Via: Power Of Wisdom Page
ကမ္ဘာကျော်အောင် နတ်မျက်စိတန်ခိုး အကြားအမြင်ရသော ကရာဇက်၊ ဗင်ဂါ၊ ပီတာဟာကိုး၊ ဂျိန်းဒစ်ဆင်တို့ အနက် လူသေသည့်တိုင်အောင် နာမည်မသေဘဲ တစ်နေ့တစ်ခြား ကျော်သည်ထက်ကျော် လာသူမှာ အမေရိကန်မှ အဂ္ဂါကေစီ ဖြစ်သည်။ ကရာဇက်သည် ကမ္ဘာ့မနော မယိဒ္ဓိ ဗေဒပါရဂူ တို့က စမ်းသပ်ချင်တိုင်း စမ်းသပ်သည်ကို ခံနိုင်သူဖြစ်၏ ။ ဗင်ဂါသည်လည်း ဝင်လာသူ သူစိမ်းတစ်ဦးကိုပင် အမည် ခေါ်နုတ်ဆက်နိုင်သော မျက်မမြင် ပုရောဟိတ် ဖြစ်ပါ၏ ။ ပီတာဟာကိုး သည်လည်း ကရာဇက်ကိုပင် ရဲဌာနနှင့် မနော မယိဒ္ဓိဗေဒတို့ကို အကူအညီ ပေးခဲ့သူဖြစ်ပါ၏ ။ဂျိန်းဒစ်ဆင်လည်း ဗေဒင်ဟောရာတွင် ခေသူမဟုတ်၊
ဤသို့ တစ်ဦးလျှင် တစ်မျိုးစီ ထူးချွန်သော ပါရမီရှင်များ ကြားတွင် ဓါတ်မှန်ရိုက်ကြည့်လိုက်သည့် အတိုင်း လူတစ်ယောက်၏ ကိုယ်ခန္ဓာ အတွင်းရှိ အလွန်းသေးငယ်သည့် မှန်ဘီလူးဖြင့် မမြင်နိုင်သော အာရုံကြောကလေး ကလပ်စည်း ကလေးတစ်ခု ချွတ်ယွင်း ပျက်စီးနေသည်ကို မြင်နိုင်သူ တစ်ဦးတည်းသော နတ်မျက်စိ တန်ခိုးရှင်မှာ အဂ္ဂါကေစီပင်ဖြစ်သည်။ လူများ၏ ရောဂါဝေဒနာများကို ပထမဆုံး ရောဂါ ဘာကြောင့်ဖြစ်သည်။ မည်သည့် အင်္ဂါအစိတ်အပိုင်း ချွတ်ယွင်း သောကြောင့်ဖြစ်သည်ကို နတ်မျက်စိဖြင့် ရှာသည်။ ရောဂါကိုတွေ့ သောအခါ မည်သည့် ဆေးဖြင့် ကုရမည်ကိုညွန်သည်။
ဆေးရုံကြီးများမှ ပါရဂူကြီးများပင် ရှာဖွေ မတွေ့နိုင်သော ကလပ်စည်းနှင့် အာရုံကြော လေးများကို အဂ္ဂါကေစီက နတ်မျက်စိသုံး၍ ဒေါက်ကနဲ၊ ဒေါက်ကနဲ ဟောပြောနိုင်သူဖြစ်သည်။ သူ၏ နတ်မျက်စိကို အသုံးပြု၍ လူများစွာတို့၏ အသက် အန္တရာယ်ကို ကယ်နိုင်ခဲ့သည်။ ထို့ကြောင်ကမ္ဘာ တစ်ခုလုံးက နတ်မျက်စိရှင် အဂ္ဂါကေစီဟု အသိအမှတ်ပြုကြခြင်းဖြစ်သည်။
ခန္ဓာကိုယ် ရောဂါရှင်ပေါင်း (၁၈၉၇၆)ဦး၊ စိတ်နှင့် ပယောဂ ရောဂါရှင်ပေါင်း(၄၀၁) ဦး၊ ဘဝကံ အကြောင်း ဟောပြောခဲ့သူ(၂၅၀၁) ဦး၊ စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်၍ (၂၉၉) ဦး၊ အထွေထွေ ကိစ္စနှင့် ပတ်သက်၍ (၈၇၉)ဦး အိမ်ထောင်ရေးနှင့် ပတ်သက်၍ (၂၄) ဦး၊ အိပ်မက်နှင့် ပတ်သက်၍ (၆၇၇) ဦးတို့ကို နတ်မျက်လုံး သုံး၍ ဟောခဲ့သည်။ နတ်မျက်စိ တန်ခိုးရှင် အဂ္ဂါကေစီကို ၁၈၇၇ မတ်လ (၈) ရက်နေ့တွင် ကင်တပ်ကီနယ် ဟော့ပတ်ဗီး အနီးတွင် မွေးဖွားသည်။
သူ၏ မိဘများမှာ သမရိုးကျ ခရစ်ယာန်များ ဖြစ်ပြီးလျှင် သူ၏ဖခင် လက်စလီသည် သမာဓိမြို့ဝန်ဖြစ်သည်။ အဂ္ဂါကေစီ အကြောင်းကို စာအုပ်(၁၀) အုပ် ရေးပြီးဖြစ်သည်။ အတ္တုပ္ပတ္တိ ရေးသော စာရေးဆရာများက အဂ္ဂါကေစီတွင် ရှိသော စိတ်တန်ခိုးမှာ မိဘမျိုးရိုးမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ဤအဆို မည်မျှမှန်ကန်သည်။ မှားသည်ကို အတိအကျ မပြောနိုင်သော်လည်း ဘာသာတရားကို အလွန် ကိုင်းရှိုင်း၍ မိရိုးဖလာ အစဉ်အလာ အလွန်ကြီးသော မိသားစုတွင် အဂ္ဂါကေစီ ပေါက်ဖွးလာသည်ကိုကား အတိအကျ ပြောနိုင်လေသည်။
အဂ္ဂါကေစီ (၇)နှစ်သား အရွယ်တွင် စိတ်တန်ခိုးနှင့် ပတ်သက်၍ အထူးအာရုံကို ရရှိခဲ့သည်။ အိမ်နှင့်မနီးမဝေး တဲကြီးတစ်ခု၏ ချောင်ကျကျ တစ်ခုသို့ အဂ္ဂါကေစီသည် ကလေးသဘာ၀ ဝင်ရောက်သွားသည်။ သူ၏နားထဲ တွင် ပိတုန်းကောင်တွေ အုံလိုက်ကြီး ပျံလာသော အသံကဲ့သို့ တစ်ဝုန်းဝုန်းကြား ရသည်။ အလင်းရောင် တစ်ခုသည် ပြုံးကနဲ့ သူ့မျက်စိကို ထိုးလိုက်ရာ ရွှေရောင် တဝင်းဝင်း မျက်စိထဲ ဝင်သွားသည်ဟု ထင်လိုက်ရသည်။ ထူးဆန်းလှ၍ အဂ္ဂါကေစီက မော့ကြည့်လိုက်သော အခါတွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ပြီး မွန်းတည့်နေကဲ့သို့ အရောင်တွေ တဝင်းဝင်း တောက်လျက်ရှိသူက သူ့အား ပြောလိုက်သည်ကို ကြားရသည်။
