ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်ရှိနေသော အရာများ

Posted on

ရေးသားသူ – ကောင်းစည်သူ

ယဉ်ကျေးမှုနှင့် နည်းပညာများ မထွန်းကားသေးမီ အချိန်များက ကမ္ဘာပေါ်ရှိ လူသားများသည် အနုပညာလက်ရာများ အပါ အဝင် အသုံးအဆောင်များကို မိမိတို့ စွမ်းအားရှိသမျှ တီထွင်ခဲ့ကြသည်။ထို့ကြောင့်ရှေးဟောင်းပစ္စည်းဟု ယေဘုယျအားဖြင့် လက်ခံထား ကြသည့် ယဉ်ကျေးမှု အမွေအနှစ်များသည် နိုင်ငံတိုင်း၊လူမျိုးတိုင်းတွင် ယနေ့တိုင်ကြွင်းကျန်လျက်ရှိ နေသည်။ကမ္ဘာ့ ကုလသမဂ္ဂ၊ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စ်ကို)သည် နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ် အသိအမှတ်ပြု လျက်ရှိနေသည်။

နည်းပညာများ တစ်ဟုန်ထိုး တိုးတက်လျက်ရှိသည့် မျက်မှောက်ခေတ်တွင်ရုပ်ဝတ္ထုပစ္စည်းများနှင့် နည်းပညာများ သည် အမြဲပြောင်းလဲလျက်ရှိနေသဖြင့် အချို့သော ရုပ်ဝတ္ထုများနှင့် နည်းပညာများသည် ဆက်လက် အသုံးပြုခြင်းမရှိတော့သဖြင့် ကမ္ဘာ့ နောက်ဆုံး (The Last of World) စာရင်းသို့ ရောက်ရှိခဲ့ကြသည်။

၁၀။ ခုံးချည်မျှင် အပ်ချုပ်သမား

ရှေးဟောင်း အီတလီလူမျိုးများအသုံးပြုခဲ့သည့် ပိုးချည်မျှင်ရက်လုပ်ခြင်းလုပ်ငန်းသည် ယနေ့ကမ္ဘာတွင် လုံးဝပျောက်ကွယ်ခဲ့ပြီဖြစ်သည်။သို့သော်လည်း လုပ်ဆောင်ရန် ခက်ခဲ၍ ယုံကြည်ရန်ခက်သည့် မျက်လှည့်ဆန်သော ပိုးချည်မျှင်များကို ရက် လုပ်ခြင်းကို နားလည်လုပ်ကိုင်နိုင်သည့် အမျိုးသမီး တစ်ဦးတော့ ကျန်ရှိနေသေးသည်။ ယခုခေတ်တွင် သုံးစွဲနေသည့် ပိုးချည်မျှင်များသည် ပိုးများကိုမွေးမြူကာ ထုတ်လုပ်ကြရသော်လည်း ချီရာရာ ဗီဂိုးသည် အလွန် ရှားပါးသော မျိုးစိတ်တစ်ခုဖြစ်သည့် ခုံးကောင် (clam) ၏ သွားရည်မှ ရွှေရောင်တောက်ပကာ နူးညံ့သည့် ချည်မျှင်ကို ထုတ် လုပ်နိုင် သူဖြစ်သည်။ ယင်းချည်မျှင်သည် အီဂျစ်၊ဂရိနှင့်ရောမတွင် အနူးညံ့ဆုံးချည်မျှင်ဟု လက်ခံထားကြပြီး သံပုရာ ရည်နှင့် အမွှေး အကြိုင်များဖြင့် ပြုပြင်ထားလျှင် ယင်းချည်မျှင်သည် နေရောင်တွင် တောက်ပနေလေ့ရှိသည်။

