Tuvalu နိုင်ငံကို ယခင်အချိန်တုန်းကတော့ Elllice ကျွန်းတွေလို့လူသိများကြပြီး တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိတဲ့ Polynesia(ပိုလီနီရှန်း)ကျွန်းနိုင်ငံလေး တစ်ခုဖြစ်ပါတယ်။ Tuvaluရဲ့တရားဝင်နာမည်ကတော့ Tuvalu နိုင်ငံပဲဖြစ်ပြီး ရုံးသုံးဘာသာ စကားကတော့ အင်္ဂလိပ်စာနဲ့ Tuvalu ဘာသာစကားပဲဖြစ်ပါတယ်။ Tuvalu နိုင်ငံရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ ဆော်လမွန်ကျွန်းနိုင်ငံ၊ အနောက်မြောက် ဘက်မှာတော့ Nauruနိုင်ငံ၊ မြောက်ဘက်မှာတော့ Kiribati နိုင်ငံ၊ အရှေဘက်မှာတော့ Tokelau နိုင်ငံ၊ အရှေတောင်ဘက်မှာတော့ Samoa၊ Wallis နဲ့ Futuna နိုင်ငံ၊ တောင်ဘက်မှာတော့ Fijiနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။ Tuvalu နိုင်ငံရဲ့ အရှေမြောက်ဘက် (၂၅၀၀)မိုင်အကွာမှာတော့ သြစတေးလျနိုင်ငံတည်ရှိပြီး ပထဝီဝင်အနေအထားအရ Tuvaluနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်နဲ့ သြစတေး လျနိုင်ငံအကြားမှာတည်ရှိနေပါတယ်။
(၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ(၁)ရက်နေ့ကောက်ခံတဲ့ စာရင်းတွေအရတော့ Tuvaluနိုင်ငံရဲ့ လူဦးရေဟာ(၁၀၀၄၅)ဦးသာရှိတာကြောင့် ဒုတိယမြောက် လူဦးရေအနည်းဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင် ထားပါတယ်။ နည်းပါးတဲ့လူဦးရေနဲ့လိုက်ဖက်တဲ့ Tuvaluနိုင်ငံဟာ (၂၆) စတုရန်းကီလို မီတာ (၁၀ စတုရန်းမိုင်) သာကျယ်ဝန်းပါတယ်။ အဲဒီအကျယ်အဝန်းကြောင့်ကမ္ဘာပေါ်မှာ ဗာတီကန်စီးတီး ၊မိုနာကိုနဲ့ Nauru နိုင်ငံပြီးရင်တော့ Tuvaluနိုင်ငံဟာ စတုတ္ထမြောက် အသေးဆုံးနိုင်ငံအဖြစ် ဖော်ပြခြင်းခံရပါတယ်။
Tuvaluနိုင်ငံဟာမီးတောင်ကျွန်းစုအမျိုးအစားဖြစ်ပြီး Nanumanga , Niutao နဲ့ Niulakita အမည်ရတဲ့ သန္တာကျောက်ကျွန်း(၃)ခုနဲ့ Atolls (အလယ်မှာရေငန်အိုင်ရှိ သော သန္တာကျောက်ကျွန်း) (၆)ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ Atolls ကျွန်းတွေရဲ့အမည်ကတော့ Funafuti ,Nanumea,Nui, Nukufetau, Nukulaelae နဲ့ Vaitupu တို့ဖြစ်ကြပါတယ်။ ယင်းကျွန်းတွေအနက်က Funafutiကျွန်းပေါ်မှာတော့ Tuvaluနိုင်ငံရဲ့မြို့တော်Funafutiြ မို့တည်ရှိပြီး ဒီကျွန်းပေါ်မှာပဲ Tuvalu နိုင်ငံလူဦးရေ စုစုပေါင်းရဲ့(၅၆)ရာခိုင်နှုန်းအထိ နေထိုင်ကြပါတယ်။
