အေကေ-၄၇ ဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံး သေနတ်ဖြစ်သလို ၂၀ ရာစုရဲ့ အကောင်းဆုံး စံချိန်တင် လက်နက်တခုလည်းဖြစ်ခဲ့ပါတယ်။ လက်နက်အကြောင်း မရင်းနှီးသူတွေတောင် ဒီနာမည်ကို ကြားဖူးကြမှာ ဖြစ်ပြီး ကမ္ဘာပေါ်က နိုင်ငံပေါင်း ၅၅ နိုင်ငံရဲ့ တပ်မတော်တွေက တရားဝင်အသုံးပြုနေသလို ကမ္ဘာတဝှမ်းက လက်နက်ကိုတပ်တွေမှာလည်း ဒီသေနတ်အမျိုးအစားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ လက်နက်ကို တီထွင်ပေးခဲ့သူကတော့ အတန်းပညာဖြစ်ဖြစ်မြောက်မြောက် မတတ်ခဲ့တဲ့ စစ်သားလေးတယောက်ဖြစ်ပါတယ်။ ဒီတခါတော့ သုတဇုန် မိတ်ဆွေများအတွက် သူ့ရဲ့အကြောင်းကို ဝေမျှသွားပါမယ်။
သူ့နာမည်ကတော့ မီးခေလ် ကလက်ချ်နီကော့လ် (Mikhail Kalashnikov) ဖြစ်ပါတယ်။ သူ့ကို ရုရှားနိုင်ငံ Kurya ဒေသမှာ ၁၉၁၉ ခုနှစ်က မွေးဖွားခဲ့ပြီး လယ်သမားမျိုးရိုးဖြစ်ပါတယ်။ သူ့မိဘတွေက ကလေး ၁၉ ယောက်တောင် မွေးဖွားခဲ့ပြီး သူက ၁၇ ယောက်မြောက်သားဖြစ်ပါတယ်။ မောင်နှမ ၁၉ ယောက်မှာ အရွယ်ရောက်ချိန်ထိ အဖတ်တင်ကျန်ရစ်တာဆိုလို့ ၈ ယောက်ပဲ ရှိခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ချူခြာသလို ရောဂါမျိုးစုံ ပြင်းပြင်းထန်ထန်ခံစားခဲ့ရဖူးပါတယ်။ သူဟာ ၇ တန်းအထိပဲ ကျောင်းနေခဲ့ရပါတယ်။
ငယ်စဉ်ကတည်းက စက်ပစ္စည်းတွေကို စိတ်ဝင်စားခဲ့တယ်။ အားနေရင် အနီးအနားမှာရှိတဲ့ တိုလီမိုလီ ပစ္စည်းအတိုအစတွေနဲ့ သူဖန်တီးချင်ရာတွေကို ဖန်တီးရင်း ကစားလေ့ရှိပါတယ်။ သူ့ရဲ့နောက်ဝါသနာတမျိုးကတော့ ကဗျာစပ်တာဖြစ်ပြီး သူကြီးလာရင် ကဗျာဆရာတယောက်ဖြစ်ဖို့ အိပ်မက်ခဲ့ပါတယ်။ ၇တန်းပြီးတဲ့နောက်မှာ ထွန်စက် စက်ရုံတခုမှာ ဝင်လုပ်ခဲ့ရာကနေ စက်ပြင်ဆရာတယောက်ဖြစ်လာခဲ့တယ်။ အားလပ်ချိန်မှာ တခုခုဖန်တီးနေတတ်တဲ့ သူ့ရဲ့ လက်မှုပညာကျွမ်းကျင်မှုကို ပါတီခေါင်းဆောင်တယောက်က သတိထားမိသွားရာကနေ ရိုင်ဖယ်စက်ရုံမှာ ပြောင်းရွှေ့အလုပ်လုပ်ခဲ့ရတယ်။