ယင်းချည်မျှင်သည် အလွန်ပေါ့ပါး၍ ဝတ်ဆင်ထားသူသည် မိမိအသားနှင့် ထိနေသည်ဟုပင် မခံစားရသည့်အပြင် ပင့်ကူ အိမ်ကဲ့သို့ပါးလွှာကာ ရေ၊ အက်ဆစ်၊ အရက်တို့နှင့် ထိလျှင်လည်း မည်သို့မျှ ပြောင်းလဲမှုမရှိဟု ဆိုသည်။ ဗီဂိုသည် ချည်မျှင်ရက်လုပ်ရမည့် ကုန်ကြမ်းများကို နှစ်စဉ် နွေဦးပေါက်ရာသီတွင် ရှာဖွေစုဆောင်းရသည်။ မြေထဲပင်လယ် ဒေသတွင် မူရင်းပေါက်ဖွားသည့် ပန်ကာပုံသဏ္ဍာန်ရှိသော pinna nobilis ခုံးမျိုးစိတ်သည် မျိုးတုံးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသည်။ ဗီဂိုသည် ယင်းခုံးကြီးကောင်၏ မာခဲနေသည့် သွားရည်များကို ရရှိနိုင်ရန် နံနက် စောစော အချိန်များတွင် ရေငုပ်၍ ရှာ ဖွေလေ့ရှိသည်။ ဗီဂိုသည် ယင်းသွားရည်ခဲများ ရရှိရန် ခုံးကောင်များကို တစ်စုံတစ်ရာ မထိခိုက်စေဘဲ၊ မသေဆုံးစေဘဲ အထူးကျွမ်း ကျင်စွာ ဖြတ်တောက် ထုတ်ယူနိုင်သူ ဖြစ်သည်။ ကုန်ကြမ်း ၂၀၀ ဂရမ်ရရှိရန် အကြိမ်ပေါင်း ၃၀၀ မှ ၄၀၀ အတွင်း ရေငုပ်ရ လေ့ရှိသည်။

ကုန်ကြမ်းများအသင့် ရရှိသည်နှင့် ဗီဂိုသည် စန်တန်တီယိုကို ၊ ဆာဒီနီယံကျွန်းမှ ချည်မျှင်ပြတိုက်ရှိ သူ၏အလုပ်ခန်းတွင် ချည်မျှင်ရက်လုပ်ခြင်းကို ဆောင်ရွက်လေ့ရှိသည်။ ရှေးဦးစွာ ခဲနေသည့် ခုံးသွားရည်များကို ပင်လယ်ရေမှော်များနှင့် ရော၍ရေတွင် နှစ်ကာ စိုစွတ်အောင်ပြုလုပ်ပြီး အခြောက်ပြန်ခံကာ သိုးမွေးဖြီးသည့် ဝက်မှင်ဘီးဖြင့် ဖြီး၍ အမျှင်များရောထွေးမနေစေရန်ပြုလုပ် ရသည်။ထို့နောက် ဗိုင်းလိပ်တံဖြင့် နူးညံ့သော အမျှင်များကို ရွှေရောင်ခြည်မျှင်များ ထွက်လာစေရန် ရက်လုပ်ရသည်။ အမျှင်များခိုင်ခံ့မှုရှိစေရန် အကြိမ်များစွာ ရက်ဘီးဖြင့် လှည့်ပတ်ပြီးမှ ရက်ကန်းလွန်းပေါ်သို့တင်ကာ ရက်လုပ်သည်။ ခုံး ချည်မျှင့်ဖြင့် ရက်လုပ်ထားသည့် အထည်သည် နှစ်ပေါင်းထောင်နှင့် ချီ၍ သက်တမ်းရှည်ကြာကာ မီးလောင်ခြင်းကိုပင် ခံနိုင်သည်ဟု ဆိုပေသည်။

၉။ လက်လုပ်ကမ္ဘာလုံးများ

ယနေ့ကမ္ဘာတွင် GPS ဟုခေါ်သည့် တည်နေရာပြ မြေပုံအညွှန်းနည်းပညာ ထွန်းကားလာခဲ့ပြီးနောက် ကမ္ဘာလုံးနှင့် မြေပုံ များ ထုတ်လုပ်မှုသည် ပျောက်ကွယ်သွားမည့် အခြေအနေသို့ဆိုက်ရောက်ခဲ့သည်။ယခုအချိန်တွင် ခေတ်မီ လက်လုပ် ကမ္ဘာ လုံးများ ထုတ်လုပ်သည့် အလုပ်ရုံသည် နှစ်ရုံသာ ကျန်ရှိတော့ရာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် Bellerby & Co. Globemakers သည် တစ်ခုအပါအဝင်သည်။ ပီတာဘယ်လ်ဘာရီသည် သူ၏ ဖခင်ဖြစ်သူ အသက်၈၀ ပြည့်မွေးနေ့တွင် အရည်အသွေးမြင့် ကမ္ဘာလုံးတစ်လုံးကို လက် ဆောင်ပေးရန် ကြိုးစားပမ်းစားရှာဖွေခဲ့သည်။ ဈေးပေါ၍ ကျိုးပဲ့လွယ်သော ကမ္ဘာလုံးများနှင့် ဈေးနှုန်းကြီးမြင့်သော ပြန်လည်ပြုလုပ် ထားသည့် ရှေးဟောင်းကမ္ဘာလုံးများအကြား ရွေးချယ်ရမှုများနှင့် တွေ့ကြုံခဲ့ရပြီးနောက် ပီတာ ဘယ်လ်ဘာရီသည် မိမိကိုယ်တိုင် ကမ္ဘာလုံးတစ်လုံး ပြုလုပ်၍ ဖခင်ထံ ပေးရန် ဆုံးဖြတ်ခဲ့သည်။

