အိန္ဒိယနိုင်ငံသုံးဘာသာစကားမျိုးကွဲများစွာကိုလည်း ပြောဆိုသုံးစွဲကြသည်။ ငွေကြေးစနစ်မှာ ကာတာရီယယ်(Qatari riyal) ဖြစ်ပြီး အမေရိကန် ၁ဒေါ်လာသည် ကာတာရီယယ် ၃.၆၄နှင့် ညီမျှသည်။

အစ္စလာမ်ဘာသာသည် ကာတာတွင် ကိုးကွယ်ယုံကြည်သူများသော ဘာသာဖြစ်ပြီး နိုင်ငံတော် ဘာသာ အဖြစ် သတ်မှတ်ပေးခြင်း ခံရသည်။ အစ္စလမ်ဘာသာကိုးကွယ်သူ ၆၇.၇% ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၁၃.၈% ၊ ဟိန္ဒူဘာသာ ၁၃.၈% ၊ ဗုဒ္ဓဘာသာကိုးကွယ်သူ ၃.၁ နှင့် အခြားဘာသာကိုးကွယ်သူ ၁% ခန့် နေထိုင်သည်။

ကာတာနိုင်ငံသည် ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ လူထုဖွံ့ဖြိုးရေး ညွှန်းကိန်း အလွန်မြင့်သော နိုင်ငံများထဲတွင် ပါဝင်ပြီး လူထုဖွံဖြိုးရေး အတွက် အာရပ်နိုင်ငံများထဲတွင် အမြင့်မားဆုံး ဖြစ်သည်။ ၎င်း၏ အရွယ်အစားနှင့် မမျှသော ဩဇာအာဏာ ရှိသဖြင့် အင်အား အသင့်အတင့်ရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ် သတ်မှတ်ကြသည်။ ကာတာသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အာရပ်နိုင်ငံများထဲတွင် ကမ္ဘာ့ဖလား၏ ပထမဆုံးသော အိမ်ရှင်နိုင်ငံ ဖြစ်သည်။

အေဒီ ၁ရာစုတွင် ယခုကာတာနိုင်ငံနေရာတွင် နေထိုင်သူများကို “ကာသာရေး” (Catharrei) ဟုခေါ်ခဲ့ပြီး ထိုဒေသကို ကာတရာ (Catara) ဟု ခေါ်ခဲ့ကြသည်။ မြို့အမည်မှာမူ ကာဒါရာ (Cadara) ဖြစ်သည်။ ထိုနာမည်များကို ၁၈ရာစု အထိအသုံးပြုခဲ့ပြီး ထိုမှ ကာတရာ (Katara) ဖြစ်လာပြီး နောက်ဆုံးတွင်မှ ယနေ့ခေါ်ဝေါ်နေကြသည့် ကာတာ(Qatar) ဆိုပြီး နာမည်တွင်လာခဲ့ခြင်းဖြစ်သည်။

သမိုင်း

ကာတာတွင် လူတို့နေထိုင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀,၀၀၀ ခန့်မှ စ၍ ဖြစ်သည်။ ကျောက်ခေတ် မှ နေထိုင်မှုများနှင့် ကျောက်လက်နက်များကို ကျွန်းဆွယ်တွင် တူးဖော်တွေ့ရှိခဲ့သည်။ မက်ဆိုပိုတေးမီးယားမှ အူဘိတ်ခေတ် (၆၅၀၀ မှ ၃၈၀၀ ဘီစီ) လက်မှုပစ္စည်းများကိုလည်း စွန့်ပစ်ထားသော ကမ်းရိုးတန်း လူနေထိုင်ရာ နေရာများတွင် တွေ့ရှိရသည်။ အေဒီ ၂၂၄ ခုနှစ်တွင် ဆက်ဆေးနီးယန်း အင်ပိုင်ယာမှာ ပါရှန်းပင်လယ်ကွေ့ တဝိုက်ရှိ ဒေသများအား ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်ဆေးနစ်တို့၏ အုပ်ချုပ်မှု အောက်တွင် အာရေဗျ အရှ့ပိုင်း နေထိုင်သူများအား ခရစ်ယာန် ဘာသာနှင့် စတင်မိတ်ဆက်ပေးခဲ့ပြီး ထို့နောက်တွင် မက်ဆိုပိုတေးမီးယန်း ခရစ်ယာန်တို့မှာ ခရစ်ယာန်ဘာသာကို အရှေ့ဘက်သို့ ဆက်လက် ဖြန့်ဝေခဲ့သည်။ ထိုခေတ်အခါတွင် ခရစ်ယာန် ဘုန်းကြီးကျောင်းများကို တည်ဆောက်ခဲ့ပြီး နေထိုင်ရာ ဒေသ အသစ်များကိုလည်း ဆက်လက် ထူထောင်ခဲ့သည်။ အေဒီ ၆၂၈ ခုနှစ်တွင် တမန်တော် မိုဟာမက် ၏ သံတမန်များမှ တဆင့် အစ္စလာမ်ဘာသာပြန့်ပွားလာခဲ့ပြီး အာရပ် လူမျိုးစု အများအပြား အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့ကြသည်။