Tuvalu နိုင်ငံဟာပင်လယ်ရေမျက်နှာပြင်ထက် (၁၅)ပေအထက်မှာ တည်ရှိနေတာကြောင့် မော်ဒိုက်နိုင်ငံပြီးရင်တော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အနိမ့်ဆုံး ပင်လယ် ရေမျက်နှာပြင်အထက်မှာ ရပ်တည်နေတဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ Tuvalu နိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်းအရှည်မိုင် (၁၅)မိုင်လောက်ရှည်လျားပြီး အလွန် လှပတဲ့ကမ်းခြေနဲ့တောင်ပစိဖိတ်ရဲ့အလှဆုံးစိမ်းပြာရောင်ရေပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင်ပဲ Tuvaluနိုင်ငံရဲ့ပင်လယ်ကမ်းခြေတွေဟာ ကမ္ဘာနာမည်ကျော်ကမ်းခြေ အပန်းဖြေစခန်းစာရင်းမှာပါဝင်ခြင်းတော့မရှိခဲ့ပါဘူး။
တောင်ပစိဖိတ်ဒေသရဲ့ သုခဘုံလို့တင်စားခေါ်ဆိုလောက်တဲ့ Tuvalu နိုင်ငံကမ်းခြေ ကိုတော့ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်နှစ်စဉ်(၁၀၀၀)နီးပါးသာ လာရောက်လည် ပတ်လေ့ရှိပါတယ်။ ဒီစာရင်းကြောင့် ကမ္ဘာပေါ်မှာခရီးသွားလာရောက်မှုအနည်းဆုံးနိုင်ငံ အဖြစ်လည်း Tuvaluနိုင်ငံဟာထပ်မံမှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။ (၂၀၀၆)ခုနှစ်ကမှတ် တမ်းတွေအရတော့ ခရီးသည်(၂၀၀၀)အထိလာရောက်နေခဲ့တယ်လို့ဖော်ပြခဲ့တာ ကြောင့် Tuvaluနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာနှစ်စဉ်တိုးတက်လာမဲ့ အနေအထားမှာ ရှိပါတယ်။
Tuvaluနိုင်ငံရဲ့ရာသီဥတုကတော့ စိုထိုင်းပြီး ပူပြင်းကာ နှစ်စဉ်အပူချိန်ဟာ (၃၀) ဒီဂရီ ဆဲစီးရက်(၈၆ ဒီဂရီ ဖာရင်ဟိုက်)ရှိပြီး ရာသီဥတု အခြေအနေ ပြောင်းလဲမှု အလွန်နည်းပါးပါတယ်။ Tuvaluမှာတော့ အဓိကရာသီဥတုအခြေအနေ (၂)မျိုးရှိပြီး နိုဝင်ဘာလကနေ ဧပြီအထိကတော့ စိုစွတ်တဲ့မိုးရာသီဖြစ်ပြီး မေလကနေအောက်တို ဘာလအထိကတော့ ပူပြင်းတဲ့နွေရာသီကို ကြုံတွေ့ရပါတယ်။
Tuvalu နိုင်ငံသားအားလုံးရဲ့ မူလမျိုးရိုးကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀၀၀)အကြာက တည်းက ပစိဖိတ်ဒေသကိုစတင် ပြောင်းရွေလာကြတဲ့ Tuvalu မျိုးနွယ်စုတွေကပဲ ဖြစ်ပါတယ်။ Tuvalu မျိုးနွယ်စုတွေဟာ ဥရောပတိုက်သားတွေနဲ့ကူးလူးဆက်သွယ်မှု မပြုလုပ်ချိန် ကတည်းက လှေငယ်များကိုအသုံးပြုပြီး အနီးဝန်းကျင်က Samoa နဲ့ Tonga ကျွန်းတွေ ကို ပင်လယ်ခရီးဖြတ်သန်းသွားရောက်တဲ့အလေ့ရှိခဲ့ပါတယ်။ Tuvaluဆိုတာကတော့ ဒေသခံဘာသာစကားအရဆိုရင် (၈)ခုမြောက်ကျွန်းမှာနေထိုင်သူတွေလို့ အဓိပ္ပါယ်ရပါ တယ်။ ယင်းဒေသမှာ အဓိကကျွန်း(၉)ခုရှိတဲ့အနက်က Tuvaluတွေဟာ(၈)ခုမြောက် ကျွန်းမှာနေထိုင်ကြသူတွေအဖြစ် နှစ်ကာလထောင်ချီတည်းက သတ်မှတ်ခဲ့ကြတာကို သိမြင်နိုင်ပါတယ်။