ကမ္ဘာလုံးများထုတ်လုပ်သည့် နည်းစဉ်သည် သူထင်ထားသည်ထက် များစွာပိုမိုရှုပ်ထွေးကာ စရိတ်စက အလွန်ကြီးမြင့်ခဲ့ သည်။ ပီတာဘယ်လ်ဘာရီသည် ပြီးပြည့်စုံသော ကမ္ဘာလုံးထုတ်လုပ်နိုင်ရန် နှစ်နှစ်ကြာ အားထုတ်ကြိုးပမ်းခဲ့ပြီးနောက် ကမ္ဘာလုံး ထုတ်လုပ်သည့် လုပ်ငန်းကို စီးပွားဖြစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကာ သူ၏ အလုပ်ရုံကို ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယခုအချိန် တွင် ဘယ်လ်လာဘီသည် လက်လုပ် အဆင့်မြင့် ကမ္ဘာလုံး ထုတ်လုပ်သည့် လုပ်ငန်းအဖွဲ့ငယ်လေးတစ်ခုကို ပိုင်ဆိုင် ထား သည်။

လက်လုပ် ကမ္ဘာလုံးတစ်လုံးစီကို အမှာရှိမှသာ ပြုလုပ်ပြီး အမျိုးအစားကတစ်ခုတည်းသာဖြစ်သည်။ကမ္ဘာလုံး၏ အစိတ် အပိုင်းတစ်ခုစီကို အိမ်တွင်း လက်မှုပညာနှင့် ခေတ်မီ နည်းပညာတို့ပေါင်းစပ်ပြုလုပ်သည်။လက်လုပ် ကမ္ဘာလုံးတစ်လုံး၏ တန်ဖိုး သည် ဒေါ်လာ ၁၅၀၀ မှ စတင်သည်။ကမ္ဘာလုံး တစ်လုံး မည်သို့ပြုလုပ်ရမည်ဆိုသည်ကို သိရှိရန် လုပ်ငန်းအဖွဲ့ဝင်များသည် အနည်းဆုံး ခြောက်လကြာ သင်ယူကြရသည်။

၈။ လက်ရေးဖြင့် ထုတ်ဝေသည့် သတင်းစာ

ယနေ့ကမ္ဘာ၏ အင်တာနက် ခေတ်တွင် ဒီဂျစ်တယ် ပုံနှိပ်လုပ်ငန်း၊၂၄ နာရီ ထုတ်လွှင့်နေသည့် သတင်းဌာနများ၊ သတင်း ခေါင်းကြီးများသည် လူထုထံသို့ ယခုထက်ပိုမိုလျင်မြန်စွာမရောက်ရှိနိုင်တော့ချေ။သို့သော် အိန္ဒိယ နိုင်ငံ၏ တစ်နေရာတွင် အတိတ်ကာလက သားစဉ်မြေးဆက် အစဉ်အလာတစ်ရပ်အဖြစ် တည်ရှိခဲ့သည့် လက်ရေး သတင်းစာ ထုတ်ဝေမှု လုပ်ငန်းသည် ယနေ့တိုင်ရှင်သန် နေဆဲဖြစ်သည်။

