ဒူဘိုင်းမြို့ဟာ ယူအေအီးလို့ သိကြတဲ့ အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ပါရှန်းပင်လယ်ကွေ့တောင်ဘက် အာရပ်ကျွန်းဆွယ်ပေါ်မှာ တည်ရှိပြီး ယူအေအီးနိုင်ငံရဲ့ လူဦးရေအများဆုံး နဲ့ နာမည်အကြီးဆုံးမြို့ဖြစ်ပါတယ်။ ယူအေအီးနိုင်ငံကို seven emirates လို့သိကြတဲ့ မြို့ ၇မြို့နဲ့ဖွဲ့စည်းထားတာပါ။ အဲဒီမြို့တွေကတော့ Abu Dhabi ၊ Dubai ၊ Sharjah ၊ Ajman ၊ Umm Al Quawanin နဲ့ Fujairah တို့ ဖြစ်ပါတယ်။
ဒူဘိုင်းကို ဒူဘိုင်းချောင်း(Dubai Creek) နဲ့ မြောက်ဘက်မှာ Deira ၊ တောင်ဘက်မှာ Bur Dubai ဆိုပြီး နှစ်ပိုင်းပိုင်းခြားထားပါတယ်။ တချိန်ကတော့ ဒီနှစ်ခုကို ရေလမ်းခရီးနဲ့သာ သွားလာခဲ့ရပြီး ယခုအခါမှာတော့ တံတားနှစ်စင်းအပြင် ရေအောက်ဥမင်တစ်ခုနဲ့ ဆက်သွယ်ထားပါတယ်။
သမိုင်း
၁၈ရာစု အချိန်အထိ ဒူဘိုင်းဆိုတာ တံငါရွာငယ်လေးတစ်ရွာသာ ဖြစ်ပါတယ်။ ၁၈၃၃ခုနှစ်မှာတော့ အဘူဒါဘီက နေခွဲထွက်လာတဲ့ AI Maktoum မိသားစုဟာ ဒီတံငါရွာငယ်လေးကို ဦးဆောင်ခဲ့ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်သူ Sheikh Maktoum ရဲ့ စွမ်းဆောင်မှုများကြောင့် ဒီတံငါရွာငယ်လေးဟာ လူဦးရေတဖြည်းဖြည်းတိုးပွားလာခဲ့ပြီး ရွာငယ်မှ ရွာကြီး ၊ ထို့နောက် မြို့ငယ်လေးဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ ကုန်သည်များ ရောင်းဝယ်ဖောက်ကားမှုများလာတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့ အဖြစ်သို့ရောက်ရှိလာခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးအဖြစ် ကုန်းလမ်းတွင် မြည်း နှင့် ကုလားအုတ်များ ရေလမ်းခရီးတွင် လှေငယ်များကို အသုံးပြုခဲ့ကြပါတယ်။ ၁၉၃၀မှာတော့ လူဦးရေ ၂သောင်း ဝန်းကျင်ခန့် ရှိတဲ့ ဒူဘိုင်းမြို့ငယ်လေးဟာ အချက်အချာကျတဲ့ ကုန်သည်မှုဗဟိုမြို့တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်အထိ လျှပ်စစ်မီးဆိုတာ ဒူဘိုင်းမှာ မရှိသေးပါဘူး။ ၁၉၅၂ခုနှစ်မှာမှ လျှပ်စစ်မီးကို စတင်သုံးစွဲနိုင်ခဲ့ကြတာပါ။
ဆိပ်ကမ်းမြို့အဖြစ် ပုံမှန်လည်ပတ်နေရာမှ ၁၉၆၆ခုနှစ် ရေနံကိုစတင်တွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ ချမ်းသာသောမြို့ဖြစ်လာခဲ့ပါတယ်။ ခေါင်းဆောင်ဖြစ်သူ Sheikh Rashid ကလည်း ကျောင်း ၊ ဆေးရုံ စတဲ့ အဆောက်အဦးများကို တိုးချဲ့တည်ဆောက်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အကောင်အထည်ဖော်ခဲ့ပါတယ်။ နိုင်ငံတကာ လေဆိပ်ကို တိုးချဲ့ခဲ့တဲ့အပြင် ကမ္ဘာပေါ်မှာ လူဖန်တီးတဲ့ (သဘာဝမဟုတ်သော) အကြီးဆုံးပင်လယ်ဆိပ်ကမ်း Jebel Ali သင်္ဘောဆိပ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။
