Sunday, April 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်းကြီးအကြောင်းသိကောင်းစရာ

by Thutamm
July 26, 2019
Reading Time: 1min read
0
ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်းကြီးအကြောင်းသိကောင်းစရာ
Share on FacebookShare on Twitter

(တစ်)

အန်ကောဝပ် (Angkor Wat) ဟု ဆိုလိုက်သည်နှင့် ကမ္ဘောဒီးယားနိုင်ငံထဲက ကမ္ဘာကျော်ရှေးဟောင်းအမွေအနှစ်ကြီးတစ်ခုကို လူတိုင်းလူတိုင်း မျက်လုံးထဲတွင် ပြေး၍ မြင်မိကြစမြဲဖြစ်ပါသည်။ ဝပ် (Wat) ဆိုသော စကားလုံးက ကျောင်းကို ရည်ညွှန်းပါသည်။ ရိုးရိုးကျောင်းမဟုတ်။ ဘာသာရေးနှင့် ဆက်နွှယ်သည့်ကျောင်း။

ခြံစည်းရိုးကလေးသာခြားသည့် ထိုင်းမှာရော ကမ္ဘောဒီးယားမှာပါ ဘုန်းတော် ကြီးကျောင်းတွေကလည်း ဝပ် (Wat)၊ ဟိန္ဒူဘုရားကျောင်းတွေကလည်း ဝပ် (Wat)။ အန်ကောဝပ်ကတော့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ခမာနိုင်ငံတော်အမွေအနှစ်။ အခုရက်တွေထဲ ထိုယဉ်ကျေးမှုအမွေအနှစ် အန်ကောဝပ်ကျောင်းတော်ကြီးထဲ၌ ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံသူတို့ အကြောင်းတွေကို သတင်းစာ၊ ဂျာနယ်များထဲ၌ ဖတ်ရှုခွင့်ရလိုက်ရာ ကျွန်တော် အံ့သြနေ မိပါသည်။ ဘယ်လိုမျိုး စိတ်ကူးကြီးတွေပါလိမ့်။

(နှစ်)

အန်ကောဝပ်က စီရမ်ရိ (Siem Reap) ပြည်နယ်ထဲမှာရှိပါသည်။ ဘန်ကောက်မှ စီရမ်ရိသို့ တစ်နာရီ ဝန်းကျင် လေယာဉ်စီးလိုက်ပြီးသည်နှင့် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်း ရှိရာဆီသို့ မော်တော် ကားစီးပြီး အရောက်သွားနိုင်ပါပြီ။ အန်ကောဝပ်က ပုဂံနှင့်ခေတ်ပြိုင်။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ၁၁ ရာစု နှောင်းပိုင်းနှစ်ကာလများတွင် မငြိမ်မသက် မှုများ၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

အာဏာကုန်ပိုင်စိုးနိုင်ဖို့ရာအတွက် စင်ပြိုင်ကြိုးပမ်းကြသူတွေနှစ်ဦး၊ သုံးဦးအထိရှိခဲ့သော ကာလများပင်ရှိခဲ့ဖူးပါသည်။ သို့ဖြင့် ၁၁ ရာစုကုန်လေသောအခါ နောက်နှစ်တစ်ရာရှည်ကြာတည်တံ့မည့် မင်းဆက်အသစ် ပေါ်ပေါက်လာပါတော့သည်။

ပထမဦးဆုံးပေါ်ပေါက်ခဲ့ကြသည့် ဇေယျဗာမန် (၆) နှင့် အြနိန္ဒရာဗာမန် (၁) တို့၏ အကြောင်းကို လူသိအလွန်နည်းပါသည်။ သို့သော် သူတို့၏ တူတော်စပ်သူ သူရိယဗာမန် (၂) ကမူ ထူးခြားသောမင်းတစ်ပါးပဲ ဖြစ်ပါသည်။ ကမ္ဘာကျော်အန်ကောဝပ်ကို တည်ဆောက်ခဲ့သူမှာ သူရိယဗာမန် (၂) ပင်ဖြစ်ပါ၏။ ကျောက်စာအထောက်အထားတို့အရ ထိုသူရိယဗာမန် (၂) Suryavarman(II) သည် ပြိုင်ဘက်မင်းတစ်ပါးကို အနိုင်ရပြီးနောက် ဘုန်းတန်ခိုးကြီးမားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ စစ်မြေပြင်တွင် ရန်သူဘုရင်၏ ဆင်ဦးကင်းပေါ်သို့တက်ပြီး လုပ်ကြံပစ်လိုက်ပုံမှာ တောင်စောင်းတွင် မြွေကို ဂဠုန်က သုတ်ပစ်လိုက်သည့်ပမာနှင့် တူလှကြောင်း ဖော်ပြလေ့ရှိကြပါသည်။