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း၊ဘင်္ဂလားပင်လယ်အော်အနီးရှိ အမီလ်နာဒူးပြည်နယ် မြို့တော် Chennai တွင် အူရဒူလ်ဘာသာ ဖြင့် နေ့စဉ် ထုတ်ဝေသည့် The Musalman အမည်ရှိ ညနေပိုင်းသတင်းစာ တစ်စောင်ရှိသည်။ သတင်းစာ တစ်စောင်လုံးကို လက် ရေးဖြင့် ရေးသားထုတ်ဝေလျက်ရှိရာ လက်ရေး လက်သား အထူးလှပသော သတင်းထောက်သုံးဦးက စာမျက်နှာ တစ်မျက်နှာရရှိရန် သုံးနာရီ အချိန်ယူရသည်။

လက်ရေးဖြင့် ရေးသားပြီးသော သတင်းစာကို ဖလင်ထုတ်၊ပုံနှိပ်၍ ခေါက်ချိုး ချိုးကာ သတင်းစာ ဖတ်ရှုသူ ၂၁၀၀၀ အား ရောင်းချလျက်ရှိသည်။ယခင်က ဖောင်ပိတ်သတင်းများရောက်ရှိလာလျှင် သတင်းစာကို အစမှ ပြန်လည်ရေးသားခဲ့ကြသော်လည်း ယခုအခါတွင် သတင်းစာမျက်နှာဖုံးထောင့်တွင် အကွက်တစ်ကွက်ချန်ထားပြီး ကြားဖြတ်သတင်းများကို ထည့်သွင်းလေ့ရှိသည်။ သို့ သော် သတင်းစာသားများ မှားယွင်းရေးသားမိပါက ယင်းစာရွက်ကို ဆုတ်ဖြဲ၍ အသစ်ပြန်လည်ရေးသားကြရပေသည်။ကမ္ဘာတွင် တစ်ခုတည်းသော လက်ရေးမူ သတင်းစာအဖြစ် ရပ်တည်နေသည့် The Musalman သည် ကမ္ဘာပေါ်တွင်နောက်ဆုံး အရာတစ်ခု အဖြစ်ကျန်ရှိနေသည်။။

၇။ အစောင့်အရှောက်များကြားမှ ကြံ့ဖြူကြီးဆူဒန်

ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိနေသည့် အဖြူရောင် မြောက်ပိုင်းဒေသ ကြံ့ဖိုကြီးဆူဒန်ကို ကင်ညာနိုင်ငံ၊ပီဂျီတာထိန်း သိမ်း စောင့်ရှောက်ရေးစခန်းတွင် အထူးစောင့်ရှောက်ရေးအဖွဲ့က တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက် စောင့်ရှောက်မှုပြု လျက်ရှိသည်။ အသက် ၄၄ နှစ်ရှိပြီဖြစ်သည့် ဆူဒန်၏ ဇာတ်လမ်းသည် အံ့ဖွယ်အတိဖြစ်ခဲ့သည်။ ဆူဒန်ကို ငယ်ရွယ်စဉ် အခါက ဖမ်းဆီးရမိ ခဲ့ကာ ဆူဒန်သည် ချက်နိုင်ငံ တိရိစ္ဆာန်ရုံတစ်ခုတွင် ၃၇ နှစ်ကြာနေထိုင်ခဲ့ရသည်။  ဆူဒန်သည် အိုမင်းလာပြီးနောက် သူ၏ နောက်ဆုံးနေ့ရက်များကို သဘာ၀ ပတ်ဝန်းကျင်အတွင် နေထိုင်နိုင်ရန် ကင်ညာနိုင်ငံ၊ပီဂျီတာ သို့ ရွှေ့ပြောင်းပေးခဲ့သည်။