“မင်းရဲ့ဝတ်ပြု ဆုတောင်းမှုတွေကို အကုန်ကြားတယ်။ ငါ့ဆီက မင်းဘာဆုတောင်းချင်သလဲ” ။
အဂ္ဂါကေစီက “ သူများကို ကူညီနိုင်တာမျိုးကို လိုချင်ပါတယ်။ အထူးသဖြင့် ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေကို ကူညီချင်ပါတယ်။ ကျနော်က ကျနော့ သူငယ်ချင်းတွေကို သိပ်ချစ်တယ်” ဟု ပြန်ပြောသည်။
ဤကား အဂ္ဂါကေစီ ရရှိခဲ့သော တန်ခိုး၏မူလ အစဖြစ်သည်။ အဂ္ဂါကေစီသည် ငယ်စဉ်ကပင် အိပ်မက် ထူးထူး ဆန်းဆန်း များကိုမက်သည်။ ထူးဆန်းသော အာရုံများကို မြင်ရကြားရ လာသဖြင့် ခရစ်ယာန် ဘုန်းကြီးမူဒီကို ထိုအကြောင်းများ ပြောပြသည်။ ဆွေးနွေးကြည့်သည်။ ဘုန်းကြီးနှင့် တွေ့ဆုံ ဆွေနွေးရသောအခါ သူရခဲ့သော အာရုံအမြင်များကို ပို၍ စိတ်ချယုံကြည် လာလေသည်။ သူ၏ မိတ်ဆွေ သူငယ်ချင်းများကလည်း သူ၏ စိတ်တန်ခိုးကို လေးစားကြလေရာ တဖြေးဖြေးချင်း အသက်ကြီး လာသည်နှင့်အမျှ အဂ္ဂါကေစီ အမြင်အာရုံတို့မှာလည်း တိုးတက်တိကျ လာလေသည်။
တစ်နေ့တွင် အဂ္ဂါကေစီသည် လမ်းလျှောက်ရင်း ခေါင်းကြီးကိုက် ခေါ် ခေါင်းမထူနိုင်အောင် ခေါင်းကိုက် လာလေရာ လမ်းသွားရင်း သတိလစ်သွားလေသည်။ အသိမိတ်ဆွေများက အဂ္ဂါကေစီကို အိမ်ပြန် ပို့ကြပြီးနောက် သတိလည်လာသောအခါ အဂ္ဂါကေစီသည် အသံမထွက်တော့ချေ၊ အသံမထွက်တော့သဖြင့် စကား မပြောနိုင်တော့ဘဲ ဖြစ်သွားလေသည်။ ထိုအသံပျောက်သွားသော ရောဂါ ရခဲ့သည့်အဖြစ်မှာ အဂ္ဂါကေစီ၏ ဘဝအကွေ့ပင်ဖြစ်သည်။ ယင်းဘ၀ အကွေ့သည်ပင်လျှင် အဂ္ဂါကေစီ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးရန် ဖြစ်လာသည်။
သူ၏ရောဂါကို ဆေးရုံမျိုးစုံ ထိပ်သီးပါရဂူ ဆရာဝန် ကြီးများထံသို့ တစ်ဦးပြီး တစ်ဦး ပြောင်းလဲကုသခဲ့ သော်လည်း အချည်းနှီးပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် အဂ္ဂါကေစီသည် မိမိအလုပ် ဖြစ်သော ရောင်းကိုယ်စားလှယ် အလုပ်ကို မလုပ်နိုင်တော့ဘဲ မိဘများနှင့် ပြန်နေထိုင်ရသည်။ ထိုအချိန်က သူ့အသက်(၂၁) နှစ်ရှိပြီးလျှင် သူ့ရောဂါကြောင့် (၁) နှစ်ကျော်ခန့် အလုပ် မလုပ်နိုင်တော့ဘဲ မိဘများထံ ကပ်ရပ်စားသောက် နေရသည်။
နောက်ဆုံး မတတ်သာတော့ သောအခါ အသံထွက်၍ စကားများများ မပြောရသော ဓါတ်ပုံပညာဖြင့် အသက်မွေးရန် ဆုံးဖြတ်လိုက်ရသည်။ တစ်နေ့တွင် နယ်လှည့် မျက်လှည့်ပညာများကို ပြသနေသော ဟတ်ဆိုသ ူစိတ်ညို့ ပညာသည် တစ်ဦးသည် ကော့ပက် ဗီးဇာတ်ရုံကြီးတွင် လာရောက်ဖျော် ဖြေသည်။ ဟတ်နှင့် သွားရောက်တွေ့ဆုံပြီး သူ့ရောဂါကို ကုသပေးရန် ပြောရာ မစ္စတာဟတ်က အဂ္ဂါကေစီ၏ အသံဝင်သွားသော ရောဂါကို စမ်းသပ် ကုပေးရန် သဘောတူလိုက်လေသည်။
မစ္စတာဟတ်က အဂ္ဂါကေစီအား စိညှို့ပြီး “အသံထွက်လာပြီ နဂို အတိုင်း စကားပြန်ပြောနိုင်ပြီ” စသည်ဖြင့် စိညှို့စကားများ ပြောပြီး ကုသရာ စိတ်ညှို့ခံနေစဉ် ညှို့ဓာတ် မိနေစဉ်အတွင်း၌ အဂ္ဂါကေစီသည် အသံထွက် လာပြီး စကားပြော နိုင်လေသည်။ သို့သော် ညှို့ဓာတ်ကုန်ပြီး နိုးလာသောအခါ ခါတိုင်း လိုပင် အသံမထွက်ဘ ဲဖြစ်နေသည်။ တစ်ဖန် ညှို့ပြီး နိုးလာသောအခါ အသံထွက်လာသည်။ နကိုယ်အတိုင်း စကားပြော နိုင်တော့မည် စသည်ဖြင့် ညှို့ဓာတ်ပြေပြီးသည့်နောက် စွဲကျန်ရစ်ခဲ့သော“နိုးစိတ် ညှို့စကားဖြင့် ပြောပြီးကုသကြည့်သည်၊ ဤသို့ညှို့ဓာတ်ပြေ“နိုးစိတ်စွဲ ညှို့စကား” ဖြင့် များစွာသော ရောဂါဝေဒနာ အစွဲအလမ်းများကို ကုသ ပျောက်ကင်းခဲ့သော ကုထုံးများ အခိုင်မာရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ အဂ္ဂါကေစီအား ကုမရဖြစ်နေသည်။ မစ္စတာဟတ်သည် လက်မလျှော့ဘဲ ဆက်လက် ကုသခိုက်တွင် သူ့လုပ်ငန်းမှာ အခြားမြို့သို့ ပြောင်းရွှေ့ရန် အချိန် ရောက်လေရာ အဂ္ဂါကေစီ၏ ရောဂါကို အဆုံးသတ်အောင် မကုသနိုင်တော့ဘဲ ထွက်ခွာသွားရလေ၏ ။
