လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကာလကတည်းက စစ်ပွဲတွေကို ဆင်နွဲခဲ့ကြပါတယ်။ ဒီလို ဆင်နွဲရာမှာ တဖက်ရန်သူရဲ့ ဓား ၊ လှံ ၊ မြှား လက်နက်တွေကို ကာကွယ်နိုင်ဖို့အတွက် သံချပ်ကာ (ဝါ) ချပ်ဝတ်တန်ဆာတွေကို တီထွင်အသုံးပြုခဲ့ကြပါတယ်။ ရှေးခေတ်အခါက ဒီလို သံချပ်ကာဝတ်စုံဖန်တီးရတာဟာ ဈေးကြီးပြီး မလွယ်ကူလှတဲ့အတွက် စစ်သည်တိုင်း ဝတ်ဆင်ခွင့်မရပဲ ဘုရင် ၊ မင်းသား ၊ ဗိုလ်ချုပ် နဲ့ ခေါင်းဆောင်အကြီးအကဲတွေပဲ ဝတ်ဆင်ခွင့်ရကြပါတယ်။ ဒီတခါတော့ သမိုင်းတလျှောက် ကမ္ဘာတလွှားမှာ ဝတ်ဆင်ခဲ့ကြတဲ့ သံချပ်ကာ ဝတ်စုံတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်။
၁။ မိုက်ဆီးရီးယန်း ဒန်ဒရာ ချပ်ဝတ်တန်ဆာ (ဘီစီ ၁၅ရာစု)
ဒီဝတ်စုံကတော့ ဘီစီ ၁၅ရာစု ကာလ မိုက်ဆီးရီးယန်းခေတ်မှာ ရှေးဂရိစစ်သည်တွေ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီသံချပ်ကာ ဝတ်စုံတွေကို ဒန်ဒရာ ကျေးရွာအနီးမှာ ရှာဖွေတွေ့ရှိမှုကြောင့် ဒန်ဒရာ ချပ်ဝတ်တန်ဆာလို့ အမည်တွင်ရခြင်း ဖြစ်ပါတယ်။ ကြေးပြားတွေ နဲ့ ဖန်တီးထားတဲ့ ဒီဝတ်စုံကို ပြန်လည်ရှာဖွေတွေ့ရှိစဉ်က အစိတ်အပိုင်း ၁၅ ခု ကွဲနေခဲ့ပြီဖြစ်ပါတယ်။ ကိုယ်လုံးပြည့်ဝတ်စုံဖြစ်ပြီး လည်ပင်းကိုပါ အကွာအကွယ်ပေးနိုင်စေရန် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ဒီဝတ်စုံကို ဂရိနိုင်ငံက နက်ဖ်ပလီအွန်ပြတိုက်မှာ ပြသထားပါတယ်။
၂။ ပါရှန်းအင်မော်တယ် ချပ်ဝတ်တန်ဆာ (၆ရာစု -၅ရာစု ဘီစီ)
ဒီချပ်ဝတ်တန်ဆာတွေကိုတော့ ဘီစီ ၆ရာစု ကာလက ပထမပါရှန်းအင်ပါယာရဲ့ အင်မော်တယ်စစ်တပ်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ စစ်သည်အင်အား ၁သောင်း အမြဲရှိတဲ့ တပ်ဖြစ်ပြီး အင်အားလျှော့နည်းတာနဲ့ အခြားတပ်ကနေ စစ်သည်တွေရွေးချယ်ပြီး ၁သောင်းပြည့်အောင် ဖြည့်လေ့ရှိတဲ့ တပ်ပါ။ သူတို့ရဲ့ ချပ်ဝတ်တန်ဆာတွေကိုတော့ သံနဲ့ ပြုလုပ်ထားပြီး ငါးအကြေးခွံကွက်သဏ္ဍာန် ရှိပါတယ်။
၃။ လော်ရီကာ ဆက်မန်တန်တာ ( ဘီစီ ၁ရာစု – အေဒီ ၃ရာစု )