ပညာရှင်များသည် မျိုးတုံးတော့မည့် မြောက်ပိုင်းဒေသ ကြံ့ဖြူ မျိုးစိတ်ကို မျိုးပွားရန် အားထုတ်နေကြသည့်တိုင် ဆူဒန် သေဆုံးခဲ့လျှင် နောက်တစ်ကောင် ထပ်မံ ရရှိရန် မမျှော်လင့်နိုင်တော့ချေ။ ကြံ့ဦးချိုသည် ဆေးဘက်ဝင်သည်ဟူသည့် အယူအဆ အရ ကြံ့ ဦးချိုများကို ရရှိလို မှုများ ကြောင့် ကမ္ဘာပေါ်ရှိ ကြံ့များသည် နှစ်စဉ်ကောင်ရေများစွာ သတ်ဖြတ်ခြင်းခံနေကြရသည်။ ဆူဒန် ၏ ဦးချိုကိုပင် အကြင်နာမဲ့သော မုဆိုးများရန်မှ ကာကွယ်နိုင်ရန် ဖြတ်တောက်ထားခဲ့ပြီးဖြစ်ပေသည်။သို့တိုင်အောင် ဆူဒန်ကို စောင့် ရှောက်နေသူ တစ်ဦးဖြစ်သည့်Simor Irungu က မိမိတို့အဖွဲ့သည် ဆူဒန်၏ အသက်အန္တရာယ် လုံခြုံမှု ရှိစေရးအတွက် စွန့်စားမှု များကို ပုံမှန်ဆောင်ရွက်နေကြရ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပေသည်။ ( ကြံဖြူကြီးဆူဒန်သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ အသက် ၄၅နှစ်အရွယ်တွင် သေဆုံးသွားပြီ ဖြစ်သဖြင့် အဖြူရောင်မြောက်ပိုင်းကြံ့များ မျိုးတုံးသွားပြီဖြစ်သည်)

၆။ ကမ္ဘာ့နောက်ဆုံး Vulcan ဗုံးကြဲလေယာဉ်

လေတွင်ပျံသန်းနိုင်သည့် စွမ်းအားရှိသေးသည့်ဗုံးကြဲလေယာဉ်ကြီး Vulcan ကို လန်ဒန်နှင့်အက်စ်စက်စ်တို့တွင် နောက်ဆုံး နှုတ်ဆက် ခရီးစဉ်တစ်ရပ်အဖြစ် လှည့်လည်ပြသခဲ့သည်။စစ်အေးကာလအတွင်း အသုံးပြုခဲ့သည့် ဂျက်လေယာဉ်ကြီး Vulcan သည် ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှစ၍ အန္တရာယ်ကင်းရှင်းရေး အကြောင်းများကြောင့် မြေပြင်တွင်သာ နားခိုခဲ့ရသည်။ Vulcan ဆက်လက် ပျံသန်းမှုများပြုလုပ်နိုင်ရန် ထောက်ခံသူများထံမှ ပေါင်စတာလင်ငွေများ သန်းနှင့်ချီကာ ရရှိခဲ့ပြီးနောက် မကြာမီ နှစ်များအတွင်း Vulcan အား ဗြိတိန်နိုင်ငံ တစ်ဝန်း လေကြောင်းပြပွဲများတွင် ပုံမှန်ပြသခဲ့သည်။

Vulcan ကိစ္စဆောင် ရွက်နေ သည့် အဖွဲ့က Vulcan ၏ နိုင်ငံအတွင်း နှစ်ကြိမ် လှည့်လည်မည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ၂၀၁၅ ခုနှစ်ဇွန်လတွင်လန်ဒန်မြောက် ပိုင်း ဟန်ဒန်မှ အက်စ်စက်စ်ရှိ ဆောက်အန်း သို့ ပျံသန်းခဲ့သည်။ အခြား Vulcan ဗုံးကြဲလေယာဉ် နှစ်စီးကို ဟန်ဒန်ရှိ RAF ပြတိုက်နှင့် ဆောက်အန်းလေဆိပ်တို့တွင် တစီးစီကို ထိန်း သိမ်းစောင့်ရှောက်ထားသည်။

၅။ လက်လုပ် ကတ်ကြေးစက်ရုံ

ကတ်ကြေးများကို လက်ဖြင့်ပြုလုပ်ကာ ယနေ့တိုင်ထုတ်လုပ်နေသည့် စက်ရုံသည် ကမ္ဘာပေါ်တွင် Ernest Wright and Son Limited စက်ရုံ တစ်ခုသာ ရှိသည်။ယင်းစက်ရုံသည် ၂၀၀၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရမည့် အနေအထားရှိခဲ့ရာ ဗီဒီယို ဓာတ်ပုံ ဆရာဘလပ်ဝေါ့သ်က ကပ်ကြေးများကို လက်ဖြင့်အဆင့်ဆင့်ပြုလုပ်ပုံကို ဗီဒီယို ရိုက်ကူးပြသခဲ့ရာ လူအများ စိတ်ဝင်စားခဲ့ကြ သည်။