အေဒီ ၈ရာစုတွင် ကာတာနိုင်ငံသည် ပုလဲရောင်းဝယ်ရေး နှင့် အချက်အချာကျသည့် ကုန်သွယ်ရာဒေသ ဖြစ်လာခဲ့ပြီး စီးပွားရေး အလွန်တိုးတက်လာခဲ့သည်။ ကာတာတွင် နေထိုင်သူများသည် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုများကို အသုံးပြု၍ အရည်အသွေး မြင့်မားသော အိမ်များ နှင့် အများပြည်သူ ဆိုင်ရာ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ကြကြောင်းကို ၉ ရာစု ရှေးဟောင်း အကြွင်းအကျန်များမှ တဆင့် သိရသည်။ အော်တိုမန်အင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီးနောက် ၂၀ရာစု အစောပိုင်းတွင် ကာတာတို့သည် ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနယ်မြေအဖြစ် ရှိခဲ့သည်မှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး ရသည် အထိပင် ဖြစ်သည်။

အုပ်ချုပ်ရေး

ကာတာနိုင်ငံအား သာနီမိသားစုမှ အုပ်ချုပ်ခဲ့သည်မှာ ၁၉ ရာစု အစောပိုင်းမှပင် စခဲ့သည်။ ရှိတ်စော်ဘွား ဂျာဆင်ဘင်မိုဟာမက်အယ်လ်သာနီသည် ကာတာနိုင်ငံကို ထူထောင်ခဲ့သူ ဖြစ်သည်။ ကာတာသည် ဆွေစဉ်မျိုးဆက် ဆက်ခံရသော ဘုရင်စနစ်ကို ကျင့်သုံးပြီး နိုင်ငံ၏ အကြီးအကဲမှာ ရှိတ်စော်ဘွား တာမင် ဘင် ဟာမက်အယ်လ်သာနီ ဖြစ်သည်။

နိုင်ငံ၏ ဘုရင်စနစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည် ဆိုသော အယူအဆ နှင့် သက်ဦးဆံပိုင် ဘုရင်စနစ် ကျင့်သုံးသည် ဟူသော အယူအဆ ကွဲပြားလျှက် ရှိကြသည်။ ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ဖြင့် အတည်ပြုနိုင်ခဲ့ပြီး ၉၈% အထိ ထောက်ခံခဲ့ကြသည်။ လက်ရှီကာတာနိုင်ငံ၏ ဘုရင်မှာ ၃၈နှစ်သာရှိသေးသည့် Sheikh Tamim ဖြစ်ပြီး ဝန်ကြီးချုပ်မှာ Sheikh Abdullah (Khalifa Al Thani) ဖြစ်သည်။