Tuvalu နိုင်ငံကိုတော့(၁၅၆၈)ခုနှစ်၊ဇန်နဝါရီ(၁၆)ရက်နေ့မှာစပိန်လူမျိုးစွန့်စားသွာလာသူ Alvaro de Mendana de Neira ကစတင်တွေ့ရှိခဲ့ပြီး ယင်းမတိုင်ခင်ကတည်းက သူဟာ Nui ကျွန်းကိုလည်းတွေ့ရှိခဲ့သူဖြစ်ပါတယ်။ သူဟာမြေပုံပေါ်မှာ သူတွေ့ရှိခဲ့တဲ့ ကျွန်းတွေရဲ့တည်နေရာကိုရေးဆွဲမှတ်တမ်းတင်နိုင်ခဲ့ပြီး စပိန်လို Isla de Jesus ( ဘုရားသခင်ရဲ့ကျွန်း)ဆိုပြီး Tuvaluနိုင်ငံတည်ရှိရာကျွန်းကိုနာမည်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ထာဝရဘုရားရဲ့ပွဲတော်များစွာကိုကျင်းပခဲ့ပြီး ယင်းအချိန်တည်းက တည်ရှိတဲ့ခရစ်ယာန်သာသနာဟာ ယနေ့အချိန်ထိ Tuvaluနိုင်ငံရဲ့အဓိက ကိုးကွယ်တဲ့ ဘာသာဖြစ်လာခဲ့ပါတယ်။
(၁၈၁၉)ခုနှစ်မှာတော့ Tuvaluနိုင်ငံရဲ့ Funafuti ကျွန်းကို Ellice ကျွန်းလို့နာမည်ပြောင်း ခဲ့ပါတယ်။ ဒီနာမည်ဟာ အင်္ဂလိပ်လူမျိုးမြေပုံမှတ်တမ်းတင်ပညာရှင် တစ်ဦးဖြစ်တဲ့ Alexander George ကနေ Tuvaluဒေသမှာရှိတဲ့ ထင်ရှားတဲ့ကျွန်း(၉)ခုကို ရေယာဉ်နှုန်းပြမိုင်တွေနဲ့အတူ အသေအချာမှတ်တမ်းတင်မြေပုံရေးထုတ်ပြီးတဲ့နောက် မှာ Ellice ကျွန်းများဆိုတဲ့အမည်ဟာပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါတယ်။ (၁၆)ရာစု နောက်ပိုင်းမှာတော့ အထက်ပါကျွန်း(၉)ကျွန်းဟာ အင်္ဂလိပ်အစိုးရရဲ့ နေမဝင်အင်ပါယာအတွင်းသက်ဆင်းခဲ့ရပြီး ဗြိတိန်တော်ဝင်ရေတပ်က Captain Gibson က ယင်းကျွန်းများအားလုံးဟာ ဗြိတိသျှအင်ပါယာရဲ့အစောင့်ရှောက်ခံနယ်မြေအဖြစ် (၁၈၉၂) ခုနှစ်အောက်တိုဘာ(၉)ရက်ကနေစတင်ပြီး(၁၆)ရက်နေ့အထိ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
Tuvaluနိုင်ငံကို ဗြိတိသျှတို့က အုပ်ချုပ်မှုဆိုင်ရာ Commissioner မင်းကြီးတစ်ယောက်ထားရှိပေးခဲ့ပြီး (၁၈၉၂) ကနေ(၁၉၁၆)ခုနှစ်အထိတော့ (BWPT)လို့သိကြတဲ့ ဗြိတိသျှအင်ပါယာရဲ့ ပစိဖိတ်အနောက်ပိုင်းဒေသအတွင်းထားရှိ အုပ်ချုပ်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းမှာလည်း Gilbert နဲ့ Ellice ကျွန်းများလို့ ပြောင်းလဲ သတ်မှတ်ပြီး (၁၉၁၆)ကနေ(၁၉၇၄)ခုနှစ်အထိ ကိုလိုနီနယ်မြေထပ်မံထူထောင်ပြီး ဆက်လက်ထိန်းချုပ်ခဲ့ပြန်ပါတယ်။
