လေသင်္ဘောကြီးတွေရဲ့ သမိုင်းကြောင်း

Posted on

လေသင်္ဘောဆိုသည်မှာ ဓာတ်ငွေ့ဖြင့် ပျံသန်းရသော သို့မဟုတ် လေထက်ပေါ့သော ယာဉ်တစ်မျိုး ဖြစ်ပြီး ပဲ့နှင့် ပန်ကာများကို အသုံးပြု၍ သို့မဟုတ် အခြား တွန်းထုတ်သော နည်းလမ်းများကို အသုံးပြု၍ ထိန်းချုပ်မောင်းနှင်ရသော လေယာဉ်တစ်မျိုးဖြစ်သည်။

အတောင်ပံပါသော လေယာဉ်ပျံများ နှင့် ရဟတ်ယာဉ်များကဲ့သို့ အတောင်ပံကို လေထဲတွင် ရွေ့လျားခြင်းကြောင့် ပျံသန်းသည့် ယာဉ်မျိုးမဟုတ်ဘဲ လေသင်္ဘောများနှင့် မီးပုံးပျံများမှာ ကျယ်ပြန့်သော ကိုယ်ထည် အတွင်းတွင် ဓာတ်ငွေ့များကို ဖြည့်သွင်းခြင်းအားဖြင့် လေပေါ်တွင် ပျံသန်းခြင်း ဖြစ်သည်။

ရှေးဦးစွာ လေသင်္ဘောကို တက်မ ဖြင့်သွားလာနိုင်အောင် ကြံစည်ကြသော်လည်း မအောင်မြင်ခဲ့ကြချေ။ ပြင်သစ်လူမျိုး Jean-Pierre Blanchard နဲ့ အမေရိကန်လူမျိုး John Jeffries တို့ဟာ ၁၇၈၅ခုနှစ်မှာ အင်္ဂလိပ်တူးမြောင်းကို ဟိုဒရိုဂျင်ဘောလုံးနဲ့ ဖြတ်ပျံသန်းခဲ့ကြသည်။ ဒါသည်ပင် လေသင်္ဘောတွေရဲ့ အစဖြစ်လေသည်။

ပထမဆုံးလေသင်္ဘောကို ၁၈၅၂ခုနှစ် မှာ ပြင်သစ်အင်ဂျင်နီယာ Henri Giffard က တီထွင်ခဲ့သည်။ သူ၏လေသင်္ဘောမှာ အလယ်တွင် ပိုက်ပူ၍ အဖျားရှူးသော လွန်းအိမ်ပုံသဏ္ဌာန်ရှိသည့် ပြီး ရေနွေးငွေ့ဖြင့်မောင်းနှင်သည့် စက်တစ်လုံးတပ်ဆင်ထားခြင်းဖြစ်သည်။ ပါရီမြို့မှာပြသခဲ့ပြီး တစ်နာရီ ၆မိုင်နှုန်း နဲ့ ၂၀မိုင်အထိ စီးနင်းပြနိုင်ခဲ့သည်။

လေသင်္ဘောတွင် မော်တာဖြင့် လည်စေသည့် ရဟတ်ကို ပထမ စ၍ တပ်ဆင်ပြိးလပျံသန်းနိုင်ခဲ့သူမှာ အယ်လဗာတိုဆန်းတော့ ဒျူးမောင့် ဆိုသူဖြစ်၏။ သူသည် ၁၉ဝ၃ ခုနှစ် အောက်တိုဘာလတွင် လေသင်္ဘောကို ပျံသန်းကြည့်ရာ တစ်နာရီလျှင် ၁၉ မိုင်နှုန်းမျှနှင့် ပျံသန်းနိုင်ခဲ့လေသည်။ ခေတ်မီသော လေသင်္ဘောများကို ဂျာမန်လူမျိုး ကောင့်ဖာဒီနန်ဖွန် ဇက်ပလင်( Ferninand Von Zeppelin) ဆိုသူက စတင်၍ ဆောက်လုပ်နိုင်ခဲ့၍ ဆောက်လုပ်သော လေ သင်္ဘောများကိုလည်း ဇက်ပလင်ဟုပင်ခေါ်ကြသည်။

လေသင်္ဘော၏ကိုယ် ထည်ကို အလျူမီနီယမ်သတ္တုဖြင့် ဆောက်လုပ်၏။ ကိုယ်ထည်ကို အရောင် တင်ဆေးသုတ်ထားသော ပိုးပိတ်ဖြင့် ဖုံးအုပ်၍ အထဲတွင် ဓာတ်ငွေ့အိတ် အမြောက်အမြားကို ထည့်ထားသည်။