သို့သော် တစ်မြို့ထဲနေ မစ္စတာ လိမ်းဆိုသူနှင့် အဂ္ဂါကေစိတို့ ဆက်သွက် မိကြသည်။ ညှို့ထားစဉ်မှာ နဂိုအတိုင်း အသံထွက်လာအောင် မစ္စတာဟတ် ကုသခဲ့ရာ အသံမှာ အပြီးအပိုင် ပျောက်ကွယ်သွားခြင်း မဟုတ်၊ စိတ်ညှို့၍ ဖော်လျှင် ရသေးသည်ကို တွေ့ရသောအခါ အဂ္ဂါကေစီသည် စိတ်ညှို့ ပညာကို အားကိုးဆဲပင်ဖြစ်သည် ။ မစ္စတာဟတ်ဖြစ်စေ၊ အခြား စိတ်ညှို့ပညာရှင် တစ်ဦးဖြစ်စေ ကုလျှင်ရဦးမည်ဟု မျှော်လင့်ထားသည်။ မစ္စတာလိမ်းသည် စိတ်ပညာကို လေ့လာထားသူ ဖြစ်ရာ အဂ္ဂါကေစီကို စမ်းသပ်ကုသရန် နှစ်ဦးသဘောတူ ကြသည်။
မစ္စတာလိမ်း၏ စိတ်ကူးမှာ အဂ္ဂါကေစီကို စမ်းသပ် စိတ်ညှို့ပြီး သူ့ရောဂါကို ပြန်မြင်ရပြီ ကြည့်ရင်မြင် ရတယ်ဟု ညှို့စကား ပြောကုခြင်းဖြစ်သည်။ မစ္စတာလိမ်း၏ ရည်ရွယ်ချက်မှာ အတိအကျ အောင်မြင်သွားသည်။ လည်းချောင်း အတွင်းရှိ အသံဖြစ်ပေါ်စေ နိုင်စေသော ကြွက်သားမျှင် ကလေး၏ တစ်နေရာတွင် အကြော သေနေသည်ကို အဂ္ဂါကေစီမြင်ရသည်။ ဤအကြော သေနေသော အစိတ်အပိုင်း ကလေးတဝိုက်ကို သွေားများ သွားလာ လည်ပတ် လှုရှား လာစေလျှင် ပြန်လှုပ်ရှား ကောင်းမွန်လာမည်ဖြစ်သည်။
ထို့ကြောင့် ကြွက်သားမျှင် ကလေး ပြန်လည် အလုပ်လုပ်ပြီး သွေးလည်ပတ် လာပြီဟု ညှို့စကား ပြော၍ လိမ်းက ကုပေးသည်။ ကုရင်းပြောရင်း ကပင် ရင်ဘတ် လည်ပင်း တဝိုက်တွင် သွေးများ လည်ပတ်လာမှုကြောင့် နီရဲလာသည်ကို တွေ့မြင်ရသည်။ ထိုအချိန်မှ စ၍ အဂ္ဂါကေစီ၏ ရောဂါပျောက်ပြီး မူလအတိုင်း အသံပြန်ထွက် လာလေသည်။ မိမိရောဂါ ပျောက်၍ ဝမ်းသာသည်ထက် စိတ်ညှို့ပြီး မသိစိတ် ဘဝင်စိတ် ကလေးပေါ်လာခိုက် မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို မြင်ပြီးမည်သည့် အစိပ်အပိုင်း ချွတ်ယွင်းသောကြောင့် ရောဂ ါဖြစ်ရသည်ကို သိနိုင်လျှင် အခြားသူများ၏ ရောဂါကိုလည်း ဤနည်းဖြင့် ရှာဖွေ ကုသပေးလျှင် ရနိုင်သည်ဟူသော အသိတစ်ခု ရလာခြင်းဖြစ်သည်။
စိတ်ညှို့ပေးသူ လိမ်းမှာ အစာအိမ်ရောဂါရှိ သူဖြစ်လေရာ အဂ္ဂါကေစီက ကျေးဇူးလည်းဆပ် သူ့ပညာလည်း စမ်းသပ်သည့် အနေဖြင့် သူ့ကိုယ်သူ စိတ်ညှို့ပြီး လိမ်း၏ ခန္ဓာကိုယ်ထဲကို ရောဂါရှာကြည့်ရန် လိမ်းနှင့်နှစ်ဦး တိုင်ပင် သဘောတူကြသည်။ အဂ္ဂါကေစီသည် မိမိကိုယ်ကို စိတ်ညှို့ပြီး ကြည့်သော အခါ လိမ်း၏ အစာအိမ် တစ်နေရာတွင် ချို့ယွင်းချက် ရှိသည်ကို တွေ့ရသည်။ ဤချို့ယွင်း ချက်ကြောင့် ရောဂါရသည်။ ထို့ကြောင့် မည်သည် ဆေးကိုစားရမည်။ မည်သည့် ဓာတ်စာကို စား၍ မည်သို့သော လေ့ကျင့်ခန်းများ လုပ်ရမည်ကို ညွှန်လေသည်။ မစ္စတာ လိမ်းအနေဖြင့် အစာအိမ် ချို့ယွင်းချက်မှာ ယခင်ကလည်း ဆရာဝန်များက ပြောဖူးပြီဖြစ်၍ အဂ္ဂါကေစီ၏ အမြင်ကို လက်ခံသည်။
သို့သော် ဓါတ်စာနှင့် လေ့ကျင့်ခန်းများမှာ ဆရာဝန် မပြောဘူးချေ။ မည်သို့ဖြစ်စေ အဂ္ဂါကေစီ၏ အညွှန်းအတိုင်း လိုက်နာခဲ့ရာ(၃ပတ်) အကြာတွင် လိမ်း၏ အစာအိမ်ရောဂါ ပျောက်ကင်း သွားလေသည်။ ဤကား အဂ္ဂါကေစီ၏ နတ်မျက်စိ အိပ်စ်ရေး မျက်လုံး အစပင်ဖြစ်သည်၊ ဤနည်းဖြင့် အခြား ရောဂါဝေဒနာရှင်များကို စမ်းသပ်ကုရန ်မစ္စတာလိမ်းက အကြံပေးသော်လည်း အဂ္ဂါကေစီမှာ သူ့ကိုသူ မယုံရဲယုံရဲ ဖြစ်နေသည်။ သို့သော် စမ်းကြတာပေါ့ ဟုူသော ဆုံးဖြတ်ချက်ဖြင့် ခင်မင်ရင်းနှီးသူ များမှစ၍ အဂ္ဂါကေစီသည် သူ၏အိပ်စ်ရေး မျက်လုံးကို အသုံးပြုခဲ့သည်။