(၁၉၇၄)ခုနှစ်မှာတော့ Tuvaluကျွန်းသားတွေစုပေါင်းပြီး ဗြိတိသျှတို့လက်ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ Tuvaluနိုင်ငံအဖြစ် စတင်ထူထောင်ဖို့ စတင်ကြိုးပမ်း ခဲ့ကြပါတယ်။ Gilbertကျွန်းတွေမပါတဲ့ Tuvaluနိုင်ငံအဖြစ်နဲ့ (၁၉၇၈)ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှာ ဗြိတိသျှတို့လက်ထဲကနေ လွတ်လပ်ရေးအရယူနိုင်ခဲ့ပြီးဓနသဟာယနိုင်ငံတစ်ခုအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ (၂၀၀၀)ပြည့်နှစ် စက်တင်ဘာ(၅)ရက်နေ့မှာတော့ Tuvaluနိုင်ငံဟာ ကုလသမဂ္ဂရဲံ (၁၈၉)ခုမြောတ်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။
Tuvalu နိုင်ငံသားအများစုကတော့ ငါးဖမ်းလုပ်ငန်းနဲ့ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်း တွေကိုသာအဓိကထားလုပ်ကိုင်ကြပါတယ်။ နိုင်ငံတကာက Telecom ကုမ္ပဏီတွေ ဟာTuvaluနိုင်ငံအတွင်းလာရောက်လုပ်ကိုင်တဲ့အတွက် ယင်းလုပ်ငန်းတွေကနေ အစိုးရအတွက်များစွာသော အခွန်ဘဏ္ဍာကိုရရှိနေပါတယ်။ Tuvaluနိုင်ငံရဲ့ အဓိက စိုက်ပျိုးသီးနှံကတော့ ပိန်းဥ၊ အုန်းသီးတို့ဖြစ်ကြပြီး အုန်းဆီပြုလုပ်တဲ့လုပ်ငန်းများစွာကို လည်း စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ အုန်းသီးနဲ့ယင်းကိုအခြေခံပြီးပြုရတဲ့ ဒေသထွက် ကုန်ရောင်းဝယ်ရေးလုပ်ငန်းဟာ Tuvalu နိုင်ငံရဲ့အဓိက စီးပွားရေးလုပ်ငန်းအဖြစ် သတ်မှတ်နိုင်ပြီး ကမ်းလွန်ငါးဖမ်းလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။
Tuvalu နိုင်ငံရဲ့ ကျွန်းတွေအနီးမှာတော့ များစွာသောရှားပါးငါးမျိုးစိတ်တွေ ရှင်သန် ပေါက်ဖွားလျက်ရှိနေကြပါတယ်။ Tuvaluနိုင်ငံရဲ့ရိုးရာအစားအစာတွေကတော့ အုန်းသီး နဲ့အုန်းနို့ကိုအခြေခံ ပြုလုပ်ထားတဲ့ မုန့်အမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒါအပြင် Pulaka(ပိန်းဥတစ်မျိုး)၊ ငှက်ပျော်သီး၊အုန်းသီးနဲ့ အခြားသီးနှံတွေကိုလည်း အကောင်းစား အစာမွန်ဖြစ်တွဲဖက် စားသောက်တတ်ကြပါသေးတယ်။
Tuvaluကျွန်းနိုင်ငံလေးရဲ့ အံ့သြစရာအချက်ကတော့ ရာဇဝတ်မှုခင်းဖြစ်ပွားမှု အလွန် ကိုနည်းပါးတဲ့အချက်ပဲ ဖြစ်ပါတယ်။ အစိုးရရဲ့ပင်လယ်ကမ်းခြေစောင့်တပ်တွေကလွဲရင် အခြားမည်သည့်လက်နက်ကိုင်မှမထားရှိသလို ဘယ်အကြမ်းဖက်အဖွဲ့အစည်းမှ မရှိတာဖြစ်လို့ အတော်ကိုငြိမ်းချမ်းတဲ့ နေရာအဖြစ် သတ်မှတ်ရပါမယ်။