၁၉၃၈ ခုနှစ်မှာတော့ ဆိုဗီယက်တပ်နီတော်ထဲ ဝင်ရောက်အမှုထမ်းခဲ့တယ်။ ခန္ဓာကိုယ်သေးကွေးပြီး မွေးရာပါ အင်ဂျင်နီယာပညာပါလာခဲ့တဲ့သူဟာ တင့်ကားစက်ပြင် တယောက်ဖြစ်လာခဲ့တယ်။ ဒီကြားထဲမှာပဲ လက်နက်အငယ်စားလေးတွေ စမ်းထွင်ခဲ့တယ်။ မကြာခင်မှာပဲ တင့်ကားအုပ်ချုပ်သူ တယောက်ဖြစ်လာခဲ့ပြီး ဆိုဗီယက် အမှတ် ၂၄ တင့်ကားတပ်ရင်းမှာ အမှုထမ်းခဲ့ရတယ်။ ၁၉၄၁ ခုနှစ် Bryansk တိုက်ပွဲမှာ ဒဏ်ရာရခဲ့ပြီး ၆ လကြာ ဆေးရုံတက်ခဲ့ရတယ်။ ဆိုဗီယက်တပ်သားတွေ အကျအရှုံးများရခြင်းဟာ မကြာခဏ ဂျမ်းဖြစ်တတ်တဲ့ စစ်မမီတဲ့ ရိုင်ဖယ်တွေကြောင့်ဆိုတာ သိလာခဲ့ပြီး ဆေးရုံတက်နေစဉ်အတွင်းမှာ ရိုင်ဖယ်တလက် တီထွင်ဖို့ အမြဲအိုင်ဒီယာထုတ်နေလေ့ရှိတယ်။
ဆေးရုံက ဆင်းလို့ အိမ်ပြန်ခွင့်ရခဲ့ပေမယ့် ပြန်တဲ့လမ်းမှာတင် အလုပ်ရုံကို ပြန်လှည့်လာခဲ့တယ်။ အတန်းပညာလည်း ဟုတ်တိပတ်တိ မရှိသလို သာမန်ရာထူးလည်းဖြစ်နေတဲ့ သူလိုလူက သူရေးဆွဲထားတဲ့ သေနတ်ဒီဇိုင်းကိုပြပြီး လက်နက်အသစ် ဖန်တီးဖို့ တင်ပြတော့ ဘယ်သူမှ ခွင့်မပြုကြဘူး။ မရမကကြိုးစားပြီး အကြိမ်ကြိမ် အပူကပ်တော့ အလုပ်ခန်းတခု နဲ့ စက်ပစ္စည်းတွေ ရခဲ့ပြီး တခြားအကူအညီတော့ မရခဲ့ပါဘူး။ သူဟာ အိုင်ဒီယာရှိပြီး လက်မှုပညာကျွမ်းကျင်ပေမယ့် လက်နက်အစိတ်အပိုင်းတွေ အသေးစိတ်ဖန်တီးဖို့ဆိုတာကျတော့ ဒီလိုနေရာမှာ တကယ်ကျွမ်းကျင်သူတွေ လိုအပ်ပါတယ်။ နောက်ဆုံးမှာတော့ စက်ရုံကလုပ်ဖော်ကိုင်ဖက်တချို့က သူတို့အလုပ်အားချိန်မှာ လာရောက်ကူညီကြတဲ့အတွက် လက်လုပ် သေနတ်တလက် ဖြစ်လာခဲ့တယ်။
သူကြိုးစားဖန်တီးထားတဲ့ သေနတ်ဟာ စမ်းသပ်မှုတွေအရ အလုပ်ဖြစ်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် တာဝန်ရှိသူတွေ စမ်းသပ်အပြီးမှာတော့ လိုအပ်ချက်များစွာ ရှိနေတဲ့အတွက် လက်နက်ထုတ်ဖို့ အရွေးမခံခဲ့ရပါဘူး။ ၁၉၄၂ ခုနှစ်မှာတော့ တပ်နီတော်ရဲ့ ဗဟို လက်နက် သုတေသန နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှာ ပြောင်းရွှေ့တာဝန်အပေးခံခဲ့ရတယ်။ နောက်တကြိမ် သူဒီဇိုင်းထပ်ထုတ်ထားတဲ့ လက်နက်ကို စမ်းသပ်ရာမှာလည်း အရွေးမခံခဲ့ရလို့ စိတ်ဓာတ်အကြီးအကျယ် ကျခဲ့ပြီး ရှေ့တန်းကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အထက်လူကြီးတွေက ခွင့်မပြုခဲ့ဖူး။ သူ့ချစ်သူတွေ နဲ့ မိတ်ဆွေအနည်းငယ်ကတော့ သူ့မှာ ပါရမီပါတာကို ယုံကြည်ကြတဲ့အတွက် အားမလျှော့ပဲ တီထွင်မှုတွေ ထပ်လုပ်ဖို့ အားပေးခဲ့ကြတယ်။