ဥပဒေ

ကာတာနိုင်ငံ၏ အခြေခံ ဥပဒေ အရ ရှာရီယာ ဥပဒေသည် ကာတာ ဥပဒေ၏ အဓိက ရင်းမြစ် ဖြစ်သည်။ (တကယ်တမ်းတွင်မူ ကာတာနိုင်ငံ၏ ဥပဒေ သည် တရားမ ဥပဒေစနစ် နှင့် ရှာရီယာ ဥပဒေ တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။) မိသားစု ဥပဒေ၊ အမွေဆက်ခံခြင်း ဥပဒေ နှင့် အချို့သော ရာဇဝတ်မှုများ ( အိမ်ထောင်ရေး ဖောက်ပြန်မှု၊ ဓားပြမှု နှင့် လူသတ်မှု တို့ အပါအဝင်) အတွက် ရှာရီယာ ဥပဒေကို ကျင့်သုံးသည်။ အချို့သော အမှုအခင်းများတွင် ရှာရီယာ ဥပဒေကို အခြေခံသော မိသားစု တရားရုံးမှ အမျိုးသမီး သက်သေသည် အမျိုးသား သက်သေ၏ တစ်ဝက်မျှသာ တန်သည် ဟု ယူဆလေ့ ရှိသည်။

အရက်သောက်ခြင်း နှင့် တရားမဝင် သံဝါသ ပြုခြင်း တို့အတွက် ကြိမ်ဒဏ် အချက် ၄၀ မှ ၁၀၀ အထိ အပြစ်ပေးလေ့ ရှိသည်။ ဘာသာပြောင်းခြင်းနှင့် လိင်တူ ဆက်ဆံခြင်းအတွက် သေဒဏ် အပြစ်ပေးခြင်း ခံရနိုင်သည်။  အရက်သေစာ သောက်သုံးခြင်းသည် ကာတာ၌ တစ်စိတ်တစ်ပိုင်း တရားဝင်ပြီး အချို့သော ကြယ်ငါးပွင့် ဟိုတယ်များ အနေနှင့် ၎င်းတို့၏ မွတ်စလင် မဟုတ်သော ကပ်စတန်မာများ အတွက် အရက် ရောင်းချခွင့် ရှိသည်။

ကာတာ လေကြောင်းလိုင်း၏ လက်အောက်ခံ ကုမ္ပဏီ ဖြစ်သော ကာတာ ဖြန့်ချိရေး ကုမ္ပဏီအား အရက်နှင့် ဝက်သား တင်သွင်းခွင့် ပေးထားပြီး ထိုကုမ္ပဏီမှ နိုင်ငံအတွင်း တစ်ခုတည်းသော အရက်အရောင်းဆိုင်ကို ဖွင့်လှစ်ထားကာ အရက်လိုင်စင် ရှိသူများအား ဝက်သား ရောင်းချပေးသည်။ ၂၀၂၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ အတွင်း ပရိသတ် ဇုန် များတွင် အရက်ရောင်းချ ခွင့်ပေးမည်ဟု ကာတာ အာဏာပိုင်များက လိုလားစွာ ခွင့်ပြုထားသည်။

ပထဝီဝင်

နိုင်ငံ၏ နေရာ အတော်များများသည် နိမ့်သော ကျောက်မြေများရှိပြီး သဲများဖြင့် ဖုံးလွှမ်းလျှက် ရှိသည်။ အရှေ့တောင်ဘက်တွင် ခိုးလ်အယ်လ် အဒိတ် ကုန်းတွင်း ပင်လယ်ရှိပြီး ပါရှားပင်လယ်ကွေ့ အတွင်း ဝင်ရောက်သော မြစ်လက်တက် တစ်ခုအား စီတန်းနေသာ သဲတောင်ကုန်းများဖြင့် ဝိုင်းရံထားခြင်း ဖြစ်သည်။ ပြင်းပြသော ဆောင်းရာသီနှင့် အလွန်ပူပြင်းပြီး စိုစွတ်သော နွေရာသီများ ရှိသည်။

ကာတာနိုင်ငံ၏ အမြင့်ဆုံး နေရာမှာ အနောက်ဘက် ဂျီဘဲလ် ဒူခန်ရှိ ကာရင် အဘူ အယ်လ်ဘော ဖြစ်ပြီး ၃၃၈ပေ (၁၀၃ မီတာ) မြင့်သည်။ ထိုနေရာမှာ ဇီခရစ်မှ အမ်ဘတ် ကို ဖြတ်၍ တောင်ပိုင်းထိ ထုံးကျောက်တုံး ပုများ ကျဲပြန့် တည်ရှိနေသော နေရာ ဖြစ်သည်။ ဂျီဘဲလ်ဒူခန်သည် ကာတာရှိ အဓိက ကုန်းတွင်း ရေနံ ထွက်ရှိရာ ဒေသလည်း ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့တွင်းများမှာ ကျွန်းဆွယ် အနောက်မြောက်ဘက် ကမ်းလွန်တွင် တည်ရှိသည်။