ယင်းဗီဒီယို ပြကွက်ကြောင့် အမေရိကန်နိုင်ငံမှ ကတ်ကြေး အမှာစားများသည် တမဟုတ်ချင်း ဒီရေအလား အထူးတိုးတက် များပြားခဲ့သည်။စက်ရုံတွင် ကလစ်ဖ်ဒန်တန်ဆိုသူက ကတ်ကြေးများကို လက်ဖြင့် လုပ်ကိုင်ရန် စီစဉ်သူဖြစ်ပြီးသူ၏ လက်များဖြင့် ကတ်ကြေးပြုလုပ်ပုံကို ပြသရာတွင် ကြည့်ရှုနေကြသူများအား ညှို့ယူ ဖမ်းစားကာ ကျေနပ်မှုများစွာရရှိစေသည်။လက်ဖြင့်ကတ်ကြေး ပြုလုပ်ခြင်းသည် အခြေခံအကျဆုံး အနုပညာတစ်ရပ်ပင်ဖြစ်ပေသည်။ Ernest Wright နှင့်သားများလီမိတက်သည် အင်္ဂလန်နိုင်ငံ၊ရှက်ဖီးလ်တွင် ၁၉၀၂ ခုနှစ်မှ စတင်၍ ကတ်ကြေးများ ထုတ် လုပ်ခဲ့သည်။

၄။ ပင်လယ်သွား ယက်ဘီးတပ် မီးသင်္ဘော

ရေယက်ဘီးများတပ်ကာ မောင်းနှင်သည့် ပင်လယ်ကူးမီးသင်္ဘောများအနက် PS Waverley သည် ကမ္ဘာပေါ်တွင် နောက် ဆုံး ဖြစ်သည်။ ၁၉၄၆ ခုနှစ် တွင် တည်ဆောက်ခဲ့သည့် PS Waverley သည် ၁၉၇၃ ခုနှစ် အထိ ပြေးဆွဲခဲ့ပြီး ပင်လယ်ခရီးများ မှ ရပ် နားချိန်တွင် ပင်လယ်သွား ယက်ဘီးတပ် မီးသင်္ဘော ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းက ဝယ်ယူခဲ့သည်။

ယင်းမီးသင်္ဘောကို ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းက မူလ ဂုဏ်ရည် အတိုင်းထိန်းသိမ်းခဲ့သည်။ PS Waverley သည် ၂၀၁၁ ခုနှစ်တွင် သရုပ်ဆောင် Robert Downey ပါဝင်သည့် ရှားလော့ဟုမ်း၏ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည်။ PS Waverley သည် ၂၀၀၃ ခုနှစ်မှစ၍ အင်္ဂလန်နိုင်ငံ အမျိုးသားသမိုင်းဝင်သင်္ဘောများစာရင်းတွင် ထင်ပေါ်ကျော်ကြား အရေးပါသော သင်္ဘော တစ်စီး အဖြစ် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရကာ ကမ္ဘာပေါ်တွင် နောက်ဆုံးပြေးဆွဲခဲ့သည့် ပင်လယ်ကူး ယက်ဘီးတပ် မီးသင်္ဘော ဖြစ်လာခဲ့ပေ သည်။

၃။ ကမ္ဘာ့နောက်ဆုံး လက်လှည့် ကေဘယ်လ်ကား

အမေရိကန်နိုင်ငံ ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ ကေဘယ်လ် ကားများသည် ကမ္ဘာပေါ်တွင် လူအင်အားသုံး ကေဘယ်လ်ကား စနစ်ကို နောက်ဆုံး ကျင့်သုံးခဲ့သည့် နေရာ ဖြစ်သည်။ ဆန်ဖရန်စစ္စကိုမြို့၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သည့် ကေဘယ်လ် ကားများကိုဆန်ဖရန်စစ္စကိုမြို့ မြူနီစီပယ် ရထားလမ်းအဖွဲ့က တာဝန်ယူဆောင်ရွက်နေသည့် အင်တာမော်ဒယ် မြို့ပြ သယ်ယူပို့ ဆောင်ရေး ကွန်ရက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖွဲ့စည်းထားသည်။ ကေဘယ်လ်လိုင်း ၂၃ ခုကို ၁၈၇၃ ခုနှစ်မှ ၁၈၉၀ ပြည့်နှစ်အတွင်း တည်ထောင်ခဲ့သော်လည်း ယခုအချိန်တွင် သုံးလိုင်းမျှ သာ ကျန်ရှိတော့ရာ ဆန်ဖရန်စစ္စကိုမြို့လယ် ယူနီယံ စကွဲယားအနီးမှ ငါးလုပ်ငန်း ဆိပ်ခံတံတားသို့ သွားသည့် လမ်းကြောင်းနှစ် ကြောင်းနှင့် ကယ်လီဖိုးနီးယား လမ်းတစ်လျှောက်တွင် တစ်လိုင်းဖြစ်သည်။

