အင်မတန်ကျော်ကြားတဲ့ အမေရိကန် စက်မှုလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဟင်နရီဖို့ဒ် (Henry Ford) ဟာ ခေတ်စက်မှုလုပ်ငန်းမှာ လိုအပ်တဲ့ပစ္စည်းကို အမြောက်အမြား အကြီးအကျယ် ထုတ်နိုင်တဲ့နည်းပညာကို အများတကာလုပ်နိုင်တာထက် သူတစ်ယောက်တည်းက ပိုပြီးဖြစ်ထွန်းအောင် လုပ်နိုင်ပါတယ်။ ဒီလိုလုပ်နိုင်လို့ သူတို့တစ်နိုင်ငံလုံး လူနေမှုစနစ်ကို အများကြီးတိုးမြှင့်နိုင်သလို နောက်ဆုံး ကမ္ဘာနဲ့ချီပြီး တိုးမြှင့်အောင် လုပ်နိုင်ပါတယ်။
၁၈၆၃ခုနှစ်က အမေရိကန် မီချီဂန် (Michigan)ပြည်နယ် ဒီရားဗွန် (Deerborn) မြို့မှာ ဖို့ဒ်ကို မွေးပါတယ်။ အသက် ၁၅နှစ် အရွယ်မှာ သူငယ်ချင်းများ နဲ့ အိမ်နီးချင်းများရဲ့ နာရီ ဒါဇင်ပေါင်းများစွာကို ဖြုတ်ရင်းတပ်ရင်းဖြင့် ကျွမ်းကျင်သော နာရီပြင် သမားတစ်ဦး ဖြစ်လာခဲ့တယ်။ ၁၈၇၆ ခုနှစ်မှာ မိခင် ကွယ်လွန်ခဲ့တာကြောင့် များစွာ စိတ်ဓာတ်ကျ စိတ်ဆင်းရဲ ခဲ့ရပါတယ်။ ဖခင်ဖြစ်သူက ဖို့ဒ်အား လယ်ယာလုပ်ငန်းများကို ဆောင်ရွက်စေလိုသော်လည်း ဖို့ဒ်သည် လယ်ယာ လုပ်ငန်းအား များစွာစက်ဆုပ်ခဲ့ပါတယ်။ နောင်အခါတွင် ဖို့ဒ် က မိမိသည် လယ်ယာများကို လုံး၀ ချစ်ခင်သူမဟုတ်ဘဲ လယ်ယာမြေ ပေါ်တွင် အလုပ်လုပ်နေသည့် မိခင်ကိုသာ ချစ်မြတ်နိုး ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
သူက အထက်တန်းကျောင်း ရောက်အောင်အထိ ကျောင်းနေဖူးသူမဟုတ်ပါ။ သဒ္ဒါကျောင်းဆိုတဲ့ ကျောင်းကလေးမျိုးမှာနေပြီး တစ်ခါတည်း ဒက်ထရွိုက် (Detroif) က စက်ဆရာတစ်ဦးဆီမှာ အလုပ်သင်ဝင်တယ်။ စက်ပြင်တတ်လာတယ်။ ပြီးတော့ ဝက်စတင်းဟောက်စ်ကုမ္ပဏီအတွက် ရေနွေးငွေ့စက်တွေပြင်တယ်။ အင်ဂျင်နီယာဖြစ်လာတယ်။ ကားလ်ဗဲ့န်ဇ် (Karl Benz) နဲ့ ဂေါ့တလစ်ဗ်ဒိန်မလာ (Gottliev Daimler) တို့ (တစ်ကွဲစီ) လူတွန်းမြင်းဆွဲမပါဘဲ သူ့အားနဲ့သူသွားတဲ့ကားကို ထွင်ပြီးရောင်းချတဲ့ ၁၈၈၅ က ဖို့ဟာ လူငယ်ကလေးပဲ ရှိသေးတယ်။ ဖို့ဒ်ဟာ ‘မြင်းမဆွဲတဲ့လှည်း’ ကို ချက်ချင်း သိပ်စိတ်ဝင်စားလာတယ်။