စစ်ရေး

ကာတာနိုင်ငံသည် အသင့်အတင့်မျှသော စစ်အင်အားကိုသာ ထားရှိပြီး ခန့်မှန်းခြေ အမျိုးသား ၁၁,၈၀၀ ဦး ရှိကာ ကြည်းတပ်တွင် ၈,၅၀၀၊ ရေတပ်တွင် ၁,၈၀၀ နှင့် လေတပ်တွင် ၁,၅၀၀ မျှ ရှိသည်။ ကာတာ၏ ကာကွယ်ရေး အသုံးစရိတ်မှာ ၂၀၁၈ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁.၉၃ဘီလျံ ဖြစ်သည်။ အမေရိကန်နှင့် အခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့မှ တာဝန်ယူလည်ပတ်နေသာ အယ်လ်အူဒိတ် လေတပ် အခြေစိုက်စခန်း ရှိခြင်းသည် ကာတာနိုင်ငံ အတွက် ကာကွယ်ရေး နှင့် နိုင်ငံ လုံခြုံရေးအတွက် အာမခံချက် ပေးထားသကဲ့သို့ပင် ဖြစ်သည်။ ကာတာရှိ အထူးတပ်ဖွဲ့များကို ပြင်သစ်နှင့် အခြား အနောက်နိုင်ငံများမှ လေ့ကျင့်ပေးထားပြီး ကျွမ်းကျင်မှု အတိုင်းအတာ တစ်ခု အထိရှိသည်ဟု ယုံကြည်ယူဆရသည်။

ကာတာသည် ၂၀၁၀ မှ ၂၀၁၄ အတွင်း ကမ္ဘာပေါ်တွင် လက်နက် တင်သွင်းမှု၌ အဆင့် ၄၆ ရှိသည်။ ကာတာ တွင်ရှိသော သူ၏ စစ်တပ်များကို ပုံစံပြောင်းလဲရန် နှင့် သိသာစွာ တိုးချဲ့ရန် အစီအစဉ်မှာ အရှိန်မြင့်တက်လျှက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် ဂျာမနီမှ တင့်ကား ၆၂ စင်း နှင့် အမြောက် ၂၄ လက်ကို မှာယူပြီးနောက်တွင် ၂၀၁၄ ခုနှစ်တွင် အခြား ကန်ထရိုက်စာချုပ်များကို ဆက်လက်ချုပ်ဆိုခဲ့ကာ ၎င်းတို့တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စင်း၊ လေကြောင်းရန် ကာကွယ်ရေး လေယာဉ် ၃ စင်း တို့ကို အမေရိကန် ပြည်ထောင်စုမှ မှာယူခဲ့သည်။ ထို့ပြင် စပိန်နိုင်ငံမှလည်း ဆီသည် လေယာဉ် ၂ စင်းကို ဝယ်ယူခဲ့သည်။ လက်ရှိတွင် လေယာဉ် ၁၀၁စီး ၊ တင့်ကား ၉၂စီးနှင့် အခြားလက်နက်ကြီးများကိုလည်း ပိုင်ဆိုင်ထားသည်။

ကာတာစစ်တပ်သည် ဆော်ဒီအာရေဗျ ဦးဆောင်သော ယီမင်ရှိ ရှီယာ့ ဟိုသစ် အတိုက်အခံများကို ဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အယ်လ်ဂျာဇီးယား အမေရိကား ၏ သတင်းအရ ယီမင်ရှိ အတိုက်အခံများကို တိုက်ခိုက်သော ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းတပ်သည် အရပ်သားများကို မခွဲခြားဘဲ တိုက်ခိုက်ခဲ့သည့် အပြင် အရပ်သားများ ထူထပ်စွာ ရှိနေသည့် နေရာများတွင် ဗုံးများကို အသုံးပြုခြင်းဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ဆိုသည်။အရပ်သား အများအပြား သေဆုံးခဲ့ပြီး ထိုဒေသအတွင်းရှိ အခြေခံ အဆောက်အအုံများ၏ အစိတ်အပိုင်း အများအပြား ပျက်စီးခဲ့ရသည်။