ကုလိုက်တိုင် းအောင်မြင်သည်က များလာသဖြင့် အဂ္ဂါကေစီမှာ ရပ်နီးတွင် သာမကတော့ဘဲ ရပ်ဝေးများမှပင် လာရောက် ကုသခံယူကြသည်။ ထို့ကြောင့်ပင် အဂ္ဂါကေစီ၏ နာမည်သည် တစ်ပြည်လုံး တစတစ ကျော်ကြားလာ လေသည်။ တစ်နေ့တွင် တော့ပကင်စီးမြို့ ကျောင်းအုပ်ကြီး၏ သမီးကလေး ရောဂါကို ကုရန် လာပင့်သည်။ ကလေးနှစ်လည် အရွယ်က လေထိုးရောဂါရသည်။ ၎င်းရောဂါရပြီး နောက် ကလေးမှာ စိတ်မမှန ်ဖြစ်လာသည်။ နောက်မကြာ ခဏအန်သည်။ အလွန်ပင်ပန်းစွာ အန်ရခြင်းဖြစ်၍ ပါရဂူဆရာဝန် ကြီးများထံ သွားပြ သော်လည်း ရောဂါမှာ မသက်သာချေ။ ယခုငါးနှစ် အရွယ်ထိ ဝေဒနာ ခံစားလျက် ရှိသည်။
အဂ္ဂါကေစီ၏ သတင်းကြားသဖြင့် သူ့သမီးကို လာရောက်ကုသရန် ပင့်ခြင်းဖြစ်သည်။ အဂ္ဂါကေစီမှာ ထိုစဉ်က ငွေရေးကြေးရေး ကြပ်တည်း နေခိုက်ဖြစ်၍ လူနာရှင်ထံမှ ခရီးစရိတ်ကို ပထမဆုံး လက်ခံရသည်။ ယခင် လူနာများထံမှ အခကြေးငွေ တစုံတရာ မတောင်ခဲ့သော်လည်း ခရီးကဝေးပြီး လမ်းစရိတ်ကလည်း အတော် ကုန်ကုမည် ဖြစ်သဖြင့် လက်ခံရခြင်း ဖြစ်သည်။
လူနာအိမ်ရောင်လျှင် အဂ္ဂါကေစီသည် မရဲတရဲဖြင့် သူ့ကိုာ်သူညှို့သည်။ ကောင်းပေ့ဆိုသော ပါရဂူ ဆရာဝန်ကြီးများပင် လက်လျှော့ ထားသူကို ကုသရန် သူ့အနေဖြင့် ရွံ့နေမိသည်။ သို့သော် အကူ လိုက်လာ သောလိမ်းက အားပေးလျက်ရှိသည်။ အဂ္ဂါကေစီသည် သူ့ကိုယ်သူ ဓာတ်သွင်းပြီးငြိမ်သွားသော အခါတွင် လိမ်းက ဘေးကနေ၍ ညှို့စကား ပြောပေးသည်။ ကြည့်ပါ ဒီရောဂါ ဘာကြောင့်လဲဆိုတာ မြင်ရမယ်။ သိရမယ်။ သေသေချာချာ သူမြင်လာရမယ်။ မကြာမီပင် မျက်စိမှိတ်ပြီး အာရုံဝင်နေသော အဂ္ဂါကေစီ၏ နှုတ်မှ စကားထွက်လာသည်။
ဒီကလေး လေထိုးရောဂါ မရခင်က မြင်းလှည်းပေါ်က လိမ့်ကျဘူးတယ်။ နောက်လေထိုး ရောဂါရတယ်။ လေထိုးလို့ အန်တာဖြစ်တယ်။ ကိစ္စမရှိဘူး ။ နဲနဲပါးပါး နှိပ်ပေးရမယ်။ ဒီရောဂါ ရောက်နေတဲ့ နေရာကို အသာလက်နဲ့ ထောက်ပေးရင် ပျောက်တယ်။ ဘာဆေးမှ စားဖို့မလိုဘူး။ ကလေးကို အဂ္ဂါကေစီ၏ အညွှန်းအတိုင်း ကုသရာ သုံးပတ်အတွင်း ပျောက်ကင်း ချမ်းသာကာ စိတ်လည်းမှန်လာသည်။ အဂ္ဂါကေစီ ကုလိုက်သဖြင့် ပျောက်ကင်းသွားသော ဝေဒနာရှင်များ၏ သတင်းသည် သတင်းစာထဲသို့ ရောက်ရှိသွားလေရာ အဂ္ဂါကေစီကို ညွှန်လိုက်သလို ကြော်ငြာပေးလိုက်သလို ဖြစ်သွားသည်။ အဂ္ဂါကေစီကား အရပ်တကာမှ စာဖြင့်တစ်မျိုး ကြေးနန်းဖြင့် တစ်သွယ် တယ်လီဖုန်းဖြင့် တစ်ကြိမ် မေးမြန်းကြ စုံစမ်းကြ အကူအည ီတောင်းကြသည်။
သူတို့သည်ဆေးရုံ ၊ဆေးခန်း ပါရဂူ များဖြင့် ကုသကြသော်လည်း မပျောက်ကင်းကြသဖြင့် စိတ်အားငယ်နေ ကြသူများဖြစ်သည်။ အချို့ နိုင်ငံများမှ နေ၍ မေးကြ၊ မြန်းကြ ကုသခံကြခြင်းဖြစ်သည်။ အဂ္ဂါကေစီအဖို့ အနီး လူနာရှိသည်ဖြစ်စေ၊ ရပ်ဝေး ပြည်ခြားကနေပြီး မေးသည်ဖြစ်စေ သူအာရုံ ယူတော့မည်လျှင် ပထမဆုံး နက်ကတိုင်ကို ဖြေသည်။ ဖိနပ်ချွတ်သည်။ ခါးပတ် ဖြုတ်ပစ်လိုက်သည်။ ဆိုဖါပေါ် လှဲအိပ်လိုက်သည်။ တစ်ကိုယ်လုံး အကြောတွေ၊ ကြွက်သားတွေကို လျှော့ချလိုက်သည်။ စိတ်တဖြေးဖြေး ငြိမ်လာသောအခါ အာရုံရလာလေသည်။