၁၉၆၀ မှာ အဘူဒါဘီ နဲ့ ပူပေါင်းလိုက်ပြီး ယူအေအီးကို စတင်တည်ထောင်နိုင်ဖို့ အခြားမြို့ ၄မြို့နဲ့ အတူကြိုးစားခဲ့ပါတယ်။ ၁၉၇၂ခုနှစ်မှာတော့ Ras Al khaimah မြို့ကလည်းဝင်ရောက်လာတဲ့အတွက် ယူအေအီးနိုင်ငံကို တည်ထောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဥမင်လိုဏ်ခေါင်းတွေ ၊ ပန်းခြံတွေ ၊ ဘဏ်တွေကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အလူမီနီယမ် ထုတ်လုပ်ရေး နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပါ ချဲ့ထွင်ခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာတော့ Emirates လေကြောင်းလိုင်းကို စတင်ခဲ့ပြီး ဒူဘိုင်းဆေးကောလိပ်ကိုပါ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
၁၉၈၉ခုနှစ်မှာတော့ ကန္တာရဂေါက်သီးရိုက်ပြိုင်ပွဲ နဲ့ ပထမဆုံး ဒူဘိုင်းလေယာဉ်ပြပွဲတို့ကိုပါ ကျင်းပနိုင်တဲ့အထိ ဒူဘိုင်းဟာ တိုးတက်လာခဲ့ပါတယ်။ ၁၉၉၀ခုနှစ်မှာတော့ ဒူဘိုင်းခေါင်းဆောင် Maktoum bin Rashid ဟာ ယူအေအီးနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
နောက်ထပ် နှစ်ပေါင်း ၂၀ဆက်တိုက် ဆောက်လုပ်ရေးတွေကို မရပ်မနားလုပ်ခဲ့တဲ့ ဒူဘိုင်းဟာ ၂၀၁၀ ဝန်းကျင်မှာတော့ ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။ ခမ်းနားမြင့်မားတဲ့ ဟိုတယ်ကြီးတွေအပြင် လူလုပ်ကမ်းခြေများ ၊ ကျွန်းများ ကိုတည်ဆောက်ထားတဲ့ ဒူဘိုင်းဟာ လက်ရှိအချိန်မှာတော့ ရေနံကို အားကိုးစရာမလိုတော့ပဲ ခရီးသွားလုပ်ငန်းကနေ နိုင်ငံဝင်ငွေအမြောက်အများရရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါပြီ။
ဒူဘိုင်းမြို့ရဲ့အကျယ်အဝန်းဟာ စတုရန်းမိုင် ၁၅၈၈ မိုင်ရှိပါတယ်။ မြို့ပေါ်နေလူဦးရေကတော့ ၃သန်းကျော်ရှိပြီး ပြည်နယ်တစ်ခုလုံးဆိုရင်တော့ ၅.၆သန်း ရှိပါတယ်။ နေထိုင်သူတွေထဲမှာ အိန္ဒိယလူမျိုးကတော့ အများဆုံးဖြစ်ပြီး ၄၃% တောင် ရှိပါတယ်။ အိန္ဒိယလူမျိုးတွေနောက်မှာ Emirati ဆိုတဲ့ မူရင်းနေထိုင်တဲ့လူမျိုးက ၂၃% ၊ ပါကစ္စတန်က ၁၇% နေထိုင်ကြပြီး ဘင်္ဂလားဒေ့ရှ် ၊ ဖိလစ်ပိုင် ၊ သိရိလင်္ကာ ၊ အမေရိကန် နဲ့ အခြားတိုင်းပြည်က လူမျိုးတွေနေထိုင်ကြပါတယ်။