ဒီချပ်ဝတ်တန်ဆာတွေကိုတော့ ဘီစီ ၁ရာစုကနေ အေဒီ ၃ရာစု ကာလအတွင်း ရောမအင်ပါယာ စစ်သည်တွေ ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီချပ်ဝတ်တန်ဆာဟာ သူတို့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ပခုံးသားတွေကို ကာကွယ်ပေးထားပါတယ်။ သံချပ်ပြားတွေကို အထပ်ထပ်ဆင့်ကာရေပြင်ညီလိုက် ၊ ဒေါင်လိုက် မျဉ်းသဏ္ဍာန်တွေနဲ့အတူ လည်သာကြိုးတွေနဲ့ စည်းနှောင် ချုပ်ထားခြင်းဖြစ်ပါတယ်။
၄။ ဆတ်ဆန်နီး ဆာဗရန် ချပ်ဝတ်တန်ဆာ ( အေဒီ ၄ရာစု – ၇ ရာစု)
ဒီချပ်ဝတ်တန်ဆာတွေကိုတော့ အီရန်အင်ပါယာလို့ လူသိများတဲ့ ဆန်ဆန်နီးယန်းအင်ပါယာက စစ်သည်တွေ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဆာဗရန် တွေဟာ ပါရှားပြည် တော်ဝင်မိသားစု ၇ ခုကနေ လာကြသူတွေဖြစ်ပြီး လက်ရွေးစင်စစ်သည်တော်တွေလည်းဖြစ်ပါတယ်။ တိုက်ရည်ခိုက်ရည်ပြည့်ဝကြသလို တဦးချင်းဖြစ်စေ ၊ ဆင် ၊ မြင်း များပေါ်ကနေ ဖြစ်စေ ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ချပ်ဝတ်တန်ဆာတွေကတော့ မျက်လုံးအောက်ဘက်ကနေ ခန္ဓာကိုယ်အပေါ်ဘက် တပိုင်းလုံးကို လုံခြုံအောင် ကာကွယ်ပေးထားပါတယ်။ boiled leather (သို့) scale armor တွေကနေ ဖန်တီးထားတာဖြစ်ပြီး သူတို့မြင်းတွေကိုပါ ရှေ့တပိုင်းလုံး အကာကွယ်ပေးတဲ့ ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ပေးထားလေ့ရှိပါတယ်။
၅။ အရှေ့ရောမ ချပ်ဝတ်တန်ဆာ (အေဒီ ၇ ရာစု – ၁၀ ရာစု)
အရှေ့ရောမ အင်ပါယာ စစ်သည်တွေ ဝတ်ဆင်ခဲ့ကြတဲ့ သံချပ်ကာဝတ်စုံတွေကိုတော့ Cataphract လို့ခေါ်ပါတယ်။ ဂရိဘာသာစကားကနေ လာတာဖြစ်ပြီး လုံး၀ အပြည့်အ၀ ကာကွယ်ပေးထားသော လို့ အဓိပ္ပါယ်ရပါတယ်။ စစ်သည်တိုင်းတော့ ဝတ်ဆင်ခွင့်မရပဲ လက်ရွေးစင်စစ်သည်တွေသာ ဝတ်ဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ထူထဲလေးလံတဲ့ ဒီချပ်ဝတ်တန်ဆာတွေကိုတော့ အလယ်ခေတ်အစောပိုင်း ကာလထိတိုင်အောင် အသုံးပြုခဲ့ကြပါတယ်။ သူတို့ရဲ့ချပ်ဝတ်တန်ဆာမှာတော့ ကိုယ်ထည်သံချပ်ကာအပြင် လက်မောင်းကာ ၊ ခြေထောက်အကာ နဲ့ မျက်လုံးနှစ်လုံးသာ ချန်ထားတဲ့ ပိုက်ကွန်သဏ္ဍာန် ခေါင်းအဆောင်းတွေလည်း ပါဝင်ပါတယ်။ အစိတ်အပိုင်းအားလုံးနီးပါးကိုတော့ သံတွေနဲ့ပဲ ဖန်တီးထားတာဖြစ်ပါတယ်။