မည်သို့မည်ပုံ အာရုံရလာသည်ကို အောက်ပါအတိုင်း ပြောပြသည်။“ ဆန်းတော့ ခပ်ဆန်းဆန်းပဲဗျ၊။ အစကတည်းက ကမ္မဌာန်း ဆရာတွေ လုပ်တဲ့အတိုင်း အလိုလို တတ်လာတယ်ဗျ။ ကျနော် အကြောတွေ လျှော့ချပြီး အာရုံယူတော့ မယ်ဆိုရင် ကျွန်နော် လက်နှစ်ဖက်ဟာ မျက်စိနှစ်လုံး ကြားနဖူးပေါ် တင်ရက်သား ဖြစ်သွားတယ်။”“ အဲဒီလို လုပ်ပြီးတော့ ငြိမ်နေစဉ်မှာ တစ်ခါတစ်ရံ ကျနော်လဲ ရွှေရောင် လိုဘဲ အဖြူရောင် အလင်းကြီး ဝင်းကနဲ လင်းလာတယ်၊ အဲဒီအလင်းရောင် ရရင် ကိုယ်ကြည့်ချင်တာ ကြည့်တော့ဆိုတဲ့ သင်္ကေတပါဘဲ။ အလင်းရောင် မမြင်သေးဘူး၊ မမြင်ရသေးဘူးဆိုရင် ဘာမှ အာရုံမရဘူး။ မဟောနိုင်ဘူး။
ဒီအလင်းရောင်ရမှ ကျနော့လက်နှစ်ဖက်ကို သူရိယစက္ခုပေါ် တင်လိုက်တယ်။ အသက်ရှူ လေးလာတယ်။ အသက်ရှူ နှုန်းလဲ နာရီ ကိုက်လာတယ်။ အဲဒီအချိန် အထိ မျက်စိဖွင့်ထားတုံးဘဲ အတော်ကြာမှ တဖြည်းဖြည်းနဲ့ မျက်စီနှစ်လုံးဟာ မျက်တောင် ခတ်လာပြီး မှိတ်သွားတယ်။ အနားက ညှို့စကားပြောတဲ့လူက ဒီအချိန်ကျမှ သူမေးစရာကို မေးရတော့မယ် ဆိုတာကိုသိတယ်။ ကျနော်ဟာ အရုံဝင်စားနေပြီပေါ့။ ဘေးကပြောတဲ့လူက တဖြည်းဖြည်းနဲ့ ရှင်းရှင်း လင်းလင်းကလေး ပြောပေးရတယ်။ ကြည့်ခိုင်းရတယ်။အာရုံဝင်စား ခိုင်းရတယ်။
ဘယ်အရပ် ဘယ်ဒေသမှာနေတဲ့ ဦးဘယ်သူ၊ဒေါ်ဘယ်သူရဲ့ ခန္ဓာကိုယ်ကိုကြည့်ပါ၊ သူ့မှာ ဘာရောဂါဖြစ်တာ ဘာကြောင့်လဲ ဆိုတာမျိုး ပြောပေးရတယ်။ လိုအပ်ရင် ထပ်ခါထပ်ခါ ပြောပေးရတယ်။ ဒါကြောင့် ညှို့စကား (ဆာဂျက်ရှင်) လို့ခေါ်တာပေါ့။ ”အဲဒီအချိန်မှာ ကျနော်ဟာ ကျနော့အာရုံထဲ ပေါ်လာတဲ့ အတိုင်း ပါးစပ်က ပြောတော့တာဘဲ ဘေးက တစ်ယောက်က ကျနော် ပြောတာကို လက်ရေးနဲ့ ရေးမှတ်ရတယ်။ ”ဟောပြောတော့မည် ဆိုလျှင် လဲလျှောင်းသည့် ဆိုဖါကို တောင်မြောက်ထားပြီး သိပ်လိုက်လျှင် ပိုပြီး အာရုံ ကောင်းသည်ဟုဆိုသည်။
တစ်ကြိမ်က ဝါဂွမ်းဈေး အတက်အကျ သူ့ကိုဟောပေးလျှင် တနေ့ ဒေါ်လာတစ်ရာ ပေးမည်ဟု ဆိုလာသည်။ အဂ္ဂါကေစီသည် ထိုစဉ်က ငွေကြပ်နေချိန် ဖြစ်သော်လည်း ငြင်းလိုက်သည်။ အချို့က မြေအောင် ရောက်နေသော ရတနာကို သိုက်တူးရန် အတွက် အဂ္ဂါကေစီအား ဟောရန်ဆွယ်သည်။ တချို့က မြင်းပွဲ ဘယ်မြင်းနိုင်မည်လဲဟု မေးလာကြသည်။ ဤသို့ သဘောမျိုးကို သူ့ပညာတန်ခိုး စမ်းသပ်သည့်အနေဖြင့် အစပိုင်းတွင် ဟော်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံးဝဟောပြောခြင်း မပြုခဲ့ပေ။ မြင်းပွဲတွင် နိုင်မြင်းကို ဟောပြောရာတွင် အသင့်အတင့် မှန်ကန်ခဲ့သည်။ အနည်းအကျဉ်း မှားသည်လည်း ရှိခဲ့သည်။
ဤကိစ္စမျိုးကို တစ်ခါဟောပြီးလျှင် သိသိသာ အားအင် ကုန်ခမ်းသွားသဖြင့် မဟောတော့ပေ။ တစ်ကြိမ်တွင် တက္ကဆက် ရေနံတွင်းတူးသည့် ကိစ္စနှင့် ပတ်သက်၍ ရေနံထွက်မည့် နေရာကို ရေနံဝိဇ္ဇာများကဲ့သို့ ဟောကြည့်ရာ ရေနံမထွက်ချေ။ ထို့ကြောင့် သူ့အရည်အချင်း သူ့ပါရမီသည် လူးသားတို့ရောဂါ ပျောက်ကင်းရေး အတွက်သာလျှင် ဖြစ်ကြောင်း အဂ္ဂါကေစီ ရိပ်မိလာသည်။ နောင်အခါတွင် ငွေရမည့်ကိစ္စကို ဟောပြောခြင်း မပြုတော့ချေ။
စီးပွားရေး သမားများ ပေများသော အမေရိကန်တို့သည် အဂ္ဂါကေစီကို ပြ၍စားရန် အမျိုးမျိုး အဖုံဖုံဆွယ်ကြသော်လည်း အဂ္ဂါကေစီက အားလုံးကို ငြင်းဆန်လွှတ်လိုက်သည်။ တချို့က အာရုံသွင်းပြီး ပြောပြစေချင်သည်။ တချို့က တယ်လီဗီရှင်း ရိုက်လိုသည်။ တချို့က ကြော်ငြာဌာနဖွင့်ပြီး လုပ်ကိုင်လိုသည်။ အဂ္ဂါကေစီက အားလုံးကို ခေါင်းခါပြခဲ့သည်။