ပညာရေး

နိုင်ငံသားများသည် အစိုးရမှ ထောက်ပံ့ပေးသော ပညာရေးစနစ်ဖြင့် မူကြိုမှ အထက်တန်း အထိ တက်ရောက်ရန် လိုအပ်သည်။ ၁၉၇၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ကာတာ တက္ကသိုလ်သည် နိုင်ငံ အတွင်း အဆင့်မြင့် ပညာရေး အတွက် ရှေးအကျဆုံး နှင့် အကြီးဆုံး တက္ကသိုလ် တစ်ခု ဖြစ်သည်။ ကာတာဖောင်ဒေးရှင်းမှ တဆင့် ပညာရေးမြို့တော် ကိုတည်ဆောက်ခဲ့ပြီး ထိုတက္ကသိုလ်ဝန်း အတွင်းတွင် ဝေးလ်ကော်နဲလ် ဆေးတက္ကသိုလ်၊ ကာနဲဂျီမီလွန် ကွန်ပျူတာ သိပ္ပံကျောင်း၊ ဂျော့ရှ်တောင်း တက္ကသိုလ် ဖောရိန်းဆားဗစ်ကျောင်း၊ နော့သ်ဝက်စတန် မီဒေးလ် သတင်းစာပညာကျောင်း၊ တက္ကဆပ် အေအင်န်အမ် အင်ဂျင်နီယာကျောင်း နှင့် အခြား အနောက်တိုင်း တက္ကသိုလ်များ၏ ကျောင်းခွဲများကို လက်ခံနေရာချထားပေးခဲ့သည်။

၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် အီမာစော်ဘွား ဟာမက် ဘင် ခါလီဖာ ဘင် ခါလီဖာ အယ်လ်သာနီမှာ အဆင့်မြင့်ပညာရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။ [၂၄၅] ထိုကောင်စီမှ မူကြို အဆင့်မှ တက္ကသိုလအထိ ပညာရေး အားလုံးကို လမ်းညွှန် ထိန်းချုပ်ပြီး ထိုအထဲတွင် “ခေတ်သစ် အတွက် ပညာရေး” ဟု အမည်ရသော ကာတာအား ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ဦးဆောင်ဦးရွက်ဖြစ်ရန် အစပျိုး တီထွင် ဆောင်ရွက်မှုလည်း ပါဝင်သည်။ ၂၀၀၈ ခုနှစ်တွင် ကာတာသည် ကာတာ သိပ္ပံနှင့် နည်းပညာ ရပ်ဝန်း ကို ပညာရေး မြို့တော် အတွင်း တည်ထောင်ခဲ့သည်။ ကာတာနိုင်ငံ၏ အရွယ်ရောက်ပြီးသူ စာတတ်မြောက်မှုနှုန်းမှာ ၉၇.၈% ဖြစ်သည်။

စီးပွားရေး

ရေနံကို ရှာဖွေ မတွေ့ရှိမီ အချိန်အထိ ကာတာနိုင်ငံ၏ စီးပွားရေးမှာ ငါးဖမ်းလုပ်ငန်း နှင့် ပုလဲရှာဖွေရေး လုပ်ငန်းများပေါ်တွင် အခြေခံခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် ကာတာရှိ ဒူခန် ရေနံတွင်းတွင် ရေနံ ရှာဖွေ တွေ့ရှိခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို ပြောင်းလဲစေခဲ့သည်။ အခုအချိန်တွင် နိုင်ငံအတွင်း တရားဝင် နိုင်ငံသားများအတွက် လူနေမှု အဆင့်အတန်း အလွန်မြင့်မားသည်။ ဝင်ငွေခွန် မကောက်ခံ သဖြင့် ကာတာ သည် ဘာရိန်း နိုင်ငံနှင့် အတူ ကမ္ဘာပေါ်တွင် အခွန် အနည်းဆုံး နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ အလုပ်လက်မဲ့နှုန်းမှာ ဝ.၁ % ဖြစ်ပြီး ကုမ္ပဏီ ဥပဒေ အရ နိုင်ငံအတွင်း မည်သည့်စီးပွားရေး လုပ်ငန်းမဆို ကာတာနိုင်ငံသားများမှ ၅၁% ပိုင်ဆိုင်ရမည်ဟု ပြဌာန်းထားသည်။