ကေဘယ်လ်ကားများကို ပုံမှန် စီးနင်းသူများ အတိုင်းအတာကို ကြည့်၍ ပြေးဆွဲခဲ့ရာ နှစ်စဉ်ကမ္ဘာလှည့်များက စီးနင်းမှု အများဆုံးဖြစ်ကာ အများဆုံး ခုနစ်သန်းအထိ ပို့ဆောင်ပေးရသည်။ကမ္ဘာလှည့်ခရီးသည် အများစုသည် ဆန်ဖရန်စစ္စကို၏ Alcatraz ကျွန်း၊ ဂိုးလ်ဒင်းဂိတ်တံတား၊ ငါးလုပ်ငန်းဆိပ်ခံ အစရှိသည့် ထူးခြားသော ရှုခင်းများကို ကေဘယ်လ်ကားများဖြင့်လိုက်လံကြည့်ရှုလေ့ ရှိကြသည်။ကေဘယ်လ်ကားများသည် သမိုင်းဝင်နေရာများ အမျိုးသားမှတ်ပုံတင်စာရင်းတွင် ထည့်သွင်းခြင်းခံရသည်။

၂။ နောက်ဆုံး နယ်လှည့် ရုပ်ရှင်ရုံ

အင်္ဂလန်နိုင်ငံ၊ နည်းပညာ ဝန်ကြီးဌာနက ၁၉၆၀ ပြည့်နှစ်များတွင် ဖန်တီးခဲ့သည့် နယ်လှည့် ရုပ်ရှင်ရုံ ဘတ်စ်ကား ခုနစ်စီး အနက် ယခုအချိန်တွင် တစ်စီးသာ ကျန်ရှိတော့သည်။ယင်း ဘတ်စ် ခုနစ်စီးသည် အ၈ၤလန်နိုင်ငံ အနှံ့ လှည့်လည်သွားရောက်ကာ အင်ဂျင်နီယာများ၊စက်မှု ဒီဇိုင်းဖန်တီးသူများနှင့် အခြားသူများကို ခေတ်မီ ထုတ်ကုန်နည်းစနစ်များကို ပညာဖြန့်ဖြူးပေးခဲ့သည်။

ရုပ်ရှင်ရုံများသည် အင်္ဂလန်နိုင်ငံ မြို့ကြီး၊မြို့ငယ်များတွင် ပံ့ပိုးကူညီမှုများဖြန့်ဝေခဲ့ကြသဖြင့် ရုပ်ရှင်ရုံ ဘတ်စ်ကား များ၏ ပညာပေး ခရီးစဉ်များသည် များစွာချောမွေ့ အဆင်ပြေခဲ့သည်။ရုပ်ရှင်ရုံတစ်ရုံစီကို နောက်တွဲယာဉ် တစ်စီးဖြင့် တွဲထားကာ ယင်း နောက်တွဲယာဉ်ထဲတွင် ရုပ်ရှင်တွင်ပြသသည့် ဘာသာရပ်ဆိုင်ရာ နှင့်စာပေများကို အသေးစိတ် တင်ပြချက်မှုများ ပြုလုပ်သည်။ယင်း ရုပ်ရှင်ရုံ ဘတ်စ်များကို အသုံးမပြုတော့ဘဲ ဘတ်စ်အားလုံးကို ၁၉၇၄ ခုနှစ်တွင် ရောင်းချခဲ့ရာ ကားတစ်စီးက ထူးဆန်းစွာပျောက် ဆုံးသွားခဲ့သည်။