စောစောပိုင်းက အဂ္ဂါကေစီသည် ဓာတ်ပုံရိုက် လုပ်ငန်းဖြင့်သာ ဆက်လက်အသက်မွေး၍ သူဟောသည့် လူနာများထံမှ ငွေတစ်စုံတစ်ရာကို လက်ခံခြင်းမပြုချေ။ လူနာများပြားလာပြီး သူစီးပွားရေး လုပ်ငန်းကို မလုပ်နိုင်တော့သော အခြေအနေမျိုး ရောက်မှသာလျှင် ငွေလက်မခံလျှင် မဖြစ်တော့၍ အဖိုးအခအဖြစ် ငွေလက်ခံခဲ့သည်။ သို့တိုင်အောင် မရှိနွမ်းပါးသူများထံမှမူ တစ်စုံတစ်ရာ မတောင်းဘဲ ဇိဝိတဒါနအဖြစ် ဟောပြော ပေးခဲ့သည်။
လယ်သမားတစ်ဦး၏ သားဖြစ်ပြီး တက္ကသိုလ်ပညာလည်း မသင်ခဲ့ရပေ။ ဆေးသိပ္ပံ ပညာဆိုလျှင် ဝေးခဲ့သော သာမန် အဂ္ဂါကေစီလို လူတစ်ယောက် ညွှန်ကြားသော ဆေးဝါးကုသမှုဖြင့် ရောဂါပျောက်ကင်းသွား သည်ဖြစ်သော်လည်း အဂ္ဂါကေစီကမူ သူ့ကိုယ်သူ တခါတရံ မယုံမရဲဖြစ်မိသည်။ မည်သည့်ဆေး၊ မည်သည့်ဓာတ်စာစားဟု ပေးလျှင်လည်း အလွန်တိကျသေချာအောင် စဉ်းစားပြီးမှ ပေးသည်။ သို့သော် မသေသော ဆေးဆရာ၊ မမှားသောရှေ့နေ မရှိဟူသည့်အတိုင်း သူ့အမြင်အာရုံတို့မှာ အမြဲမှန်ကန်ရမည်ဟု အဂ္ဂါကေစီ ခံယူခြင်းမရှိ။ ဥပမာ ဒြုတက္ကသိုလ်မှ မနောမယိဒ္ဓိ ဗေဒဒေါက်တာရိုင်း၏ သားငယ်ကို ကုသစဉ်က ရောဂါ ပျောက်ကင်းခြင်းမရှိပေ။ လူနာက ညွန်ကြားသော ဓာတ်စာစားရန် မလိုက်နာဟု သိရသည်။ တစ်ခါတစ်ရံလည်း သူလည်း လောကီသားပေမို့ ဟူသော စကားအရ စိတ်မချမ်းမြေ့ဖွယ် ကိစ္စများ၊ ပူပင် စရာများနှင့် ခန္ဓာကိုယ် နေထိုင်မကောင်းသည့် အခါတွင် အဂ္ဂါကေစီ မှားတတ်သည်။
မှားတတ်သည်ကိုလည်း အဂ္ဂါကေစီ အမြဲသတိထားသည်။ အမှားနှင့်အမှန်၊ ပျောက်ကင်းမှုနှင့် မပျောက်ကင်းမှု များကို တစ်နှစ်လုံး အချိန်ထိုးကြည့်လျှင် မှန်သည့်ဘက် ပျောက်ကင်းသည့်ဘက်က အချိန်ခွင်ညှာ အများကြီးသာသည်။ တချို့ထင်ရှားသူများ၏ ခဲရာခဲဆစ်ရောဂါများ၊ သမားအားလုံး လက်မှိုင်ချထားသော ရောဂါများ၊ ကံနာဝဋ္ဋ်နာဟု လက်လျော့ထားရသော နာတာရှည် ရောဂါတို့ကို ဓာတ်မှန်နှင့် ရိုက်ကြည့်ပြီး နတ်ရေစင်နှင့် ဖျန်းလိုက်သကဲ့သို့ ပျောက်ကင်းကုန်ကြသည်။
ကနေဒါနိုင်ငံမှ ကက်သလစ်ဘုန်းကြီး၏ ဝတ်ရူးပြန်ရောဂါ လုံးဝအမြစ်ပြတ်သည်။ ဒေတွန်ကျောင်းသားတစ်ဦး၏ မခံမရပ်နိုင်သော ကိုက်ခဲသော ဒူလာအဆစ်ကိုက် သက်သာရာရခဲ့သည်။ နှစ်နှစ်တိတိ ကင်တပ်ကီမှ တူရိယာ ပညာရှင်တစ်ဦး၏ အသားမျှင်များ မာသောရောဂါကို ပျောက်ကင်းစေခဲ့သည်။ ဖီလာဒဲလ်ဖီးယားမှ ဝမ်းတွင်းပါ တိမ်ကျနေသောရောဂါကို သူ့အညွှန်းအတိုင်း ဆရာဝန်ကကုသရာ မျက်စိနှစ်ကွင်း အလင်းရသည်။
အဂ္ဂါကေစီ နာမည် ကျော်လာသောအခါ မနောသုတေသနအဖွဲ့ ၊မနောမယိဒ္ဓိဗေဒ ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် စမ်းသပ်ကြသည်။ စမ်းသပ်သည့် အထဲတွင် ဟားဘတ်တက္ကသိုလ် စိတ္တဗေဒဋ္ဌာနမှ ဒေါက်တာဟူရိုး ပါဝင်သည်။ အဂ္ဂါကေစီ၏ အခန်းထဲတွင် လျှို့ဝှက်သော ပစ္စည်းကိရိယာများရှိ မရှိ ရှာဖွေကြည့်သည်။ ထို့ပြင် အဂ္ဂါကေစီသည် မိမိစိတ်တန်ခိုးဖြင့် မဟုတ်ဘဲ အခြားနတ်ဝင်ကာ၊ ဓာတ်စီးခြင်းရှိမရှိကိုလည်း စူးစမ်းသည်။ နောက်ဆုံး ကျေနပ်မှသာလျှင် အဂ္ဂါကေစီသည် ရိုးသားစွာ စိတ်တန်ခိုးကို အသုံးပြုသူဖြစ်ကြောင်း လက်ခံသည်။
လူနာများ၏ ရောဂါကို ကုသရာ အဂ္ဂါကေစီသည် များသောအားဖြင့် မီးဖိုချောင်မှ ပစ္စည်းများဖြင့် ကုတတ်သည်။ ဥပမာ – ကင်ဆာရောဂါကို ဗန်ဒါသီးနှင့် ထောပတ်စားရန် ညွှန်းကြားသည်။ အချို့ရောဂါများကို ဆား၊ သံလွင်သီး၊ သံပုရာသီး၊ သစ်သီးတို့စသော နေ့စဉ်သုံး ပစ္စည်းများဖြင့် ကုသည်။ သို့သော်လည်း ရောဂါကို လိုက်၍ သင့်တောမည့် ကုထုံးဆေးနည်းများဖြင့် ကုသရန် ညွှန်းတတ်သည်။ ဆေးသိပ္ပံ၊ ဟိုမိုပသီ၊ လက်နှိပ်ကြပ်ထုပ်ထိုး၊ မီးကင်၊ မီးလှုံ တို့မှစ၍ ရိုးရာဆေးများ ပါဝင်သည်။