၂၀၁၆ ခုနှစ် နိုင်ငံတကာ ငွေကြေးအဖွဲ့၏ လေ့လာတွေ့ရှိချက် အရ ကာတာသည် ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း အလိုက် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် အဆင့် စတုတ္တနေရာ ၌ ရှိသည်။ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးရန် နိုင်ငံခြားသာ အလုပ်သမားများ အပေါ်တွင် အကြီးအကျယ် မှီခိုအားထားသည့်အတွက် ရွှေ့ပြောင်း အလုပ်သမားမှာ နိုင်ငံလူဦးရေ ၏ ၈၆% နှင့် အလုပ်လုပ်သူ၏ ၉၄% အထိ ရှိသည်။ ကာတာ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ ရေနံထွက် ပစ္စည်း နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း အပေါ်တွင်သာ လုံးဝနီးပါး အခြေခံပြီး ကမ္ဘာပေါ်တွင် ဓာတ်ငွေ့ရည် အများဆုံး တင်ပို့ ရောင်းချသော နိုင်ငံ ဖြစ်သည်။ အခြားလုပ်ငန်းများအနေနှင့် သံမဏိထုတ်လုပ်ရေး ၊ ဘိလပ်မြေ နှင့် သင်္ဘောပြုပြင်ရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ကာတာနိုင်ငံတွင် အခွန်ကောက်ခံခြင်း မရှိပေ။ သို့သော်လည်း အာဏာပိုင်များက ကျန်းမာရေး နှင့် မညီညွတ်သော အစားအစာများနှင့် ဇိမ်ခံပစ္စည်းများကို အခွန်ကောက်ခံရန် အစီအစဉ်ကို ကြေငြာထားသည်။ အခွန်အခများကို လူ့ခန္ဓာကိုယ်အား ထိခိုက်စေသာ ပစ္စည်းများ ဖြစ်သည့် အမြန်ချက် အစားအစာများ၊ ဆေးရွက်ကြီးနှင့် ဆက်စပ်သော ပစ္စည်းများ နှင့် အချိုရည်များတွင် ကောက်ခံမည်ဖြစ်သည်။

ကာတာ၏ အမျိုးသား မျှော်မှန်းချက် ၂၀၃၀ အရ လာမည့် ဆယ်စုနှစ် နှစ်ခု အတွင်း ပြန်လည်ဖြည့်တင်းနိုင်သော ရင်းမြစ်များတွင် ရင်းနှီးမြှုပ်နှံရန် အချက်ကို နိုင်ငံ၏ အဓိက ပန်းတိုင် အဖြစ် မျှော်မှန်းထားသည်။ကာတာသည် ကာတာရိုက်ဇေးရှင်း ဟုခေါ်သော အစီအစဉ်ကို အပြင်းအထန် လုပ်ဆောင်ပြီး ထို အစီအစဉ်အရ ဖက်စက် လုပ်ငန်းများနှင့် အစိုးရ ဌာနများတွင် ကာတာ နိုင်ငံသားများ ဩဇာအာဏာကြီးသော ရာထူးနေရာများသို့ ရောက်ရှိရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်။ အမေရိကန်ကျောင်းများတွင် ဘွဲ့ရသူများ အပါအဝင် နိုင်ငံခြား၌ ပညာသင်လာသော ကာတာ နိုင်ငံသားများမှာ အိမ်သို့ ပြန်လာကြပြီး ယခင်က နိုင်ငံခြားသား ဝန်ထမ်းများ ခန့်အပ်ထားသော အဓိကရာထူးနေရာများကို ရယူလာကြသည်။

