အကြီးဆုံး ကုမ္ပဏီဆိုတာကို လုပ်သားဦးရေ ၊ လုပ်ငန်းခွဲပေါင်းအရေအတွက် ၊ ဝင်ငွေတို့နဲ့ နှိုင်းယှဉ်တွက်ချက်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ၂၀၁၈ ခုနှစ် ဝင်ငွေစာရင်းအရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး ၁၀ ခု အကြောင်းကို မျှဝေသွားပါမယ်။ ထူးခြားတာကတော့ ဒီစာရင်းမှာ လူသိများတဲ့ အမေဇုန် နဲ့ Apple တို့လို နည်းပညာ နဲ့ အီလက်ထရောနစ် ကုမ္ပဏီကြီးတွေ ပါဝင်ခြင်း မရှိတာပါ။ ဝင်ငွေအရဆုံး ကုမ္ပဏီကြီးတွေစာရင်းမှာ Apple က နံပါတ် ၁၁ နဲ့ Samsung က နံပါတ် ၁၅တို့မှာ အသီးသီးရပ်တည်နေပါတယ်။
၁၀။ Toyota
ကျွန်တော်တို့နဲ့ ရင်းနှီးပြီးဖြစ်တဲ့ Toyota ကားကုမ္ပဏီကတော့ ဒီစာရင်းမှာ နံပါတ် ၁၀ ပါ။ Toyota Motor Corporation ကတော့ ဂျပန်နိုင်ငံ Aichi စီရင်စုနယ် Toyota မြို့မှာ အခြေစိုက်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ ၁၉၃၇ခုနှစ်မှ ဂျပန်လုပ်ငန်းရှင် Kiichiro Toyoda က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးကားကုမ္ပဏီဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ တစ်နှစ်တည်းနဲ့ ကားစီးရေ ၁၀သန်းကျော်ကို ရောင်းချနိုင်ခဲ့တဲ့ ပထမဆုံးကုမ္ပဏီလည်း ဖြစ်ပါတယ်။
မော်တော်ကား ၊ တန်ဖိုးကြီးဇိမ်ခံကား ၊ စီးပွားရေးလုပ်ငန်းသုံးကားအမျိုးမျိုး နဲ့ အင်ဂျင်တွေဟာ Toyota ရဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။ Toyota တံဆိပ်အပြင် Lexus ၊ Ranz ၊ Scion (defunct) TRD ၊ Gazoo Racing ၊ Daihatsu စတဲ့တံဆိပ်တွေနဲ့လည်း ထုတ်လုပ်ပါသေးတယ်။ လက်ရှိမှာတော့ ဝန်ထမ်းပေါင်း ၃၇၀၈၇၀ ဦး ရှိနေပြီး ၂၀၁၈ ခုနှစ်စာရင်းအရ ဒီကုမ္ပဏီရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၇၂ဘီလျံ ဖြစ်ပါတယ်။
၉။ Volkswagen
၉ ခုမြောက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကတော့ ဂျာမန်ကားကုမ္ပဏီကြီးဖြစ်တဲ့ Volkswagen ဖြစ်ပါတယ်။ သူကတော့ ဂျာမနီနိုင်ငံ Wolfsburg မြို့မှာ အခြေစိုက်ပါတယ်။ ကုမ္ပဏီရဲ့ အဓိကပိုင်ရှင်ကတော့ Porsche မိသားစုဖြစ်ပါတယ်။ ကားတွေ ၊ မော်တော်ဆိုင်ကယ်တွေ ၊ စီးပွားရေးလုပ်ငန်းသုံး ယာဉ်အမျိုးမျိုး ၊ အင်ဂျင်များ နဲ့ လုပ်ငန်းသုံးစက်အကြီးစားတွေကတော့ ဒီကုမ္ပဏီရဲ့ အဓိကထုတ်ကုန်ဖြစ်ပါတယ်။ ဘဏ် ငွေကြေးဆိုင်ရာလုပ်ငန်း နဲ့ အာမခံလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါသေးတယ်။
နာမည်ကြီး ကုမ္ပဏီတွေဖြစ်တဲ့ Audi ၊ Ducati ၊ Bentley ၊ Bugatti ၊ Lamborghini စတာတွေဟာ Volkswagen Group ကပဲ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ၁၉၃၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်း နှစ်ပေါင်း ၈၂နှစ် ရှိပြီဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်စာရင်းအရ ဒီကုမ္ပဏီကြီးရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၇၈.၃ ဘီလျံ ဖြစ်ပြီး ဝန်ထမ်းပေါင်းကတော့ ၃၀၄၁၇၄ဦးခန့် ရှိနေပြီဖြစ်ပါတယ်။