အဂ္ဂါကေစီ နာမည်ကြီးလာသောအခါ ဆေးသိပ္ပံ ပညာရှင်များကလည်း စိတ်ဝင်စားလာည်။ ဆေးသိပ္ပံပညာရှင် တစ်ဦးသည် ဒေါက်တာဟူရိုနှင့်တွဲပြီး အဂ္ဂါကေစီ၏ ရောဂါနည်းကို လေ့လာသည်။ ရောဂါရှင်ပေါင်း (၆၀၀)ကျော်ကို အဂ္ဂါကေစီက မည်သည့်ရောဂါဖြစ် သည်ဟု ဆုံးဖြတ်သည်ကို မှန်မမှန် ဆေးသိပ္ပံပညာဖြင့် ထပ်စမ်းသည်။ ဓာတ်မှန် ရိုက်သည်။ အီးစီဂျီနှင့် စမ်းသပ်သည်။ သွေးတိုင်းကိရိယာ၊ အစာအိမ်လမ်းတွင်း ကြည့်ပြွန်တန်၊ လည်ချောင်းကြည့် ပြွန်တန်၊ သားအိမ်ကြည့် ပြွန်တန်စသော ကိရိယာများဖြင့်ပြန်စမ်းသပ်ကြည့်ရာ အဂ္ဂါကေစီ၏ ဆုံးဖြတ်ချက်များသည် အများအားဖြင့် မှန်ကန်သည်ဟုဆိုသည်။
အဂ္ဂါကေစီ နာမည်ကြီးလာသောအခါ အဂ္ဂါကေစီ ကုသသော လူနာများထဲတွင် ငွေကြးတတ်နိုင်သူများ၊ စေတနာရှင်များ ပါလာသည်။ ထိုစေတနာရှင်များထဲမှ မစ္စတာမော်ဒွန်၏ ကောင်းမှုဖြင့် ၁၉၂၉ ခုနှစ် ကေစီဆေးရုံကြီး တစ်ခု ဗားဂျီးနီးယားတွင် ဆောက်လုပ်ကုသပေးသည်။ ဆေးရုံဖွင့်ပြီးနောက် အလှူရှင်က စီးပွားပျက်သဖြင့် ထောက်ပံ့မည့်သူ မရှိတော့လေရာ နှစ်နှစ် အကြာတွင် ပျက်စီးသွားသည်။ အဂ္ဂါကေစီ၏ သတင်းမှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်သွားလေရာ တစ်နေ့လျှင် အဂ္ဂါကေစီထံသို့ ကုသခံလိုသူ ဆွေးနွေးလိုသူ လူများထံမှ စာအစောင်ပေါင်း ၁၅၀၀ မျှ ရရှိသည်။ တစ်ချို့လူနာများသည် တစ်နှစ်၊ တစ်နှစ်ခွဲ ကြိုတင်၍ တွေ့ရန် ရက်ချိန်းတောင်းကြသည်။ အစောပိုင်းက တစ်နေ့လျှင် လေးဦးမျှ ကြည့်လေရာ နောင်အခါတွင် လူနာ များလာသောကြောင့် မနက်လေးဦး၊ ညနေလေးဦး၊ တစ်နေ့လျှင် ရှစ်ဦး ကြည့်ရှုပေးလေသည်။ ဤမျှတစ်နေ့တစ်ခြား များပြားလာသော လူနာများကြောင့် အဂ္ဂါကေစီသည် စားချိန်နှင့် အိပ်ချိန်ကို မနည်းလုနေရသည်။
အနှစ်လေးဆယ်ကျော် ပင်ပန်း အဆင်းရဲခံခဲ့ရသော အဂ္ဂါကေစီ၏ ခန္ဓာကိုယ် သည် သူ့အသက် ၆၇ နှစ် ၁၉၄၅ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့တွင် လူပြည်မှ အပြီးအပိုင် အနားယူသွားရရှာလေသည်။ အဂ္ဂါကေစီသည် သာမန် ရောဂါ ပျောက်ရုံတင်မဟုတ်၊ ဤရောဂါတို့သည် အဘယ်သို့သော အတိတ်မှ အကုသိုလ်ကံကြောင့်ဖြစ်ရသည်ကိုလည်း ပြောပြနိုင်သူဖြစ်သည်။ ပါမောက္ခတစ်ဦးသည် မျက်စိကွယ်သွားသည့် ညီကို ကုသရန် အဂ္ဂါကေစီထံ ရောက်လာရာ အဂ္ဂါကေစီက အနှိပ်ခံရမည်။ လျှပ်စစ်ဓာတ်နှင့် ကုသရမည်။ ဓာတ်စာများလညး ်ပေးလိုက်ရာ မျက်စိပါရဂူများ လက်လျှော့ထားသော မျက်စိပြန်လင်းလာသည်။
ဤသို့ မျက်စိကွယ်ရသည်မှာ ပါမောက္ခကြီးသည် အတိတ်ဘဝတစ်ခုတွင် ပါရှားပြည်တွင် လူရိုင်းဖြစ်စဉ်က ရန်သူများကို သံပူဖြင့် မျက်စိဖောက်ခဲ့သော အကုသိုလ်ကံကြောင့် ဖြစ်သည်ဟုဆိုသည်။ ကံနာတွင်လည်း အနည်းအကျဉ်း ပျောက်နိုင်သော ရောဂါရှိသည်ဟု အဂ္ဂါကေစီက ဆိုသည်။ တစ်ကြိမ်တွင် အမျိုးသမီးတွင် မခံမရပ်နိုင်သော ရောဂါကိုကုသရာ ၎င်းရောဂါမှာ အတိတ်ဘဝမှ ဆေးဝါးဖြင့် ယားယံအောင်ပြုခဲ့ကြောင်း။ ထိုကြောင့် ကုသမရနိုင်ကြာင်း တွေ့ရှိခဲ့လေသည်။ ဤသို့ ကံနာဝဋ္ဋ်နာများစွာကို တတ်နိုင်သမျှ သက်သာခွင့် ရအောင်ကုပြီးလျှင် ၎င်းရောဂါတို့မှာ အတိတ်ဘဝမှ မည်သို့သောအကုသိုလ်ကံကြောင့် ဖြစ်ရသည်ကို ရှင်းပြသည်။