ဒီတော့ ၁၈၈၆ မှာ သူ့ဘာသာ ပုံစံသစ်ထွင်ပြီး အပြင်တွန်းအားဆွဲအား မပါဘဲ အလိုလိုသွားတဲ့ ကားကို တီထွင်ကြည့်ပါတယ်။ ၁၈၉၁ ခုနှစ်မှာ ဖို့ဒ်ဟာဓာတ်ဆီကို လောင်စာအဖြစ် အသုံးပြုတဲ့ အင်ဂျင်စက်ငယ်ကို ပုံစံထုတ်ခဲ့ပါတယ်။ သောမတ် အက်ဒီဆင်က ကမ်းလှမ်လို့ သူ့ကုမ္ပဏီမှာ အင်ဂျင်နီယာချုပ်အဖြစ်ဝင်လုပ်ခဲ့ပါသေးတယ်။ လူကတော်ပေမယ့် အခုအစ စမ်းသပ်ချက်နှစ်မျိုးစလုံး မအောင်မြင်ပါ။ တကယ်လို့သာ ဖို့ဒ်ဟာ အသက်လေးဆယ်နဲ့ သေသွားပါရင် ဘာမျှအောင်မြင်အောင် လုပ်မသွားနိုင်ခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ဖို့ဒ်က လွယ်လွယ်နဲ့ စိတ်လျှော့တတ်တဲ့လူမျိုး မဟုတ်ပါ။ ၁၉၀၃ မှာ ထပ်ပြီး ကြိုးစားကြည့်သေးတယ်။ အခု တတိယအကြိမ် ကြိုးစားတဲ့အခါ ဖို့ဒ်မော်တော်ကုမ္ပဏီက အောင်မြင်လာပြီဖြစ်လို့ စီးပွားဖြစ်တယ်။ နာမည်ကြီးတယ်။
အကြာအရှည် နာမည်ကြီးရတဲ့အကြောင်းရင်းမှာ ဖို့ဒ်ရဲ့အခြေခံစွဲမြဲချက်တစ်ခုကြောင့် ဖြစ်တယ်။ အစောပိုင်းက ကြော်ငြာတစ်ခုမှာ ဒီခံယူချက်ကို အခုလို ဖော်ပြထားပါတယ်။ နေ့စဉ်မညှာမတာသုံးလည်း ဆက်ပြီးတောင့်တင်းခိုင်မာတဲ့ ယာဉ်ရထားကို လုပ်ပြီးရောင်းမယ်ဆိုရင်- လုပ်ငန်းလုပ်ရင်လုပ်၊ အသက်မွေးဝမ်းကြောင်း လုပ်ရင်လုပ်၊ အိမ်သုံးလုပ်ရင်လုပ်၊ စက်ကို လင်မယားသားသမီးမကျန် အားလုံးက ကျစ်လျစ်တယ်၊ ရိုးတယ်၊ ဘေးဖြစ်မှာမကြောက်ရဘူး၊ သုံးတဲ့နေရာမှာလည်း လွယ်ကူတယ်။ ပြီးတော့ နောက်ပြောပေမယ့် အရေးပါတဲ့အချက်က ဈေးမကြီးဘူး။ ဒီတော့ လူအများသုံးစွဲနိုင်တယ်။ တခြားစက်တွေကို တောင်းတဲ့ဈေးက ခေါင်ခိုက်နေတယ်။ သူလုပ်တဲ့ စောစောကပုံစံတွေက အသင့်အတင့်ကောင်းပါတယ်။ ဒါပေမယ့် အခုပုံစံလို အရည်အချင်းမမြင့်ပါ။
ကျော်ကြားတဲ့ပုံစံကို ၁၉၀၈ မှာစပြီး တီထွင်ရောင်းချတဲ့အခါ စိတ်ကြိုက်နီးနီး ကောင်းနေပါပြီ။ ထွက်ဖူးသမျှကားတွေထဲမှာ အစွံဆုံးကားဖြစ်ပါတယ်။ နောက်ဆုံးအရေအတွက် ၁၅ သန်းရောင်းရတယ်။ စောစောကပဲ ဖို့ဒ်က သူ့ကားတွေကို ဈေးပေါပေါနဲ့ ရောင်းမယ်ဆိုရင် ကားတစ်စီးဖြစ်ဖို့ ကုန်ကျစရိတ်နည်းရမယ်လို့ တွက်ထားပြီးသား ဖြစ်တယ်။ အဲဒီလိုဆိုရင် သူ့စက်ရုံမှာ ပစ္စည်းထုတ်လုပ်နည်းဟာ အင်မတန်ကောင်းရမယ်။