Tuvaluနိုင်ငံရဲ့သယ်ယူပို့ဆောင်ရေး စနစ်ကတော့ အကန့်အသတ်တွေရှိပါတယ်။ Tuvalu နိုင်ငံမှာ(၅)မိုင်လောက်ရှည်လျားတဲ့ လမ်းမကြီးတွေရှိပေမဲ့ မီးရထားလမ်းမ၇ှိတဲ့ နိုင်ငံဖြစ်ပါတယ်။ Tuvaluနိုင်ငံဟာရေကြောင်းဆက်သွယ်ရေးကိုသာအဓိကထား သွားလာရပြီး Funafutiဟာ Tuvaluနိုင်ငံရဲ့တစ်ခုတည်းသောဆိပ်ကမ်းတည်ရှိပါတယ်။
Tuvalu နိုင်ငံနဲ့ပတ်သက်ပြီးစိုးရိမ်စရာအချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တစ်ခုဖြစ်တဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ဘေးကိုအနှေးနဲ့အမြန်ရင်ဆိုင် နိုင်ရတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ Tuvaluနိုင်ငံဟာ မူလ ပင်လယ် ရေမျက်နှာပြင်ထက်အမြင့်ပေ(၆ပေ၆လက်မ)လောက်လျော့ကျသွားပြီ ဖြစ်ပါတယ်။ သိပ္ပံနည်းပညာဆိုင်ရာ လေ့လာဆန်းစစ်မှုတွေအရတော့ Tuvalu နိုင်ငံဟာ ပင်လယ်ရေ မျက်နှာပြင်ဖုံးလွှမ်းခြင်းကို ပထမဆုံးခံစားရနိုင်တဲ့ နိုင်ငံဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။
ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့အပြင် နည်းပညာပိုင်းအရများစွာ ခေတ်နောက်ကျတဲ့နိုင်ငံဖြစ်တာကြောင့် ကျွန်းပေါ်မှာရှိတဲ့ရှားပါးအပင်မျိုးစိတ်တွေနဲ့ တိရိစ္ဆာန်တွေကိုတော့ ထိထိရောက်ရောက်ထိန်းသိမ်းနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ထိန်းသိမ်းစောင့်ရှောက်မှုလျော့နည်းလာတာနဲ့အမျှ တဖြည်းဖြည်းမျိုးတုန်းပျောက်ကွယ် သွားရတဲ့ သဘာဝအရင်းအမြစ်တွေဟာ Tuvalu နိုင်ငံရဲ့ကျွန်းတိုင်းလိုလိုမှာဖြစ်နေခဲ့ရပြီး အချို့သောတိရိစ္ဆာန်နဲ့အပင်မျိုးစိတ်တွေကတော့ မသမာသူတွေရဲ့စီးပွားရေးအရ အမြတ်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါအပြင် Tuvalu နိုင်ငံကိုပြောင်းရွေ အခြေချနေထိုင် သူဆိုတာ မရှိသလောက်ရှားပါးပြီး သဘာဝအရပြောင်းရွေ့လာတဲ့ ကျေးငှက်သာရကာ တွေကိုသာ ရာသီအလိုက်မြင်တွေ့ရပါတယ်။
Tuvalu နိုင်ငံအတွင်းမှာ ယနေ့တိုင်ကျန်ရှိ နေတဲ့အစိတ်အပိုင်းအများစုဟာ ဟိုးအရင်ကာလကတည်းက ဒီအရပ်မှာရှင်သန် ခဲ့တဲ့ လူသားနဲ့တိရိစ္ဆာန် တွေနေထိုင်ခဲ့တဲ့ပုံစံအတိုင်း၊ တောရိုင်း/တောင်ရိုင်းပုံစံနဲ့ ပင်လယ်ရေစီးကြောင်းတွေကအစ မူလပုံ အတိုင်းသာရှိနေတာမို့ ကမ္ဘာမြေကြီးအကြောင်းလေ့လာတဲ့ သမိုင်းသုသေသီတွေ အတွက်အကောင်းဆုံး လေ့လာရေးနယ်ပယ်တွေအဖြစ် ကျန်ရှိနေပါတယ်။
VIDEO
သုတဇုန်