အဂ္ဂါကေစီသည် ရောဂါကုရင်း ရောဂါ၏ အတိတ်ဘဝကိုပါ ကြည့်ရလေရာ ကံကိုအလွန် ယုံကြည်လာသည်။ ကံသည် ရုပ်တရားလော၊နာမ်တရားလော၊ မည်သူကစီရင်သနည်း။ ကံအမျိုးအစား မည်မျှရှိသနည်း။ ဘယ်အချိန် ကံကုန်ခန်းသွားနိုင်သနည်း။ အနီးကံ၊ အဝေးကံနှင့် ပတ်သက်၍ သူ့အမြင်တို့မှာ အလွန် လေးနက်များပြားလှပေသည်။ ကံဟူသော ဝေါဟာရမရှိသည့် အနောက်နိုင်ငံသည် အဂ္ဂါကေစီကြောင့် အရှေ့တိုင်း၏ ကံယုံကြည်မှုများ ပြန့်နှံ့သွားလေသည်။ ကံနာဝဋ္ဋ်နာ ရောဂါရှင်တွေ့လျှင် အဂ္ဂါကေစီသည် အတိတ်ကံကြောင့် မဟုတ်ဘဲ ကံ၏အစွမ်းလည်း ကုန်ရန်နီးကပ်နေပြီ၊ ကာယကံရှင် အနေဖြင့် ကံ၏ သဘောတရား ကံကြောင့်ဖြစ်ရသည်ကို နားလည်သဘောပေါက်ပြီး နောင်တ တရားရရှိပြီဆိုလျှင် ဘုရားကု ကုပေးတတ်သည်။
အမျိုးသမီးတစ်ဦးသည် ငယ်စဉ်က သွက်ချာပါဒ ရောဂါဖြစ်၍ ကိုယ်တစ်ခြမ်းသေ ရောဂါရသည်မှာ ထိုအမျိုးသမီးသည် အတ္တလန်တိတ်ခေတ် သူများအား သူတတ်ကျွမ်းသော ပညာဖြင့် ခြေထောက် နာကျင်အောင် များစွာ ပြုလုပ်ခဲ့သဖြင့် နောင်ဘဝများစွာတွင် ခံနေရသည်ကို ပြောပြသည်။ ထိုရောဂါမှာ ကာယကံရှင် အမျိုးသမီးသည် နောင်တ ရလောက်ပြီဆိုမှ ပျောက်မည်ဖြစ်ရာ ဘုရားရှိခိုးဝတ်ပြုခြင်း၊ ဆုတောင်းခြင်းတို့ဖြင့် ကုသလျှင်ရနိုင်ကြောင်း ပြော၍ ကုသခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း ပရလောကသား နတ်အစိမ်း၊ သရဲတို့ ဝင်ရောက်စီးနင်းသဖြင့် စိတ်ရောဂါ ရလာသူများ လာလေ့ရှိသည်။ ဤသို့ ပယောဂများကိုလည်း ဘုရားရှိခိုးရန်၊ ဘာဝနာပွားရန်၊ စိတ်ကောင်း စိတ်မြတ်ထားရန် ညွှန်ကြား၍ ကုသပေးသည်။ မကြားရသည်ကိုကြား၊ မမြင်ရသည်ကိုမြင်၊ မရှိသည်ကို အရှိ၊ ထင်ရောင်ထင်မှား ဖြစ်တတ်သော စကစ်ဇိုဖရီးနီးယားခေါ် စိတ္တဇဝေဒနာသည်များလည်း အများအပြားရှိသည်။ အချို့လူနာ၏ ခန္ဓာတွင် ကန်းအောင်းနေသည့် အလွန်ပြင်းထန်သည့် ကုန္တလီနီခေါ် သဘာဝဓာတ်သည် မှားပြီး ပွင့်တတ်ည်။ ကုန္တလီနီကြောင့် တန်ခိုးရပြီး တစ်ဖက်ကလည်း စက်များ ကိုယ်ခံမရှိဘဲ ပွင့်ခြင်းကြောင့် စိရောဂါ ဖြစ်တတ်လေရာ ထိုရောဂါရှင်များကို ဘုရားဝတ်ပြုခိုင်းသည်။ ဘာဝနာပွားခိုင်းသည်။ လိုလပ်လျှင် လျှပ်စစ်ဓာတ်ဖြင့် အနှိပ်ခံခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
လူနာများ၏ ရောဂါပျောက်ကင်းမှုတွင် သူ၏တန်ခိုးကို အဓိကထား၍ အသုံးချသော်လည်း ကြိုကြားကြိုကြား အထွေထွေ ကိစ္စများကို သာမက ဤရောဂါ ကုသရာတွင်လည်း လူဆယ်ယောက်၏ ရောဂါတစ်ခုကို သာမက ဤရောဂါကု ဆေးပါရှာကြံခဲ့သည်။ ကင်ဆာရောဂါကို ကုသရန်အတွက် ယုန်ကို ကင်ဆာရောဂါရှိသော သွေးထိုးပြီး ဆီရမ်ဖြစ်အောင် ပြုလုပ်ပြီး ၎င်းဆီရမ်ဖြင့် ကင်ဆာရောဂါကို ကုသရန်ညွှန်ကြားခဲ့သည်။ ဤနည်းဖြင့်ကင်ဆာရောဂါ ပျောက်မပျောက်ကို ယနေ့ထက်တိုင် အဂ္ဂါကေစီ၏ သုတေသန ဖေါင်းဒေးရှင်းတွင် ဆက်လက် လေ့လာလျက်ရှိသည်။
အထွေထွေ ကိစ္စများတွင် လူဝင်စားများ အကြောင်း များစွာပါရှိသည်။ လူဝင်စားများကို ဟောပြီး လူဝင်စား ဟုတ်နိုင် မဟုတ်နိုင်ကို နောက်လူများက အထောက်အထားဖြင့် လေ့လာလျက်ရှိသည်။ ထို့ပြင် ကမ္ဘာ့အရေးအခင်းများ နှင့် ပတ်သက်၍လည်း အနာဂတ် ဟောကိန်းများထုတ်ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ ငလျင်ကြီးများ လှုပ်မည်။ အမေရိကန်တိုက်ကြီးများ ပျောက်ကွယ် သွားမည် စသည်တို့ကိုဟောပြောသည်။
လူတွင် ကိုယ်ရောင်ကိုယ်ဝါရှိသည်။ ရှေးခေတ် အတ္တလန်တီယန်တွင် မနောသဏ္ဌာန်များ၊ မနောတန်ခိုးများ မည်သို့ ထွန်းကားလာသည်ကိုလည်း ဟောခဲ့သည်။ ဤအဂ္ဂါကေစီ ဟောခဲ့သော အချက်ပေါင်း နှစ်သာင်းခန့်ရှိရာ ယခုအဂ္ဂါကေစီ ဖေါင်းဒေးရှင်းကြီးတစ်ခု တည်ထောင်ပြီးလျှင် ဤဟောကိန်းများမည်၍မည်မျှ မှန်ကန်သည်။ မှားသည်ကို ဇောက်ချ၍ သုတေသနပြုလျက်ရှိသည်။
မောင်ကျောက်တိုင်
https://en.m.wikipedia.org/wiki/Edgar_Cayce