ကာတာနိုင်ငံရဲ့ စိတ်ဝင်စားဖွယ်အချက်များ

၁။ ကာတာနိုင်ငံမှာ အများဆုံးနေထိုင်တဲ့ လူမျိုးက ကာတာလူမျိုးမဟုတ်ပါဘူး။ အိန္ဒိယလူမျိုးဖြစ်ပါတယ်။ အများဆုံးနေထိုင်ကြတဲ့လူမျိုးတွေ အရေအတွက်နဲ့ဆိုရင်တော့ အိန္ဒိယ လူမျိုး ၆၅၀၀၀၀ ၊ နီပေါလူမျိုး ၃၅၀၀၀၀ ၊ ကာတာလူမျိုး ၃၃၀၀၀၀ ၊ ဘင်္ဂလားဒေ့ရှ်လူမျိုး ၂၈၀၀၀၀၀ နဲ့ ဖိလစ်ပိုင်လူမျိုး ၂၆၀၀၀၀ တို့ ဖြစ်ပါတယ်။

၂။ ကာတာဟာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ စာရင်းမှာ အဆင့် ၃၂ ရှိပြီး မြို့တော်ဒိုဟာ ကတော့ ကမ္ဘာ့အလုံခြုံဆုံး မြို့ကြီးတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု အနည်းဆုံးနိုင်ငံအဖြစ် ကာတာကို ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

၃။ Hamad လေဆိပ်ကို ၂၀၁၄ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် ခရီးသွားပေါင်း သန်း ၅၀ ခန့်ကို ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

၄။ ကာတာ အလံမှာ အဖြူ နဲ့ ကြက်သွေးရောင် နှစ်ရောင်ဖြစ်ပြီး အလယ်မှတော့ အဖြူလွှသွားချွန် ၉ခုပါရှိပါတယ်။ အဖြူရောင်က ငြိမ်းချမ်းခြင်းကို ရည်ညွှန်းပြီး ကြက်သွေးရောင်ကတော့ ၁၉ရာစု စစ်ပွဲများဖြစ်ပွားပြီး သွေးမြေကျခဲ့ရတာကို ရည်ညွှန်းပါတယ်။ လွှသွားချွန် ၉ ခုကတော့ ကာတာနိုင်ငံဟာ ၁၉၁၆ခုနှစ် ကာတာ-ဗြိတိန်စာချုပ် ချုပ်ဆိုအပြီး ပါရှန်းပင်လယ်ကွေ့ reconciled Emirates ရဲ့ ၉ခုမြောက် နိုင်ငံ ဖြစ်လာလို့ပါ။

၅။ ကာတာနိုင်ငံရဲ့ အထင်ရှားဆုံးနေရာတစ်ခုကတော့ ကာတာပုလဲ (The Pearl-Qatar) လို့ခေါ်တဲ့  လူလုပ်ကျွန်းဖြစ်ပါတယ်။ ဒိုဟာမြို့စွန်မှာရှိတဲ့ ဒီလူလုပ်ကျွန်းမှာ လူပေါင်း ၁၂၀၀၀ ခန့်နေထိုင်ပြီး တည်ဆောက်မှုကုန်ကျစရိတ်အနေနဲ့ကတော့ ဒေါ်လာ ၁၅ဘီလျံ ခန့်ကုန်ကျတယ်လို့ သိရပါတယ်။

၆။ နောက်ထပ်နာမည်ကြီးတဲ့နေရာတစ်ခုကတော့ Aspire Dome ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Indoor အမိုးခုံးကစားကွင်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘောလုံးကွင်း ၊ အပြေးပြိုင်ကွင်း ၊ အိုလံပစ်ရေကူးကန် ၊ ဘောလီဘော အပြင် အခြားအားကစားများအတွက် နေရာများစွာ ဒီတစ်နေရာတည်းမှာရှိနေပြီး ဒီကစားကွင်းကြီးတစ်ခုလုံးရဲ့ ရာသီဥတုကို အလိုရှိသလို ချိန်ညှိနိုင်ပါတယ်။

၇။ အပူချိန်အနေနဲ့ကတော့ အအေးဆုံးလတွေမှာ ၁၄ဒီဂရီဆဲစီးယပ် အထိကျဆင်းပြီး အပူဆုံးလတွေမှာတော့ ၄၂ ဒီဂရီဆဲစီးယပ် အထိပူပြင်းပါတယ်။