ရဟတ်များကိုမူ စက်တွင်မဟုတ်ဘဲ ဇက်ပလင်၏ကိုယ်ထည်တွင် တပ်ဆင်ထား၏။ ထို့နောက် ထိုဇက်ပလင်ကို ကောင်းကင်၌ ခုတ်မောင်းကြည့်သောအခါ ကောင်းစွာအောင်မြင်သည်ကို တွေ့ရလေသည်။

၁၉ဝဝ ပြည့်နှစ်အတွင်း၌ ပထမဇက်ပလင်ကို စမ်းသပ်ခဲ့၍ ထို ဇက်ပလက်သည် တစ်နာရီလျှင် ၁၈ မိုင်နှုန်းဖြင့် လိုရာခရီးသို့ သွားနိုင်ခဲ့ သည်။ ၁၉ဝ၆ ခုနှစ်တွင် ဒုတိယဇက်ပလင်ကိုပြုလုပ်ကာ ဆွစ်ဇာလန် နိုင်ငံသို့ ပျံသန်းခဲ့သည်။

ထို့နောက် ပေါ်ပေါက်လာသော ဇက်ပလင်သည် တစ်နာရီ ၂၃ မိုင်နှုန်းမျှနှင့် ပျံသန်းနိုင်ခဲ့ပြီးလျှင် သွားလိုသည့်ဘက်ကို လည်း လွယ်ကူစွာနှင့်ပင် သွားနိုင်ခဲ့သည်။ ဓာတ်အိမ်ပျံဖြင့် လိုရာသွားနိုင် ခြင်းကို ထိုပုဂ္ဂိုလ်ကြီးက စ၍တီထွင်ခဲ့သည်ဟု ဆိုရပေမည်။

ဂျာမန်အစိုးရသည် စစ်မက်ဖြစ်ပွားသော အခါတွင်ဇက်ပလင်များ အသုံးဝင်မည်ကိုသိသဖြင့် ပစ္စည်းဥစ္စာ ကုန်ခန်းသလောက် ဖြစ်နေပြီဖြစ်ဖြစ် သောကြောင့် ဇက်ပလင်အားအစိုးရကိုယ်တိုင် ငွေအားဖြင့် ကူညီခဲ့လေသည်။

၁၉၁၄ ခုနှစ်၌ ပထမကမ္ဘာစစ် ပေါ်ပေါက်လာသောအခါ ဂျာမနီနိုင်ငံတွင် ဇက်ပလင်တပ်ကြီးတစ်တပ် ရှိနေလေပြီ။ ထိုလေတပ်ဖြင့် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံများသို့သွားရောက်ကာ ဗုံးများကိုကြဲချရန်ဖြစ် သည်။

သို့ရာတွင် ဇက်ပလင်များမှာ ကိုယ်ထည်ကြီးမားသဖြင့် အောက်မှ ပစ်ခတ်သော အမြောက်ကျည်ဆံများဘေးမှ မလွတ်ကင်းသည့်ပြင် လျင်မြန် စွာ ပျံသန်းနိုင်သည့် လေယာဉ်ပျံကလေးများက ပတ်ချာဝိုင်းပျံသန်း၍ မီး လောင်စေတတ်သည့် ကျည်ဆံများဖြင့် ပစ်ခတ်ခြင်းကိုခံကြရကာ မီး လောင်ပျက်ကျကြသည်ကများသဖြင့် စစ်ဘက်၌အသုံးပြုရန် ကောင်းမွန်လှ သည်ဟု မဆိုသာပေ။

သို့သော် ငြိမ်းချမ်းလျက်ရှိသော အခါများတွင်မူ ကုန် စည်တင်ဆောင်ရေးအတွက် များစွာအရေးပါနိုင်ပေသည်။ ၁၉၁၉ ခုနှစ်တွင် ဗြိတိသျှတို့ကလည်း ဇက်ပလင်ကဲ့သို့သော လေသင်္ဘောကို ပြုလုပ်နိုင်ခဲ့ပြီးလျှင် အန္တလန္တိတ်သမုဒ္ဒရာကိုပင် ဖြတ်ကျော် နိုင်ခဲ့သည်။

အမေရိကန်နိုင်ငံသို့ ပျံသန်းကြည့်ရာ အောင်မြင်ပြီးလျှင် အပြန် ခရီးတွင် ပို၍လျင်မြန်စွာ ပျံသန်းနိုင်ခဲ့လေသည်။ စစ်အတွက်ပြုလုပ်သော ဇက်ပလင်တို့တွင် မော်တော်စက်များကို တပ်ဆင်ထားလေ့ရှိကြ၍ ထိုစက်များကို ဇက်ပလင်ကိုယ်ထည်၏ ရှေ့၊ အလယ်နှင့် နောက်ပိုင်းတို့တွင်ရှိသော အိမ်ကလေးများတွင် တပ်ဆင်ထား ကြသည်။