ဒူဘိုင်းမြို့ရဲ့ စိတ်ဝင်စားဖွယ် အချက်တချို့
ဒူဘိုင်းဟာ ကမ္ဘာပေါ်မှာ အဆောက်အအုံတည်ဆောက်ရေး အလုပ်နိုင်ဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်က စုစုပေါင်း ကရိန်းပေါင်းရဲ့ ၂၀% ကို ဒူဘိုင်းမှာ အသုံးပြုနေပါတယ်။
၁၈၆၈ ကနေ ၁၉၇၅ ခုနှစ်အထိ ၈နှစ်အတွင်း ဒူဘိုင်းရဲ့ လူဦးရေဟာ ၃၀၀% အထိတိုးတက်လာခဲ့ပါတယ်။ အကြောင်းကတော့ ရေနံအမြောက်အများတွေ့ရှိအပြီး အခြားဒေသက လူပေါင်းများစွာ အလုံးအရင်းနဲ့ဝင်ရောက်လာကြလို့ပါ။
ယနေ့ ကားအရှုပ်ဆုံးမြို့လို့ ဆိုရမလောက်အောင် ကားအလွန်ပေါတဲ့ ဒူဘိုင်းမြို့ဟာ ၁၉၆၈ခုနှစ်မှာ တစ်မြို့လုံးပေါင်းမှ ကား ၁၃စီးပဲ ရှိခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်တဲ့ Burj Khalifa တာဝါဟာ ဒူဘိုင်းမှာတည်ရှိပြီး ၂၇၁၇ပေ မြင့်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒူဘိုင်းစီးပွားဝင်ငွေရဲ့ ၆% သာ ရေနံမှရရှိတာဖြစ်ပြီး ကျန်တာကိုတော့ ခရီးသွားလာရေး ၊ အိမ်ခြံမြေလုပ်ငန်း ၊ ဘဏ်လုပ်ငန်း နဲ့ ကုန်သွယ်ရေးတို့ကနေ ရရှိပါတယ်။
ဒူဘိုင်းမှာ ရာဇဝတ်မှု မရှိသလောက်ရှားပါတယ်။ တင်းကျပ်တဲ့ ဥပဒေတွေချမှတ်ထားတဲ့အပြင် လူတွေအားလုံးနီးပါး ချမ်းသာကြပြီး စည်းကမ်းလိုက်နာကြတာကြောင့် ရာဇဝတ်မှုနည်းပါးရခြင်းဖြစ်ပါတယ်။
ဒူဘိုင်းရဲဌာနဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးရဲဌာနလို့ ဆိုနိုင်ပါတယ်။ ရဲတွေအတွက် နောက်ဆုံးပေါ်နည်းပညာတွေ ၊ နောက်ဆုံးပေါ်တန်ဖိုးကြီးကားတွေ(Lamborghini, Ferrari and Bentley)အပြင် ၊ မိုးပျံဆိုင်ကယ်တွေတောင် ဖြည့်စွက်ပေးထားပါတယ်။
ယူအေအီးနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၇မြို့ရှိသော်လည်း နိုင်ငံနှင့် ပတ်သက်သော အရေးကြီး ကိစ္စများတွင် ဗီတိုအာဏာသုံး၍ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်မှာ ဒူဘိုင်း နှင့် အဘူဒါဘီ နှစ်မြို့ မှာသာရှိပါတယ်။
နေရာအနှံ့မှာ အင်္ဂလိပ်ဘာသာကို သုံးစွဲကြသော်လည်း ရုံးသုံးဘာသာစကားကတော့ အာရေးဘီးယန်းဘာသာစကားဖြစ်ပါတယ်။
ငွေကြေးအနေနဲ့ Dirham ကိုသုံးစွဲပြီး အမေရိကန် ၁ဒေါ်လာမှာ Emirati Dirham ၃.၆၇ ပဲ ရှိပါတယ်။