၈။ ExxonMobil
ExxonMobil ကတော့ အမေရိကန်နိုင်ငံ တက်စ်ဆက်ပြည်နယ် Irving မြို့မှာ အခြေစိုက်တဲ့ ရေနံနဲ့ဓာတ်ငွေ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ တချိန်က ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်ခဲ့တဲ့ ဂျွန်ဒီရော့ဖဲလားရဲ့ Standard Oil ကနေ ဆင်းသက်လာတဲ့ ကုမ္ပဏီတွေထဲက အကြီးဆုံးကုမ္ပဏီလည်းဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ထုတ်ကုန်တွေကတော့ ရေနံစိမ်း ၊ ရေနံ ၊ သဘာဝဓာတ်ငွေ့ ၊ ရေနံဓာတုလုပ်ငန်း နဲ့ စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေပဲဖြစ်ပါတယ်။
Aera Energy ၊ Esso Australia ၊ Exxon Neftegas ၊ FuelCell Energy စတဲ့ လက်အောက်ခံကုမ္ပဏီကြီးပေါင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ၁၉၉၉ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းဦးရေကတော့ ၇၁၀၀၀ ခန့်ရှိပါတယ်။ ၂၀၁၈ခုနှစ်စာရင်းအရ ဒီကုမ္ပဏီကြီးရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၂၉၀ဘီလျံ ဖြစ်ပါတယ်။
၇။ BP
အကြီးဆုံးကုမ္ပဏီတွေထဲက နံပါတ် ၇ ကုမ္ပဏီကတော့ ဗြိတိသျှအကြီးဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ BP plc ဖြစ်ပါတယ်။ အရင်ကတော့ The British Petroleum Company plc နဲ့ BP Amoco plc လို့ခေါ်ခဲ့ပါတယ်။ ရေနံ နဲ့ ဓာတ်ငွေ့ ကုမ္ပဏီကြီးဖြစ်ပြီး အဓိကထုတ်ကုန်တွေကတော့ လောင်စာဆီ ၊ သဘာဝဓာတ်ငွေ့ ၊ မော်တော်ကားလောင်စာဆီအမျိုးမျိုး ၊ လေယာဉ်ဆီ နဲ့ ရေနံဓာတုလုပ်ငန်း တို့ဖြစ်ပါတယ်။
ရုံးချုပ်ကတော့ လန်ဒန်မြို့မှာတည်ရှိပြီး အဓိကလက်အောက်ခံကုမ္ပဏီနှစ်ခုကတော့ Amoco နဲ့ Castrol ကုမ္ပဏီတွေဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဝန်ထမ်းပေါင်း ၇၃၀၀၀ ခန့်ရှိနေပါပြီ။ ဒီကုမ္ပဏီကြီးရဲ့ ၂၀၁၈ခုနှစ် ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၀၃.၇ဘီလျံ ဖြစ်ပါတယ်။
၆။ Saudi Aramco
ဒီကုမ္ပဏီကတော့ ဆော်ဒီအာရေဗျနိုင်ငံ ဒါရမ်မြို့မှာအခြေစိုက်တဲ့ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်ပါတယ်။ ၁၉၃၃ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကြီးဖြစ်ကာ ပိုင်ရှင်ကတော့ ဆော်ဒီအာရေဗျ အစိုးရ ဖြစ်ပါတယ်။ တကမ္ဘာလုံးကို ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေဖြန့်ဝေနေတဲ့ အကြီးဆုံးကုမ္ပဏီကြီးဖြစ်ကာ ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ အသားတင်အမြတ်ငွေ ၁၁၁ ဘီလျံရှိကာ ကမ္ဘာ့အမြတ်ငွေအများဆုံး နံပါတ် ၁ ကုမ္ပဏီဖြစ်ခဲ့ပါတယ်။