(က) စက်အစိတ်အပိုင်းတွေကို လွယ်လွယ်နဲ့ ဖြုတ်လဲနိုင်ရမယ်။
(ခ) သူ့နေရာနဲ့သူ၊ သူ့တာဝန်နဲ့သူ ဆစ်ပိုင်းပြီး အသုံးဝင်ရမယ်။
(ဂ) စက်ကို နောက်ဆုံးအပြီးသတ် တပ်ဆင်တဲ့အရာမှာ လွယ်ကူရမယ်။
ဒါတွေအားလုံးဟာ လုပ်သားတိုင်း အစွမ်းကုန်အလုပ်လုပ်နိုင်အောင် ပံ့ပိုးပေးတဲ့ အချက်တွေဖြစ်ပါတယ်။ အရေးကြီးတာက လုပ်သားရဲ့အချိန်ကို အလဟဿမကုန်စေရလို့ ဖို့ဒ်က နားလည်ထားပါတယ်။ လိုတဲ့ကိရိယာတွေကို ထသွားပြီး သယ်ယူရတာမျိုး မဖြစ်စေရအောင် လုပ်သားလက်ထဲ အရောက်ပို့ပေးထားတယ်။ အနည်းဆုံး မြေပြင်က ကောက်ယူပြီး မတင်နေရလို့ အချိန်မကုန်ရအောင်၊ လူမပင်ပန်းရအောင် သယ်ပေးစေတယ်။ မတင်ပြီးတပ်ဆင်ဖို့ အနီးအပါးရွှေ့ပေးထားတယ်။ အလုပ်သမားဆီကိုလိုသမျှပစ္စည်းတွေရောက်အောင် သယ်ပို့တဲ့အခါ လွယ်အောင် ခါးပတ်တွေကို သုံးပါတယ်။ လျှောတိုက်ပြီးပို့တဲ့နည်းကိုလည်း သုံးတယ်။ ခေါင်းပေါ်က ကြိုးတန်းနဲ့ လှည်းကလေးတွေနဲ့လည်း ဆွဲယူပေးပါတယ်။
လိုချင်တဲ့ပစ္စည်း ရောက်လာလို့ရှိရင်လည်း ခါးလယ်တည့်တည့်လောက် ပို့လိုက်လို့ လုပ်သားက လိုချင်တဲ့ကိရိယာကို မြန်မြန်ဆွဲယူနိုင်ခွင့်ရတယ်။ ကုန်ထုတ်နည်းကို သေသေချာချာ စစ်ဆေးတယ်။ ပိုပြီးကောင်းမယ့်နည်းကို အမြဲရှာကြည့်မယ်၊ အလုပ်ရခက်တဲ့နည်းဆိုရင် လုပ်နည်းအစိုင်အခဲကို တစ်စုစီခွဲပြီး လုပ်ကြည့်တယ်။ အဲဒီအခါ မကျွမ်းကျင်တဲ့လုပ်သားတောင် လုပ်နိုင်တာကို တွေ့ပါတယ်။ လုပ်သားတချို့က အသိဉာဏ်နည်းတယ်၊ ပညာလည်း နည်းတယ်၊ အဲဒီလို အခက်အခဲတွေစုံနေရင် အကြာကြီးလေ့ကျင့်ခန်းပေးဖို့ လိုမယ်။ ဒီလိုစိတ်ကူးတွေကို ဖို့ဒ်က စတင်တွေးတောတတ်တာ မဟုတ်ပါ။ အဲလီဝှစ်တနေ (Eliwhitney) က အင်္ဂါအစိတ်အပိုင်းတွေ ပိုပြီးကောင်းအောင်၊ ပိုပြီးလွယ်အောင် လဲလှယ်ပြောင်းရွှေ့သုံးနိုင်နည်းကို အရင်အနှစ်တစ်ရာကျော်ကပဲ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။ ဒါမျိုးကို အင်မတန်လုပ်တတ်တဲ့ ဖရက်ဒရစ်ဝင်စလိုတေလာ (Frederick Winslow Taylor) က ဒီလိုစိတ်ကူးတွေထဲ စာနဲ့ချပြီးတောင် ရေးထားခဲ့ပါသေးတယ်။
