ရေးသားသူ – Aung Kham Kyaw (InNews Myanmar)
သမိုင်းတစ်လျှောက် သူ့လောက် အနောက်သန်တဲ့သူ၊ ကံကောင်းတဲ့သူ မရှိတော့ပါဘူး။ ထူးခြားတာကတော့ သူပေါက်ပန်းလေးဆယ် စိတ်ကူးပေါက်ရာလုပ်သမျှဟာ အောင်မြင်မှုတွေဖြစ်သွားတာပါ။ ပညာအရည်အချင်း လုံးဝမရှိပေမယ့် သူထုတ်တဲ့ စာအုပ်က ကမ္ဘာကျော်သွားရပါတယ်။ သူ့အကြောင်းက ဒီလိုပါ။
သူ့နာမည်က Timothy Dexter လို့အမည်ရပြီး ၁၇၄၈ ဇန်နဝါရီ ၂၈ ၊ အမေရိကန် Malden မြို့ဖွားဖြစ်ပါတယ်။ ကျောင်းမတက်ပဲ အသက် ၈ နှစ်ကစလို့ အလယ်အလုပ် လုပ်ပါတယ်။ အသက် ၁၆ နှစ်မှာတော့ အထည်ချုပ်အတတ် သင် ဝန်ထမ်းဖြစ်လာပြီး အသက် ၂၁ နှစ်ကျော်မှာ မုဆိုးမ သူဌေးအမျိုးသမီး တစ်ဦးနဲ့ ညားပါတယ်။ အဲ့ဒီကစလို့ သူ့ဘဝက အလွဲလွဲတွေ စဖြစ်တောတာပါပဲ။
သူဌေးအမျိုးသမီးနဲ့ ညားပြီး ချမ်းသာသူ ဖြစ်တဲ့အတွက် ဘယ်သူမှ အထင်မကြီးပါဘူး။ စစချင်း စီးပွားရေးအနေနဲ့ အမေရိကန်ငွေကြေးတွေ ဝယ်စုပါတယ်။ အမှန်တော့ အမေရိကန်ငွေကြေးစနစ် ပျက်စီးခါနီးအချိန်ဖြစ် ပါတယ်။ အမေရိကန်တော်လှန်ရေးစစ်ပွဲအပြီးတော့ ပြန်လည်ရောင်းချတဲ့အခါ မရှုံးတဲ့အပြင် အမြတ်အစွန်းများစွာ ရရှိပါတယ်။
အင်္ဂလန်လိုအအေးပိုင်းဒေသမှာ သုံးရတဲ့ အပူပေး ပစ္စည်းတွေကို အိန္ဒိယမှာ သွားရောင်းဖို့ အားလုံး ဝိုင်းမြှောက်ပေးကြပါတယ်။ တကယ်သွားရောင်းတော့ မထင်မှတ်ပဲ အရောင်းထွက်ပြီး အမြတ်ရရှိပြန်ပါတယ်။ ပေါ်တူဂီလို သားရေပေါတဲ့နေရာ ကို လက်အိတ်ရောင်းဖို့ ဝိုင်းမြောက်တော့လည်း သွားရောင်းပြန်တယ်။ တရုတ်သင်္ဘောနဲ့ တိုးပြီး ပါမျှ လက်အိတ်နဲ့ သားရေ ထုတ်ကုန်တွေ အကုန်ရောင်းထွက်သွားပြန်တယ်။
အိန္ဒိယကို ဘာသာရေးကျမ်းစာတွေ သယ်ပြီးရောင်းပါတယ်။ ကာရေးဘီယန်ဘက်အခြမ်းကို ကြောင်တွေ တင်ရောင်းပါတယ်။ သူများမြောက်ပေးသမျှ လုပ်တာဆိုပေမယ့် လုပ်သမျှ ပေါက်မြောက်အောင်မြင်တယ်။ အရှေ့ပိုင်းဒေသမှာ ဘာသာရေးအဖွဲ့အစည်းတွေ တိုးပွားလာပြီး ကာရေးဘီးယန် မှာ ကြွက်ပေါတဲ့အချိန် မို့လို့ ကျမ်းစာရော၊ ကြောင်ရော အမြတ်များများနဲ့ အရောင်းထွက်ခဲ့တာဖြစ်ပါတယ်။