လက်ရှိအချိန်တွင် ရုပ်ရှင်ရုံဘတ်စ်တစ်စီးကို ပိုင်ဆိုင်ထားသူများသည် ကားကို ဝယ်ယူခဲ့စဉ်က ပုံပျက်နေသဖြင့် ပြင်ဆင် မွမ်းမံကာ ကြည့်ကောင်းအောင် ထိန်းသိမ်းမှုများပြုလုပ်ခဲ့ကြသည်။ခေတ်မီ ယာဉ်တစ်စီးအဖြစ် ပြုပြင်ကာ အပူ အအေးပေးစနစ်များ ကို တပ်ဆင်ခဲ့သည်။ရိုမက်တစ်ဆန်သည့် တစ်ချိန်က ရုပ်ရှင်ရုံ ဘတ်စ်ကို ၂၀၁၅ ခုနှစ် မေလတွင် e Bay တွင် ရောင်းချခဲ့သည်။

၁။ နောက်ဆုံး နင်ဂျာ

အသက် ၆၄ နှစ် အရွယ်ရှိပြီဖြစ်သည့် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ဂျီနီချီ ကာဝါကာမီသည် ဂျပန်နိုင်ငံ၏ နင်ဂျာ တစ်ဦး ဖြစ် ဖွယ်ရှိကြောင်းပြောဆိုကြသည်။လွန်ခဲ့သော နှစ် ၅၀၀ က ဂျပန်နိုင်ငံတွင် အမြစ်တွယ်ခဲ့သည့် နင်ဂျာ မိသားစု အဆက်တစ်ခုဖြစ်သည့် Ban မျိုးနွယ်စုတွင် ဂျီနီချီ ကာဝါကာမီသည် ၂၁ ဦးမြောက် ခေါင်းဆောင်ဖြစ်သည်။ ဂျီနီချီ ကာဝါကာမီ၏ ပြောဆိုချက်အရ Ban မျိုးနွယ်စု တွင် ၂၂ ဦးမြောက် ခေါင်းဆောင်သည် မည်သည့် အခါမှ မရှိနိုင်တော့ဟု ဆိုပေသည်။

နင်ဂျာကြီး ဂျီနီချီ ကာဝါကာမီက သူသည် ဂျပန် ပဒေသရာဇ် ခေတ်များတွင် သူလျှိုများနှင့် လုပ်ကြံသတ်ဖြတ်သူများ အသုံး ပြုခဲ့သည့် အတတ်ပညာအားလုံးကို သင်ယူထားသည့် တစ်ဦးတည်းသော အသက် ရှင်ကျန်ရှိနေသူ နောက်ဆုံး နင်ဂျာ ဖြစ် ကြောင်း ပြောဆိုခဲ့သည်။သူသည် အခြားအခန်းတစ်ခုတွင် အပ်တစ်ချောင်းကျသည့် အသံကိုပင် ကြားနိုင်ရန် နှင့်မီးခိုးမြူများကြားတွင် ပျောက် ကွယ်သွားစေရန် လေ့ကျင့် ခဲ့သည်။ထို့အတူ ခြေလှမ်း ၂၀ ကွာဝေးသည့် နေရာတွင်ရှိနေသည့် ရန်သူ၏ လည်ပင်းကို နှစ်လက်မ သာ ရှိသည့် ဓားဖြင့် ဖြတ်တောက်နိုင်သည်ဟု ဆိုပေသည်။

သူသည် နင်ဂျုစု အတတ်ပညာကို သင်ကြားပို့ချေပေးနိုင်ရန် အင်ဂျင်နီယာ လုပ်ငန်းများကို လွန်ခဲ့သော ၁၀ နှစ် ကတည်း က စွန့်လွှတ်ခဲ့သည်။သို့သော် ဂျပန်နိုင်ငံ၏ မျက်မှောက်ခေတ်တွင် နင်ဂျာ အတတ်ပညာများ အထူးကျွမ်းကျင်သူ တစ်ဦး ဖြစ်လာ ရန် စိမ်ခေါ်မှုများစွာရှိနေပြီး ဂျီနီချီ ကာဝါကာမီက ယခုခေတ် လူများသည် နင်ဂျာ အတတ်ပညာများနှင့် မသင့်လျော်ဟု ဆိုကာ မိမိတတ်မြောက် ထား သည့် နင်ဂျာဆိုင်ရာပညာရပ်အားလုံးကို မိမိသေဆုံးချိန်တွင် မိမိနှင့် အတူ အဆုံးသတ်စေရန် ဆုံးဖြတ်ခဲ့ ပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် မေလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