ငယ်ငယ်လုပ်ငန်းရှင်တချို့က ဒီနည်းတွေကို စမ်းသပ်ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီစိတ်ကူးတွေကို တကယ်စိတ်ပါဝင်စားပြီး အသုံးချဖြစ်အောင်ချတဲ့ လုပ်ငန်းကြီးပိုင်ရှင်ထဲမှာတော့ ဖို့ဒ်က ပထမဆုံးလို့ဆိုနိုင်ပါတယ်။ ရလဒ်ကတော့ အံ့သြဖွယ်ကောင်းလောက်အောင် ကြီးကျယ်ပါတယ်။ ၁၉၀၈ ခုမှာ မိုဒယ်တီ (Model T) ကားကို အပေါ်ဆုံးဈေးဖြစ်တဲ့ ဒေါ်လာ ၈၂၅ နဲ့ ရောင်းနိုင်ပါတယ်။ ၁၉၁၃ ရောက်တဲ့အခါ ရောင်းဈေးဟာ ဒေါ်လာ ၅၀၀ ထိ ကျသွားပါတယ်။ ၁၉၁၆ မှာ ဒေါ်လာ ၃၆၀၊ နောက်ဆုံး ၁၉၂၆ မှာ လက်လီနှုန်းဟာ ဒေါ်လာ ၂၉၀ ထိ ရောက်သွားတယ်။ တန်ဖိုးကျလေ အရောင်းသွက်လေ ဖြစ်လာပါတယ်။ အမေရိကဆိုတာလည်း ‘တစ်နိုင်ငံလုံး ဘီးတပ်ထားသလား’ ထင်ရပါတယ်။ ဖို့ဒ်ဟာလည်း ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတော့တယ်။
ဖို့ဒ်ရဲ့လုပ်သားတွေဆိုရင် ထွက်ကုန်အမြင့်ဆုံး ထုတ်နိုင်တဲ့လူတွေ ဖြစ်လာတယ်။ အဲဒီတော့ သူကလည်း အဲဒီလူတွေကို လခအများဆုံး ပေးနိုင်ပါတယ်။ ၁၉၁၄ မှာ စက်မှုကမ္ဘာက အံ့သြရတဲ့ အနည်းဆုံးအခကို သူ့အလုပ်ရုံကြီးတွေမှာ တစ်နေ့ငါးဒေါ်လာ (ဟိုအခါက သိပ်များတဲ့အခကို ပေးလိုက်နိုင်တာ) ဖြစ်ပါတယ်။ အရင်က ကုမ္ပဏီတစ်ခုလုံးရဲ့ ပျမ်းမျှအခထက် နှစ်ဆနီးပါးမြင့်လာခြင်း ဖြစ်ပါတယ်။ မြင့်မားတဲ့ လုပ်ခအသစ်နှုန်းကို ဖို့ဒ်က တစ်နိုင်ငံလုံးက လိုက်ပေးနိုင်အောင် ရှေ့ဆောင်ခဲ့လို့ စက်ရုံလုပ်သားတွေဟာ အရင်ကလို မဆင်းရဲကြတဲ့အပြင် လူလတ်တန်းစား (middle class) ဖြစ်လာကြပါတယ်။
ဖို့ဒ်ရဲ့ အသစ်တီထွင်ချက်ဟာ အခုပြောခဲ့ပြီးတာထက်ပိုပြီး ကျယ်ပြန့်အောင် အကျိုးပြုပါသေးတယ်။ သူက ပစ္စည်းကို အများကြီးထွက်အောင်လုပ်နည်းကို လျှို့ဝှက်မထားပါ။ အဲဒါထက် ပိုသေးတယ်။ သူက လုပ်နည်းကောင်းကို ကြော်ငြာပြီး ပြန့်ပွားအောင် ဆောင်ရွက်ပါတယ်။ သူ အောင်မြင်ပုံကို တခြားအလုပ်ရှင်တွေက တွေ့တဲ့အခါ သူ့ကုန်ပစ္စည်းထုတ်လုပ်နည်းကို လိုက်လုပ်ကြတယ်။ ရလဒ်က တစ်နိုင်ငံလုံးမှာ အကြီးအကျယ် ထွက်ကုန်တွေများလာတယ်။ တိုးလာတယ်။ တစ်နိုင်ငံအဆင့်က တစ်ကမ္ဘာလုံးအဆင့်ထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဖို့ဒ်ဟာ ဘဏ္ဍာရေးအောင်ပွဲကြောင့် နိုင်ငံရေးမှာ ပိုပြီးတွင်ကျယ်အောင် လှုပ်ရှားလာပါတယ်။ ဒါပေမယ့် သူ စိတ်ပျက်စရာတွေသာ တွေ့ရပါတယ်။ အပင်ပန်းခံပြီး ငြိမ်းချမ်းရေးဟောပြောပေမယ့် သူ့စကားတွေကို ဘယ်သူမှ မလေးစားလို့ ပထမကမ္ဘာစစ်ကြီး ပေါ်ခဲ့ရတယ်။