New England က အထက်တန်းလူ့အဖွဲ့အစည်းကတော့ Dexter နဲ့ အပေါင်းအသင်း မလုပ်ကြပါဘူး။ သို့သည့်တိုင် သူ့အတွက် အေးဆေး ပဲ ဖြစ်ပါတယ်။ Newburyport မြို့မှာ နန်းတော် သဖွယ် နေစရာ အိမ်အကြီးကြီးဆောက်ပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ် ဦးရေ ၄၀ ရဲ့ ရုပ်တုတွေကို ခြံဝိုင်းပတ်ပတ်လည်လည်မှာ ထွင်းထု တည်ဆောက် ပါတယ်။ ဂျော့ဝါရှင်တန်လို သမ္မတ အပြင် သူကိုယ်တိုင်ရဲ့ ရုပ်တုကိုတောင် ထွင်းထုပြီး ထားပါတယ်။
အသက် ၅၀ ရောက်တော့ Pickle for the Knowing Ones or Plain Truth in a Homespun Dress အမည်ရတဲ့ စာအုပ်ထုတ်ပါတယ်။ စာလုံး အလုံးရေ ၈၈၄၇ လုံး ပါရှိတဲ့ စာအုပ်ဖြစ်ပြီး အလကား ဖြန့်ဝေပါတယ်။ စာကြောင်းတွေ တစ်ကြောင်းမှ မမှန်ပါဘူး။ ဝါကျအထားအသို တစ်လွဲတွေချည်း ဖြစ်ပါတယ်။ သူ့အကြောင်းတွေ ရေးထားတဲ့ စာအုပ်ဖြစ်ပြီး အဲ့လို အလွဲလွဲဖြစ်သည့်တိုင် အားပေးသူ များပါတယ်။ ဒါကြောင့် ဒုတိယအကြိမ်မြောက်အောင် ထပ်မံ ထုတ်ဝေရပါသေးတယ်။
ဝါကျမှားတာတွေကို လိုသလိုပြင်ဖတ်ပါ ဆိုပြီးတောင် နောက်ဆုံးစာမျက်နှာမှာ အပို ၁၃ ကြောင်းတောင် ထည့်ပေး လိုက်ပါသေးတယ်။ ဒါလည်း ရောင်းမလောက်ဖြစ်ခဲ့ပါသေးတယ်။ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီးလိုလို၊ ဘုရားသခင်လိုလိုပြော ဆို ရေးသားပါတယ်။ နိုင်ငံရေးလည်း သူဉာဏ်မှီ သလောက် ရေးပါတယ်။ ရယ်စရာလိုဖြစ်နေပေမယ့် အားလုံး စိတ်ဝင်တစား ရှိခဲ့ပါတယ်။
သူ့ဘဝတစ်လျှောက် အကြီးမားဆုံး လှည့်ကွက်တစ်ခုနဲ့တောင် လှည့်စားခဲ့ ပါသေးတယ်။ သူ့ကိုယ်သူ သေပြီလို့ကြေညာပြီး လူဘယ်နှစ်ယောက် သူ့ကို စိတ်ဝင်တစား ရှိလည်း ဆိုတာ သိချင်လို့ ဖြစ်ပါတယ်။ လူသေအလောင်း အဖြစ် ဟန်ဆောင်ထားချိန် လာကြည့်သူပေါင်း လူ ၃ ထောင်ကျော်ပြီး သူ တကယ်မသေဘူးလို့ ပြန်ထပြီး လာသမျှလူတွေကို ဆုံးမလိုက်ပါသေးတယ်။ ဒီလို ဘဝသက်တမ်း တစ်လျှောက် တလွဲတချော်နဲ့ အနောက်သန်ခဲ့သူ ဖြစ် ပါတယ်။
၁၈၀၆ အောက်တိုဘာမှာတော့ တကယ် ကွယ်လွန်ခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ထူးဆန်းတဲ့အမူအကျင့်၊ လုပ်ဆောင်ချက်များကြောင့် အမေရိကန်ရဲ့ လူသိထင်ရှား သမိုင်းထဲမှာ ယနေ့တိုင် တည်ရှိနေပါသေးတယ်။ ပညာ မတတ် ဉာဏ်မကောင်းသည့်တိုင် နိုင်ငံကျော်ဖြစ်သွားရတဲ့ Timothy Dexter ရဲ့ ဖြစ်ရပ်ဟာ ယနေ့တိုင် ရယ်စရာ အဖြစ် သမိုင်းတွင်လျက် ရှိကြောင်း သိရပါတယ်။
—
Ref: wiki
Aung Kham Kyaw
Internatinal News For Myanmar