၆။ မွန်ဂို ခတ်ရှစ် ချပ်ဝတ်တန်ဆာ (အေဒီ ၁၃ရာစု – ၁၄ရာစု)
ကမ္ဘာပေါ်မှာ တဆက်တည်း အကျယ်ပြန့်ဆုံး အင်ပါယာကို ထူထောင်နိုင်ခဲ့တဲ့ မွန်ဂို လက်ရွေးစင် စစ်သည်တော်တွေ ဝတ်ဆင်ကြတဲ့ သံချပ်ကာဝတ်စုံတွေဖြစ်ပါတယ်။ သူတို့ရဲ့ဝတ်စုံကတော့ သံ နဲ့ လည်သာ အစိတ်အပိုင်းငယ်လေးတွေကို ပေါင်းစည်းထားတဲ့သဏ္ဍာန်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ခေါင်းဆောင်းတွေကိုတော့ သတ္တုတွေ သံတွေနဲ့ ဖန်တီးထားပြီး လည်ပင်းကာတွေပါ တဆက်တည်းပါရှိပါတယ်။
၇။ အဇက်တက် ဂျာဂွာ ချပ်ဝတ်တန်ဆာ ( အေဒီ ၁၄ရာစု -၁၆ရာစု)
ဂျာဂွာ စစ်သည်တော်တွေကတော့ မီဆိုအမေရိကဒေသမှာ ထင်ရှားခဲ့တဲ့ အဇက်တက်လူမျိုး သူရဲကောင်းတွေဖြစ်ပါတယ်။ ဒီလက်ရွေးစင်စစ်သည်တော်တွေကတော့ ဂျာဂွာကျားသစ်ပုံသဏ္ဍာန်ဖန်တီးထားတဲ့ ချပ်ဝတ်တန်ဆာတွေကို ဝတ်ဆင်ကြပါတယ်။ ဂျာဂွာစစ်သည်တော်တွေကိုတော့ သူတို့ရဲ့ ရဲစွမ်းသတ္တိ နဲ့ အနည်းဆုံး ရန်သူလေးယောက် လက်ရဖမ်းဆီးနိုင်သူတွေကို ရွေးချယ်လေ့ရှိပါတယ်။ သူတို့ရဲ့ချပ်ဝတ်တန်ဆာတွေကိုတော့ သူတို့ကိုယ်တိုင်ဖမ်းဆီးထားတဲ့ ကျားသစ်တွေကနေ ဖန်တီးထားတာဖြစ်ပါတယ်။ ဒီတိရစ္ဆာန်အရေခွံတွေနဲ့အတူ ဝါဂွမ်း (သို့) လီနင်ဖာဘရစ်စတွေ နဲ့ ပေါင်းစပ်ချုပ်လုပ်ထားခြင်းဖြစ်ပါတယ်။
၈။ အိန္ဒိယ စစ်ဆင် ချပ်ဝတ်တန်ဆာ (အေဒီ ၁၅ရာစု – ၁၇ ရာစု)
ဒီစစ်ဆင် ချပ်ဝတ်တန်ဆာတွေကိုတော့ အေဒီ ၁၅ ရာစု နဲ့ ၁၇ ရာစုကြားကာလမှာ အိန္ဒိယမြောက်ပိုင်း မဂိုအင်ပါယာမှာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ဒီချပ်ဝတ်တန်ဆာဟာ အလေးချိန်အားဖြင့် ၂၆၀ပေါင်လေးပြီး သတ္တုပြားပေါင်း ၅၈၄၀ နဲ့ဖန်တီးထားပြီး ကမ္ဘာ့အကြီးဆုံး ချပ်ဝတ်တန်ဆာအဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။ ဒါပေမယ့် ဒီချပ်ဝတ်တန်ဆာဟာ အပြည့်အစုံမဟုတ်သေးပဲ တစ်ခုလုံးအပြည့်အစုံဆိုရင် သတ္တုပြားပေါင်း ၈၄၄၀ ပါဝင်ပြီး အလေးချိန် ၃၅၀ပေါင်လေးမယ်လို့ သိရပါတယ်။ အဲဒီ စစ်ဆင်တွေမှာ ချပ်ဝတ်တန်ဆာတွေသာ မကပဲ အဆိပ်သုတ်ထားတဲ့ ဓားတွေကို ဆင်အစွယ်မှာ တပ်ဆင်ထားပါသေးတယ်။ ဆင်ချပ်ဝတ်တန်ဆာတစုံကတော့ ဗြိတိန်က တော်ဝင် ချပ်ဝတ်တန်ဆာ အမျိုးသားပြတိုက်မှာ ရှိနေပါတယ်။