၁၉၂၀ ကျော်တဲ့အခါ ဆီးမိုက်ဆန့်ကျင်ရေး (Anti – Semitic propaganda) လုပ်ကြည့်တဲ့အခါ သူ့မှာသာ နာမည်ပျက်ရတယ်။ ဒီလိုနဲ့ သူဟာ နိုင်ငံရေးနယ်က နုတ်ထွက်ရတဲ့အထိ ဖြစ်လာပါတယ်။ ၁၉၃၀ ကျော်တဲ့အခါ လုပ်သားသမဂ္ဂတွေ သူ့ကုမ္ပဏီတွေမှာ ရောက်မလာအောင် အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒါနဲ့ သူ့လုပ်သားတွေက သူ့ကိုမုန်းလာပါတယ်။ ကုမ္ပဏီမှာလည်း ဘာမှအကျိုးမရှိ၊ ဒါနဲ့ ဒီကိစ္စမှာ သူ လုံးဝလက်လျှော့ခဲ့ရပါတယ်။ ဖို့ဒ်ကို လူအများစုသိကြတာက ကားထုတ်လုပ်တာပါ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်တုန်းက ဖို့ဒ်က သူ့ကားစက်ရုံတွေကို လေယာဉ်ပျံစက်ရုံတွေအဖြစ်ပြောင်းလဲခဲ့ပြီး B24 ဗုံးကြဲလေယာဉ်တွေ ထုတ်ခဲ့ပါသေးတယ်။ သတ္ထုငန်းရိုင်းလို့ ထင်ရှားခဲ့တဲ့ ( Ford 4AT Trimotor ) လေယာဉ်ကတော့ အထူးအောင်မြင်ခဲ့ပါတယ်။
တကမ္ဘာလုံးအလုပ်သမားတွေအတွက် တစ်နေ့အလုပ်ချိန် ၈နာရီသတ်မှတ်ရေးအတွက် သူ့အလုပ်သမားတွေကို သူကိုယ်တိုင် ဆန္ဒပြခိုင်းခဲ့ပါတယ်။ forbes မဂ္ဂဇင်းရဲ့ ၂၀၀၈ခုနှစ် တွက်ချက်မှုအရ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၈၁ဘီလျံ ရှိပါတယ်။ လိုအပ်သူများအတွက် ပညာရေး ၊ ကျန်းမာရေး စတာတွေကို ကုသိုလ်ဖြစ်အဖွဲ့အစည်းဖြစ်တဲ့ ဖို့ဒ်ဖောင်ဒေးရှင်း ကို ထည်ထောင်ကာ ဘီလျံပေါင်းမြောက်များစွာ လှူဒါန်းခဲ့တဲ့ သူဌေးကြီးဟင်နရီဖို့ဒ်ဟာ ၁၉၄၇ ဧပြီ ၇ရက်နေ့ အသက် ၈၃နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သွားခဲ့တာ နှစ်ပေါင်း ၇၀ကျော်ပြီဖြစ်ပေမယ့် သူစတင်ခဲ့တဲ့ ဖို့ဒ်ကားတွေကတော့ ယနေ့ထက်တိုင် နာမည်ကျော်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။
ကျော်စွာ ၁၀၀ – ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း