အာရေးဘီးယန်း သဲကန္တာရထဲမှာ ရှိတဲ့ ဒူဘိုင်းဟာ ခြောက်သွေ့သောရာသီဥတုရှိပြီး ပျမ်းမျှအပူချိန်ကတော့ ၇၅ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါတယ်။ တစ်နှစ်ကို ပျမ်းမျှ မိုးရေချိန်လက်မ ၃.၇၁ လက်မသာ ရှိတာကြောင့် အလွန်မိုးနည်းတဲ့ ဒေသဖြစ်ပါတယ်။
ဒူဘိုင်းဟာ ငလျှင် နဲ့ ဆူနာမီများ အလွန်နည်းပါးတဲ့နေရာဖြစ်ပါတယ်။ အကြောင်းကတော့ ပါရှန်းပင်လယ်ကွေ့ဟာ ဆူနာမီကို အစပျိုးဖို့ လုံလောက်တဲ့ အနက်မရှိလို့ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒူဘိုင်းရဲ့အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သူ့နောက်မှာတော့ အိန္ဒိယ နဲ့ အမေရိကန်တို့လိုက်ပါတယ်။
ဒူဘိုင်းရဲ့ နိုင်ငံတကာလေဆိပ် DXB ဟာ ကမ္ဘာပေါ်မှာ တတိယ အလုပ်အရှုပ်ဆုံးလေဆိပ်ဖြစ်ပြီး ခရီးသွားလာသူစုစုပေါင်း ၈၈.၂သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီးပါပြီ။
ဒူဘိုင်းရဲ့ လူမြင်ကွင်းမှာ အမြင်မတော်တာတွေ မလုပ်ဖို့ အပြင်းအထန်ကန့်ကွက်ထားပါတယ်။ လူမြင်ကွင်းမှာ နမ်းရှုံ့ခြင်းပြုလုပ်ရင်တောင် ပြည်နှင်ဒဏ်အပေးခံရနိုင်ပါတယ်။
ဒူဘိုင်းရဲဟိုတယ်ဈေးနှုန်းတွေဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာက ဟိုတယ်ရဲ့နောက်မှာ ဒုတိယဈေးအကြီးဆုံးအဖြစ် ရပ်တည်နေပါတယ်။
ဒူဘိုင်းမှာ ရှော့ပင်းစင်တာကြီးပေါင်း အခု ၇၀ကျော်ရှိပြီး အရှေ့အလယ်ပိုင်းရဲ့ ဈေးဝယ်မြို့တော်လို့တောင် တင်စားခံရပါတယ်။
နာမည်အကြီးဆုံး ရှော့ပင်းစင်တာကတော့ ကမ္ဘာ့အကြီးဆုံး ရှော့ပင်းစင်တာတစ်ခုဖြစ်တဲ့ Dubai Mall ဖြစ်ပြီး စတုရန်းမီတာ ၅.၄သန်းကျယ်ဝန်းကာ ဆိုင်ခန်းပေါင်း ၁၂၀၀ကျော် ရှိတဲ့နေရာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး ပန်းဥယျာဉ်ကြီးဖြစ်တဲ့ Dubai Miracle Garden ဟာလည်း ဒူဘိုင်းမှာပဲ ရှိနေပြီး ပန်းပွင့်ပေါင်း ၄၅သန်းခန့်ကို အစက်ချစိုက်ပျိုးနည်းနဲ့ စိုက်ပျိုးထားပါတယ်။

မူဆလင်နိုင်ငံဖြစ်ပေမယ့် ဒူဘိုင်းမှာ ဝက်သားစားခြင်းကို အခြားသူများအတွက် တရားဝင်ခွင့်ပြုထားပါတယ်။ သတ်မှတ်ထားတဲ့ နေရာတွေ နဲ့ စူပါမတ်ကတ်တွေမှာ အလွယ်တကူဝယ်ယူစားသုံးနိုင်ပါတယ်။
American football နဲ့ ခရစ်ကတ်ကစားနည်းတွေဟာ ဒူဘိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းတွေဖြစ်ပါတယ်။
ဒူဘိုင်းဟာ ကန္တာရထဲမှာ တည်ရှိတဲ့မြို့ဖြစ်ပေမယ့် ရေခဲပြင်စကိတ်စီးချင်ရင် စီးနိုင်ပါတယ်။ Mall of the Emirates မှာ ရေခဲပြင်စကိတ်ကွင်းကို ဖန်တီးပေးထားပါတယ်။