သူအကြိမ်ကြိမ်ကြိုးစား ပြင်ဆင်ခဲ့အပြီးမှာတော့ သူ့ရဲ့ နာမည် နဲ့ မျိုးရိုးအမည်ကို ပေါင်းစပ်ပေးထားတဲ့ Mikhtim သေနတ်ဒီဇိုင်းဟာ ၁၉၄၇ ခုနှစ်ရဲ့ အကောင်းဆုံး မောင်းပြန်ရိုင်ဖယ် ဒီဇိုင်းဆုအရွေးချယ်ခံခဲ့ရတယ်။ ဒီ ဒီဇိုင်းဟာ အေကေ ၄၇ ရဲ့ စဦးပုံစံဖြစ်ပြီး အဲဒီနှစ်အတွင်းမှာပဲ အေကေ-၄၇ သေနတ်ကို ထုတ်လုပ်နိုင်ခဲ့တယ်။ ဒီနေရာမှာ A က Avtomat (Automatic အလိုလျောက်ကို ရုရှားလိုခေါ်တာ) ၊ K က သူ့နာမည် ကလက်ချ်နီကော့လ် ရဲ့အစစာလုံး ၊ ၄၇ က ၁၉၄၇ ဆိုပြီး ပေါင်းစပ်အမည်ပေးထားတာဖြစ်ပါတယ်။ အေကေ-၄၇ ရဲ့ အကြမ်းခံနိုင်ခြင်း၊ အသုံးပြုရလွယ်ကူခြင်း ၊ တိကျမှုရှိခြင်းတို့ကြောင့် ၁၉၄၉ ခုနှစ်မှာတော့ တပ်နီတော်မှာ စံလက်နက်အဖြစ် စတင်သုံးစွဲခဲ့သလို တီထွင်သူ ကလက်ချ်နီကော့လ်ရဲ့ နာမည်ဟာလည်း ကျော်ကြားလာခဲ့တယ်။
ကလက်ချ်နီကော့လ် ဟာ အေကေ ၄၇ အပြင် အေကေအမ် ၊ အေကေ-၇၄ ၊ ပီကေစက်သေနတ် ၊ ပီအာကေ အပေါ့စားစက်သေနတ် ဒီဇိုင်းတွေကိုလည်း ဖန်တီးထုတ်လုပ်ပေးခဲ့တယ်။ ဒီလောက်ကြီးကျယ်တဲ့ တီထွင်မှုတွေကို လုပ်ပေးခဲ့ပေမယ့် ဒီအတွက် သူဟာ ဆုတံဆိပ်ပေါင်းများစွာ ချီးမြှင့်ခံရတာကလွဲလို့ အကျိုးအမြတ်တော့ ရရှိခဲ့ခြင်း မရှိပါဘူး။ အမေရိကန် ရဲ့ အမ်-၁၆ တီထွင်သူ ယူဂျင်းစတုန်းနာ နဲ့ တွေ့ဆုံစဉ်က ဒီအကြောင်းကို ဖွင့်ဟခဲ့ဖူးပါတယ်။ တီထွင်မှုကြောင့် ယူဂျင်းစတုန်းနာ က သန်းကြွယ်သူဌေးဖြစ်ပြီး ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားနေပေမယ့် ကလက်ချ်နီကော့လ် ကတော့ သူ့ဇာတိကနေ မော်စကိုမြို့ကို သွားဖို့တောင် လေယာဉ်လက်မှတ် မဝယ်နိုင်ခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။
ကလက်ချ်နီကော့လ် ကတော့ “ပိုက်ဆံဟာ သူ့အတွက်အရေးမကြီးကြောင်း မိမိနိုင်ငံကာကွယ်ဖို့အတွက် ဒီလိုဖန်တီးပေးနိုင်ခဲ့မှုအတွက် ဂုဏ်ယူကြောင်း ၊ တာဝန်ထမ်းဆောင်ဖို့လည်း အမြဲအဆင်သင့်ရှိပါကြောင်း ဆိုခဲ့ပါတယ်။ ဒါကလည်း ဆိုဗီယက် နဲ့ အမေရိကန် မတူညီမှုကြောင့် ဖြစ်ခဲ့ရတာပါ။ ယခင်က ဆိုဗီယက်မှာ မူပိုင်ခွင့် ဥပဒေမရှိပဲ ဆိုဗီယက်ပြိုကွဲပြီး ၁၉၉၁ ခုနှစ်မှ ပေါ်ပေါက်လာခဲ့လို့ ဖြစ်ပါတယ်။