၈။ ကာတာဟာ ရေနံကလွဲလို့ ဘာမှမထွက်တဲ့အတွက် အစားအစာရဲ့ ၉၂% ခန့်ကို ဂျော်ဒန် ၊ ဆော်ဒီ ၊ ဆီးရီးယား စတဲ့ အခြားနိုင်ငံတွေကနေ တင်သွင်းရပါတယ်။ ကာတာမှာ သစ်တောဆိုတာလည်း မရှိတဲ့အတွက် သစ်တောထွက်ကုန်တွေကိုလည်း အခြားကနေ ဝယ်ယူရပါတယ်။

၉။ ကာတာရဲ့ အမြင့်ဆုံးတာဝါကတော့ အမြင့်ပေ ၉၈၀ပေ ရှိတဲ့ Aspire တာဝါဖြစ်ပါတယ်။ အထပ်ပေါင်း ၃၆ထပ်ရှိတဲ့ ဒီတာဝါကို ၂၀၀၇ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပါတယ်။

၁၀။ နိုင်ငံအများစုမှာ အမျိုးသမီးအရေအတွက်ဟာ အမျိုးသားအရေအတွက်ထက် များလေ့ရှိပေမယ့် ကတာမှာတော့ နေထိုင်သူ စုစုပေါင်းရဲ့ ၇သိန်းခန့်သာ အမျိုးသမီးတွေဖြစ်ပြီး ကျန် ၂သန်းနီးပါးက အမျိုးသားတွေဖြစ်တဲ့အတွက် ၃ဆပိုများတယ်လို့ ဆိုရမှာပါ။

၁၁။ ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Qatar Airways နဲ့ Al-Jazeera သတင်းဌာနတွေကို ပိုင်ဆိုင်ထားပါတယ်။

၁၂။ ကာတာရဲ့ တစ်ခုတည်းသော ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံထားရတာကတော့ ဒိုဟာနဲ့ Zubarah ခံတပ်ဖြစ်ပါတယ်။ ၎င်းကို ၁၈ရာစုက တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

၁၃။ အစိုးရဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကို အထူးစောင့်ရှောက်တဲ့နိုင်ငံဖြစ်ပြီး ၂၀၁၄ခုနှစ်တုန်းက ကျန်းမာရေးအတွက် ဒေါ်လာ ၄.၇ဘီလျံခန့်ကို ရင်းနှီးမြုပ်နှံပေးခဲ့ပါသေးတယ်။

၁၄။ ကာတာနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းက ၇၈.၂ နှစ် ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ပျမ်းမျှအသက်က ၈၀ ဖြစ်ပြီး အမျိုးသားတွေရဲ့ပျမ်းမျှအသက်ကတော့ ၇၇.၄နှစ် ဖြစ်ပါတယ်။

၁၅။ ကာတာနိုင်ငံရဲ့ ရက်သတ္တပတ်အဆုံး ရုံးပိတ်ရက်တွေကတော့ အခြားနိုင်ငံများလို စနေ နဲ့ တနင်္ဂနွေမဟုတ်ပဲ သေကြာ နဲ့ စနေနေ့တွေဖြစ်ပါတယ်။ အစတုန်းကတော့ ကြာသပတေး နဲ့ သောကြာကို သတ်မှတ်ခဲ့ပါသေးတယ်။

၁၆။ ကာတာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး Smart City ဖြစ်လာမယ့် Lusail မြို့တော်ကို တည်ဆောက်လျှက်ရှိum 80% လောက်တည်ဆောက်ပြီးနေပြီဖြစ်ပြီး ၂၀၂၀ ခုနှစ်လောက်မှ အားလုံးပြီးစီးမယ်လို့ သိရပါတယ် ။ ၁၅မိုင် စတုရန်းပေ ရှိတဲ့ ဒီမြို့တော်မှာ လူနေအိမ်တွေ ၊ လူလုပ်ကျွန်း အပန်းဖြေစခန်းတွေ ၊ ဈေးဝယ်စင်တာတွေ ၊ ကျောင်းတွေ နဲ့ ဆေးရုံတွေ ပါဝင်မှာဖြစ်ပါတယ်။ လူပေါင်း ၄၅၀၀၀၀ ခန့် အခြေချမယ့် ဒီမြို့တော်သစ်ရဲ့ ကဏ္ဍအားလုံးမှာ Smart နည်းပညာတွေကိုသာ သုံးစွဲထားတာဖြစ်ပါတယ်။

Myanmar Wiki
သုတဇုန်

 

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!