ရေနံ ၊ သဘာဝဓာတ်ငွေ့ ၊ ရေနံစိမ်းအပြင် အခြားရေနံထုတ်ကုန်တွေကိုလည်း ထုတ်လုပ်လျက်ရှိပြီး တကမ္ဘာလုံးကို ရေနံစည်ပေါင်း ၂၇၀ ဘီလျံလောက် ရောင်းချခဲ့ပြီးပါပြီ။ ဒီကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ရေနံမြေတွေဖြစ်တဲ့ Ghawar Field နဲ့ Safaniya Field တို့ကနေ ရေနံတွေ ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း အနေနဲ့ကတော့ ၇၆၀၀၀ ခန့်ရှိပြီး သူ့ရဲ့ ၂၀၁၈ ခုနှစ် ဝင်ငွေကတော့ ၃၅၅.၉ ဘီလျံ ဖြစ်ပါတယ်။
၅။ State Grid
ဒီကုမ္ပဏီကတော့ တရုတ်နိုင်ငံက လျှပ်စစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ State Grid Corporation of China ဖြစ်ပါတယ်။ ဒီကုမ္ပဏီကလည်း တရုတ်အစိုးရပိုင် ကုမ္ပဏီပဲဖြစ်ပြီး ၂၀၀၂ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတစ်ခုလုံးရဲ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ သူကလည်း ဘေဂျင်းမှာပဲ အခြေစိုက်ပါတယ်။
တရုတ်နိုင်ငံတင် မကသေးပဲ ဖိလစ်ပိုင် ၊ သြစတြေးလျ ၊ ဘရာဇီး ၊ ပေါ်တူဂီ ၊ အီတလီ နဲ့ ဂရိနိုင်ငံတွေမှာပါ လုပ်ငန်းခွဲတွေ လုပ်ကိုင်နေပါသေးတယ်။ လျှပ်စစ်ဓာတ်အားပေး လိုင်းတိုင်ကွန်ယက် နဲ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေက သူ့ရဲ့အဓိကလုပ်ငန်းတွေဖြစ်ပါတယ်။ ဝန်ထမ်းဦးရေကတော့ ၉၁၃၅၄၆ဦး ရှိပြီး ၂၀၁၈ ခုနှစ်စာရင်းအရ သူ့ရဲ့ဝင်ငွေကတော့ အမေရိကန် ၃၈၇ ဘီလျံ ဖြစ်ပါတယ်။
၄။ China National Petroleum
China National Petroleum Corporation ကတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံ နဲ့ ဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ ရှယ်ယာအများစုကို တရုတ်အစိုးရက ပိုင်ဆိုင်ထားတာဖြစ်ပြီး ရုံးချုပ်ကတော့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ရှိပါတယ်။ ဝန်ထမ်းဦးရေနဲ့တွက်ရင်တော့ ကမ္ဘာ့ဒုတိယအကြီးဆုံး ကုမ္ပဏီကြီးဖြစ်ပါတယ်။ လောင်စာဆီအမျိုးမျိုး ၊ သဘာဝဓာတ်ငွေ့ နဲ့ ဓာတုထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။
အီရတ် ၊ အီရန် ၊ ဆီးရီးယား ၊ တောင်ဆူဒန် ၊ ရုရှား ၊ ကာဇက်စတန် စတဲ့ နိုင်ငံပေါင်းများစွာမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။ ၁၉၈၈ ခုနှစ်မှ စတင်တည်ထောင်တဲ့ ကုမ္ပဏီဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝန်ထမ်းပေါင်း ၁.၆သန်းကျော် ရှိနေပြီဖြစ်ပါတယ်။၂၀၁၈ ခုနှစ်စာရင်းအရ သူ့ရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၉၂.၉ဘီလျံ ဖြစ်ပါတယ်။
၃။ Royal Dutch Shell
Royal Dutch Shell ကတော့ ရေနံ နဲ့ ဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်တဲ့ နယ်သာလန်ရဲ့ အကြီးဆုံး ကုမ္ပဏီဖြစ်ပါတယ်။ ဗြိတိန်-ဒတ်ချ် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရုံးချုပ်ကတော့ နယ်သာလန်နိုင်ငံ The Hague မြို့မှာ တည်ရှိပါတယ်။ ဖက်စပ်ရုံးကတော့ ယူကေ လန်ဒန်မြို့မှာရှိပါတယ်။ ၁၉၀၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး အခုဆိုရင် သက်တမ်း နှစ်ပေါင်း ၁၁၂နှစ် ရှိပါပြီ။