ကလက်ချ်နီကော့လ် ရဲ့ အေကေ-၄၇ ဟာ ရိုးရှင်းတဲ့ ဒီဇိုင်း ၊ ရေစိုဒဏ် သဲဝင်ခြင်း တွေကို ခံနိုင်ခြင်း ၊ သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ခြင်း ၊ ပစ်မှတ်ကို အလွယ်တကူဖြစ်ခတ်နိုင်ခြင်း ကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ယနေ့အချိန်ထိတိုင်အောင် ဒီဇိုင်းအမျိုးမျိုးမြှင့်တင်ရင်း နာမည်ကြီးလျက်ရှိနေတုန်းပါ။ ကောင်းမွန်လွန်းတဲ့ တီထွင်မှုကြောင့် အေကေ-၄၇ နဲ့ ဆက်စပ်လက်နက်တွေကို ကမ္ဘာအနှံ့က စစ်တပ်တွေကသာမက လက်နက်ကိုင်အဖွဲ့ပေါင်းများစွာကလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပါတယ်။
ဒီအတွက်တော့ ကလက်ချ်နီကော့လ် က “ကျွန်တော်က အမိနိုင်ငံကိုကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာပါ။ နိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင်တွေက မဟုတ်မမှန်တဲ့ နေရာမျိုးစုံမှာ သုံးစွဲနေတာ မြင်ရကြားရတော့ စိတ်မသက်မသာ ဖြစ်မိတယ်။ တကယ်လို့ သေနတ်သာ မထွင်ပဲ မြက်ရိတ်စက်ပဲ တီထွင်ခဲ့ရင် ပိုကောင်းမှာပဲ” လို့ နောင်တ စကား ဆိုခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ် အသက် ၉၄နှစ်အရွယ်မှာတော့ အေကေ-၄၇ ရဲ့ဖခင်ကြီး ကလက်ချ်နီကော့လ် ဟာ ကွယ်လွန်သွားခဲ့ပါတယ်။
ကလက်ချ်နီကော့လ် ဟာ Danilovna Astakhova နဲ့ ပထမအကြိမ် ၊ Viktorovna Moiseyeva နဲ့ ဒုတိယအကြိမ် နှစ်ကြိမ်လက်ထပ်ခဲ့ပါတယ်။ Viktorovna ကတော့ အင်ဂျင်နီယာတဦးဖြစ်ပြီး ကလက်ချ် ရဲ့လက်နက်ဒီဇိုင်းတွေ နည်းပညာပုံစံ အသေးစိတ်ရေးဆွဲတဲ့နေရာမှာ ကူညီခဲ့ပါတယ်။ Viktorovna နဲ့ သူမသေဆုံးချိန်တိုင်အောင် နှစ်ပေါင်း ၅၀ကျော် ပေါင်းသင်းခဲ့ပါတယ်။ ကလေး ၄ယောက်ရခဲ့ပြီး သားတယောက်ဖြစ်တဲ့ Victor ကတော့ ဖခင်လိုပဲ အသေးစားလက်နက်ဒီဇိုင်းပညာရှင် ဖြစ်ခဲ့ပါတယ်။
ကလက်ချ် ဟာ သူ့သက်တမ်းတလျှောက်မှာ သေနတ်ဒီဇိုင်းပေါင်း ၁၅၀ လောက်ကို ဖန်တီးရေးဆွဲသွားခဲ့ပါတယ်။ နာမည်အကျော်ကြားဆုံးဖြစ်တဲ့ အေကေ-၄၇ ထုတ်လုပ်မှုကို ဆိုဗီယက်အနေနဲ့ ၁၉၇၄ ခုနှစ်အထိသာ ထုတ်လုပ်ခဲ့ပေမယ့် တခြားနိုင်ငံတွေကတော့ ယနေ့အချိန်ထိ ထုတ်လုပ်နေကြဆဲဖြစ်ပါတယ်။ အေကေ-၄၇ အလက်ပေါင်း ၇၅ သန်းနဲ့ အထက် ထုတ်လုပ်ခဲ့ပြီးဖြစ်သလို ကလက်ချ် ရဲ့ ဒီဇိုင်းပေါ်မှာ အခြေခံထားတဲ့ သေနတ်အလက်ပေါင်းကတော့ သန်း ၁၀၀ ကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ကလက်ချ်နီကော့လ် မရှိတော့ပေမယ့် သူတီထွင်ခဲ့တဲ့ အေကေ-၄၇ ကတော့ နောက်နှစ်ပေါင်းများစွာအထိ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။