သူရိယဗာမန် (၂) သည် ဗီယက်နမ်ကို အတိုက်အခံပြုကာ တရုတ်၏ အားပေးမှုကိုခံယူပြီး အန်ကာခေတ်ဘုရင်များထဲတွင် တရုတ်နှင့် ဦးစွာ သံတမန်ဆက်ဆံခဲ့သော ဘုရင်လည်းဖြစ်ပါသည်။ ယခုခေတ် ထိုင်းနိုင်ငံအရှေ့မြောက်တွင်ရှိသော Pimai နှင့် Phnom Rung အရပ်ဒေသများတွင် အံ့သြချီးကျူးဖွယ်ရာ ကျောင်းတော်များကို ထိုဘုရင် တည်ဆောက်ခဲ့ပါသည်။ သူရိယဗာမန် (၂) က ဗိဿနိုးနတ်ကို အမြတ်တနိုးကိုးကွယ်သည်။ ထို့ကြောင့် အန်ကာခေတ် (Angkor) ၏ အကြီးမားဆုံး၊ အလှပဆုံး၊ အဆန်းကြယ်ဆုံး၊ အခံ့ထည်ဆုံး အန်ကောဝပ်ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော်ဧရိယာက ဧက ငါးရာကျော်သည်။ သူရိယဗာမန် (၂) နန်းတက်စ အစောပိုင်းနှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခရစ်နှစ် ၁၁၅၀ သူ နတ်ရွာစံသည်အထိ မပြီးပြတ်ခဲ့။ ယခုအခါ ပျောက်ဆုံးသွားပြီဖြစ်သော ကျောင်းဆောင်အလယ်ရှိ ဗိဿနိုးနတ်ရုပ်ကြီးသည် သူရိယဗာမန် (၂) ၏ (၃၃) နှစ်မြောက် မွေးနေ့ (ခရစ်နှစ်-၁၁၃၁) ကိုရည်ရွယ်ကာ ထုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ အန်ကောဝပ်ကျောင်းတော်ကြီးသည် အနောက်ဘက်သို့ မျက်နှာဖွင့်ထားသည့်အတွက် ထူးခြားသည်ဟုဆိုပါသည်။ ကျောင်းဆောင်ပတ်ပတ်လည်ရှိ ရုပ်တုကြီးများသည် တစ်မိုင်ပတ်ပတ်လည်၌ ရှိနေကြခြင်းဖြစ်ပြီး အနောက်မြောက်မှစကာ နာရီလက်တံ ပြောင်းပြန်လည်သည့် အနေအထားအတိုင်းကြည့်ရင်း အညွှန်းစာများကို ဖတ်သွားကြရန်ဖြစ်ပါသည်။

ဤသို့ပြောင်းပြန်လှည့်ရသည့် အဓိပ္ပာယ်မှာ သေခြင်းတရားနှင့် ဆက်စပ်နေပြီး ‘‘အနောက်ဘက်’’ ဟူသည့် စကာလုံးကလည်း ခမာဘာသာစကားအရ ကျဆုံးခြင်း နစ်မြုပ်ခြင်းကို ကိုယ်စားပြုကြောင်း ယူဆသူများရှိပါသည်။ ထို့ကြောင့် ပြင်သစ်လေ့လာသူများက အန်ကောဝပ်သည် ကျောင်းတော်မဟုတ်ဘဲ ဂူသင်္ချိုင်းဖြစ်ရမည်ဟု ငြင်းခုံခဲ့သည်များလည်း ရှိခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော် ဝန်းကျင်ကြီးတစ်ခုလုံးသည် နက်ရှိုင်းသည့် သစ်တောအုပ်ကြီး၏ အလယ်တွင် နှစ်ပေါင်းများစွာ ပုန်းဝှက်ကွယ်ပျောက်ကာ ငုပ်လျှိုးနေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကိုလိုနီဘဝသို့ ကျရောက်စဉ် နေ့ရက်များတွင်မှ ပြင်သစ်တို့က ပြန်လည်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။

၁၉၄၀ နှင့် ၁၉၇၀ ကြားတွင် အန်ကောဝပ်သို့ လေ့လာသူအများအပြား ရောက်ရှိ၍ လာကြပါသည်။ ၁၉၄၀ ၌ ရောက်ရှိသူ Codes ဆိုသူက အန်ကောဝပ်သည် ကျောင်းလည်းဟုတ်၊ ဂူလည်း ဟုတ်သည်ဟုဆိုပါသည်။ အနောက်သို့ မျက်နှာလှည့်ထားခြင်းသည် ဗိဿနိုးကို အရိုအသေပြုခြင်းတဲ့။ အန်ကာခေတ်ကြီးတစ်ခေတ်လုံးတွင် ဗိဿနိုးကို ပူဇော်သော ဘုရားကျောင်းဟူ၍ အန်ကောဝပ် တစ်ခုသာရှိပါသည်။

(သုံး)