ဗြိတိန်နိုင်ငံတွင် ပထမ လေသင်္ဘော ၁ဝဝ နှင့် လေသင်္ဘော ၁ဝ၁ တို့ကို ဆောက်လုပ်ကြပြန်သည်။ ၁ဝဝ သည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းခဲ့၏။ သို့သော် ၁ဝ၁ မှာမူ ၁၉၃ဝ ပြည့် နှစ်၊ အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသို့ပျံသန်းခဲ့စဉ် ပြင်သစ်နိုင်ငံ၌ ပျက်ကျသဖြင့် လူပေါင်း ၄၆ ယောက်မျှ သေဆုံးခဲ့ရလေသည်။

ထို လေသင်္ဘောပျက်စီးပြီးနောက် ၁ဝဝ ကိုလည်း အသုံးမပြုကြတော့ချေ။ နောက်ထပ်၍လည်း လေသင်္ဘောများကို မဆောက်လုပ်ကြတော့ချေ။ ဂျာမနီနိုင်ငံမှ ကုန်စည်နှင့်လူများကို တင်ဆောင်သော ဟင်ဒင် ဗတ်(Hindenburg ) ခေါ် လေသင်္ဘောကိုဆောက်တည်ခဲ့သည်။ ထိုလေသင်္ဘောသည် တစ်နှစ် ကုန်ဆုံးသောအခါ ၁၉၃၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု လိတ်ဟတ် မြို့တွင် ပျက်ကျသွားလေသည်။ ထိုပျက်ကျမှုတွင် လူပေါင်း ၃၆ဦး သေဆုံးခဲ့သည်။

ဂျာမနီနိုင်ငံတွင် ၁၉၂၇ ခုနှစ်က ဂရပ် အမျိုးအစား ဇက်ပလင်လေသင်္ဘောတစ်စင်း(Graf Zeppelin )ကို ဆောက်လုပ်ခဲ့သေးသည်။ ထိုလေသင်္ဘောသည် ပျံသန်းမှုပေါင်း ၅၉၀ကြိမ်ခန့်ပြုလုပ်ခဲ့ပြီး ထိုအထဲတွင် အတ္တလန်တစ်သမုဒ္ဒရာ ကို အကြိမ်ပေါင်း ၁၄၄ကြိမ် ဖြတ်ပျံသန်းမှု ပါဝင်ခဲ့သည်။ထိုလေသင်္ဘောကို ၁ဝ နှစ်ခန့် အသုံးပြုရပြီးလျှင် ၁၉၃၈ ခုနှစ်တွင် ဒုတိယ ဂရပ်ဇက်ပလင်တစ်စင်းကို ထပ်မံဆောက်လုပ်ကြပြန်ရာ ပေပေါင်း ၈ဝ၃ မျှ ရှည်လျားလေသည်။

ပထမကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စုမှ အလွန်ကြီး မားသော လေသင်္ဘောသုံးစင်း ဆုံးရှုံးခဲ့၏။ ထိုလေသင်္ဘောများနှင့်အတူ လူ ပေါင်း ၉ဝ လည်းသေကြေပျက်စီးခဲ့ရသည်။ လေသင်္ဘောများသည် ပျက်စီး ခြင်းဘေးနှင့် မကြာခဏ တွေ့ကြုံခဲ့ရ၏။ လေသင်္ဘော ခရီးသွားခြင်းသည် ၁၉၃၀ ဝန်းကျင်တွင် နည်းပါးကာ တဖြည်းဖြည်းရပ်တန့်သွားခဲ့သည်။

အကြောင်းမှာ တည်ဆောက်စရိတ်ကြီးမြင့်ခြင်း ၊ ထိမ်းသိမ်းစရိတ်ကြီးမြင့်ခြင်းနှင့် အန္တရာယ်ရှိပြီး မုန်တိုင်းနဲ့ ကြုံတဲ့အခါ မကြာခဏ ပြတ်ကျမှုတွေဖြစ်ခဲ့တာကြောင့် ဖြစ်သည်။ သို့ရာတွင် စစ်အတွင်း အသုံး ကျခဲ့ပုံများကို မမေ့နိုင်ကြသည့်အတိုင်း အချို့နိုင်ငံမှ လေသင်္ဘောများကို တစ်မျိုးတစ်ဖုံ ပြုပြင်ပေးပြီးလျှင် ပြန်လည်အသုံးပြုကောင်းပြုစရာရှိပေသည်။