ဒူဘိုင်း သူဌေးတွေဟာ ကြောက်စရာသတ္တဝါတွေဖြစ်တဲ့ ခြင်္သေ့ ၊ ကျား နဲ့ ကျားသစ်တွေတွေကို အချစ်တော် တိရစ္ဆာန်တွေ အဖြစ် မကြောက်မရွံ့မွေးမြူကြပါတယ်။ ဒီလိုမွေးမြူခြင်းဟာ သူတို့ကြားမှာ အလွန်ရေပန်းစားပါတယ်။
အရက်သေစာ သောက်စားခြင်းကို တင်းကျပ်ထားပေမယ့် သတ်မှတ်ထားတဲ့ ဘား နဲ့ စားသောက်ဆိုင်တွေမှာတော့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် လမ်းပေါ်မှာ သောက်ပြီးမူးနေမယ်ဆိုရင်တော့ အချုပ်ကျနိုင်ပါတယ်။
၁၉၉၁ ခုနှစ်က ဒူဘိုင်းမှာ အဆောက်အအုံဆိုတာ မရှိသလောက်ပါပဲ။ နှစ် ၂၀အတွင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး တိုးတက်မှုအမြန်ဆုံး မြို့ဖြစ်လာခဲ့တာပါ။
ဒူဘိုင်းမှာ မြေအောက်မီးရထားစနစ်ကို ၂၀၀၉ခုနှစ်မှ စတင်ခဲ့တာပါ။ ဒါပေမယ့် ၂နှစ်အတွင်း ဘူတာရုံ ၄၂ခုဆောက်လုပ်ခဲ့ပြီး တစ်မြို့လုံး သွားလာရေးအတွက် လုံလောက်စေခဲ့ပါတယ်။
ကမ္ဘာပေါ်က ရွှေတွေအတုံးလိုက် အချောင်းလိုက် ဝယ်ယူမှုအများဆုံးဟာ ဒူဘိုင်းမြို့မှာ ဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် တစ်နှစ်တည်းမှာပဲ ၇၀ဘီလျံဖိုးလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အလေးချိန်အနေနဲ့ ၂၂၅၀တန်ရှိပြီး ဒါဟာ ဆင်အကောင် ၃၅၄ကောင်ထက်တောင် လေးပါသေးတယ်။
ဒူဘိုင်းမှာ နေထိုင်သူတွေဟာ ကိုယ်ပိုင်ဝင်ငွေအတွက် အခွန်ပေးဆောင်စရာမလိုပါဘူး။ ဒါကြောင့်လည်း ကိုယ်ရှာသမျှငွေကြေးကို ကိုယ့်ဘာသာ စုဆောင်းနိုင်ပါတယ်။
Burj Al Arab ဟိုတယ်ဟာ ကမ္ဘာကျော်ပေမယ့် လူသိနည်းတဲ့အချက်ကတော့ ဒီဟိုတယ်ရဲ့ နေရာ ၃၉% ခန့်ဟာ လူနေထိုင်မှုမရှိပဲ လွတ်နေပြီး အပိုသက်သက်ဖြစ်နေတာပါ။ ဒီဟိုတယ်ရဲ့ အကောင်းဆုံးအခန်းကုန်ကျစရိတ်က တစ်ညကို ဒေါ်လာ ၂၄၀၀၀ ဖြစ်ပြီး ဒါဟာ နိုင်ငံပေါင်းများစွာကို လည်ပတ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။
ဒူဘိုင်းဟာ ပူပြင်းတဲ့မြို့ဖြစ်တာကြောင့် နေရာတိုင်းမှာ အဲကွန်းတွေကို တပ်ဆင်ထားရပါတယ်။ ဘတ်စ်ကားဂိတ်လိုနေရာမျိုးမှာတောင် အလုံပိတ်ပြီး အဲကွန်းတွေကို တပ်ဆင်ပေးထားပါတယ်။
ကမ္ဘာ့အမြင့်ဆုံး တင်းနစ်ကွင်းကလည်း ဒူဘိုင်းက Burj Al Arab အမိုးပေါ်မှာ ရှိနေပါတယ်။ တင်းနစ်ကွင်းကို ရံဖန်ရံခါမှာတော့ ဟယ်လီကော်ပတာရပ်နားကွင်း အဖြစ် အသုံးပြုပါတယ်။