သူ့ရဲ့ထုတ်ကုန်တွေကတော့ လောင်စာဆီ ၊ သဘာဝဓာတ်ငွေ့ ၊ LNG ၊ ချောဆီ နဲ့ ရေနံဓာတုထုတ်ကုန် တွေဖြစ်ပါတယ်။ သြစတြေးလျ ၊ တောင်အာဖရိက ၊ ကနေဒါ ၊ ဟောင်ကောင် ၊ ပါကစ္စတန် ၊ အိန္ဒိယ ၊ နိုင်ဂျီးရီးယား ၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာလည်း ကုမ္ပဏီခွဲတွေရှိနေပါတယ်။ ၂၀၁၈ ခုနှစ်စာရင်းအရ သူ့ရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၉၆.၅ဘီလျံ ဖြစ်ပြီး ဝန်ထမ်းပေါင်းကတော့ ၈၂၀၀၀ ခန့်ရှိပါတယ်။
၂။ Sinopec
Sinopec Group ကလည်း နောက်ထပ် တရုတ်အစိုးရပိုင် ရေနံ နဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ သူ့ကို China Petrochemical Corporation လို့လည်းခေါ်ကြပါတယ်။ တရုတ်နိုင်ငံဘေဂျင်းမြို့မှာ အခြေစိုက်ပြီး ၁၉၉၈ ခုနှစ်ကမှ ဒီကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ လောင်စာဆီအမျိုးမျိုး ၊ ရေနံသန့်စင်ခြင်းလုပ်ငန်း ၊ သဘာဝဓာတ်ငွေ့ ၊ လေယာဉ်ဆီ ၊ ချောဆီ နဲ့ ဓာတုထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။
တရုတ်နိုင်ငံ နဲ့ အာဖရိကဒေသအများစုမှာ ရေနံတူးဖော်ရေး လုပ်ငန်းခွင်တွေရှိတဲ့ ဒီကုမ္ပဏီရဲ့ ဝန်ထမ်းအရေအတွက်ကတော့ ၆၆၇၇၉၃ ဦး ဖြစ်ပြီး ၂၀၁၈ ခုနှစ်စာရင်းအရတော့ ဒီကုမ္ပဏီရဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄၁၄.၆ဘီလျံ ဖြစ်ပါတယ်။
၁။ Walmart
ဒီစာရင်းမှာ နံပါတ် ၁ ဖြစ်တဲ့ Walmart ကတော့ အမေရိကန်မှာ မသိသူမရှိတဲ့ လက်လီစတိုးဆိုင် လုပ်ငန်းစုကြီးဖြစ်ပါတယ်။ အမေရိကန်အပြင် ကမ္ဘာအနှံ့မှာ စတိုးဆိုင်ခွဲပေါင်း ၁၁၀၀၀ ကျော်ကို ဖွင့်ထားနိုင်တဲ့ အကြီးဆုံးကုမ္ပဏီကြီးဖြစ်ပြီး Samuel Walton က ၁၉၆၂ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Walmart ရုံးချုပ်ကတော့ အမေရိကန် အာကန်ဆတ် ပြည်နယ်က Bentonville မြို့မှာဖြစ်ပါတယ်။
လက်လီစတိုးဆိုင် ဆိုတဲ့အတိုင်း လူ့အသုံးအဆောင်ပစ္စည်းအားလုံးနီးပါးကို တစ်နေရာတည်းက ရရှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဆိုင်ခွဲပေါင်း ၄၇၀၀ကျော်ရှိနေပြီး ဒီအထဲမှာ Walmart Supercenter ၊ Walmart Discount Store ၊ Walmart Neighborhood Market ၊ Amigo စတဲ့ အမျိုးအစားဆိုင်တွေပါဝင်ပါတယ်။ ဝင်ငွေအရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်သလို ဝန်ထမ်းအရေအတွက်အရလည်း ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်ပါတယ်။ ဝန်ထမ်းပေါင်း ၂.၂သန်းခန့်ရှိပြီး ၂၀၁၈ခုနှစ်စာရင်းအရ ဒီလုပ်ငန်းစုကြီးရဲ့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၅၁၄.၄ဘီလျံ ဖြစ်ပါတယ်။
Ref :
Wikipedia : List of largest companies by revenue