၁၉၇၀ ပြည့် နှစ်လယ်ပိုင်းတွင် အန်ကောဝပ်ကျောင်းတော်၏ အတိုင်းအတာများကို လေ့လာသူ Eleanor Moron ဆိုသူတစ်ယောက် ရောက်လာပါသည်။ ကျောင်းတော်၏ အတိုင်းအတာ၊ အမှတ်အသား မှန်သမျှသည် ကျောင်းတော်ကို ဒီဇိုင်းရေးဆွဲခဲ့သူတို့က လျှို့ဝှက်အမှတ်အသားများဖြင့် အဓိပ္ပာယ် ဖော်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြပါသည်။

ကမ္ဘောဒီးယားအတိုင်းအတာအရ အနောက်ဘက်အပေါက်မှ ကျောင်းဆောင်အလယ်အထိ ၁၇၂၈ ဘက် (Bat) ရှိပါသည်။ အခြားသုံးဘက်မှာမူ ကျောင်းဆောင်အလယ်သို့ ရောက်စေရန် ၁၂၉၆ ဘက်၊ ၈၆၇ဘက်၊ ၄၃၉ဘက် အသီးသီးရှိပါသည်။ ထိုအကွာအဝေးပမာဏတို့သည် အိန္ဒိယအယူအဆအရ ခေတ်ကြီးလေးခေတ်ကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ ရွှေခေတ်သည် နှစ် ၁ ဒသမ ၇၂၈ သန်းကြာပြီး အခြားသုံးခေတ်သည် နှစ် ၁ ဒသမ ၂၉၆ သန်း၊ ၈၆၄၀၀၀ နှစ်နှင့် ၄၃၂၀၀၀ နှစ်တို့ ကိုယ်စားပြုကြောင်းဆိုပါ၏။ အစောဆုံးခေတ်သည် နောက်ဆုံးခေတ်၏ လေးဆ၊ ဒုတိယခေတ်၏ သုံးဆ၊ တတိယခေတ်၏ နှစ်ဆရှိပြီး ယခုခေတ်သည် နောက်ဆုံးခေတ်ဖြစ်ကာ အဆုံးတွင် စကြဝဠာကြီး ပျက်စီးသွားမည်ဖြစ်ကြောင်း ယူဆပါသည်။

သြော်- ကမ္ဘောဒီးယား အခြေခံအတိုင်းအတာ ဘက် (Bat) တစ်ဘက်မှာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ပေ တဲ့။ လိုရာစနစ်သို့ တွက်ချက်ကြည့်ယူနိုင်ပါသည်။ ထား။ သို့ဆိုလျှင် နာရီလက်တံ ပြောင်းပြန်အတိုင်း ဖတ်ကြည့်ရမည်ဆိုသည့် အန်ကောဝပ်ကျောင်းတော်ကြီးသည် အချိန်ကာလ ခရီးသွားခြင်းကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အနောက်ပေါက်မှ ဝင်ရောက်လာလျှင် သေခြင်းတရား၏ ဆန့်ကျင်ဘက်။ အိန္ဒိယတို့ ယုံကြည်ကြရာ အချိန်ကာလ၏အစသို့ ချဉ်းကပ်လာသည့် အနက်အဓိပ္ပာယ်။

leanor Moron က အန်ကောဝပ်ကျောင်းတွင် နက္ခတ်တာရာအရ ဆက်စပ်မှုများလည်း ရှိသည်ဟု ဆိုပါသည်။ Phmum Bak အရပ်ရှိ တောင်ကုန်းကလေးတစ်ခုပေါ်မှ နေထွက်လာသော အချိန်တွင် နေသည် အနောက်ဘက်ဝင်ပေါက်နှင့် တစ်တန်းတည်း ဖြစ်နေသည်ဟု ဆိုပါသည်။ အန်ကောဝပ်ကို တည်ဆောက်သူ သူရိယဗာမန်၏ အမည်ကပင်လျှင် နေမင်းကြီး၏ ကာကွယ်စောင့်ရှောက်မှုကို ခံရသူဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်လား။ သို့ဆိုလျှင်ဖြင့် အန်ကောဝပ် ကျောင်းတော်ကြီးသည် လျှို့ဝှက်စာများဖြင့် ရေးသားထားသည့် ဘာသာရေး ပဟေဠိပုစ္ဆာတစ်ပုဒ်များ ဖြစ်နေလေရော့သလား မသိ။

ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ များပြားလှသော မျက်နှာများဖြစ်သည်။ အရင်တုန်းက ဗုဒ္ဓ၏ မျက်နှာများဟု နာမည်ကြီးခဲ့ပြီး တစ်ချို့က ခမာဘုရင်တို့၏ မျက်နှာများဟု ယူဆကြသည်။နောက်ထပ်နာမည်ကြီးသော နေရာမှာ Ta Prohm ဆိုသောနေရာပင်ဖြစ်မည်။ Tomb Rider ကိုကြည့်ဖူးသူတိုင်းအတွက် ထိုနေရာနှင့်စိမ်းမည် မဟုတ်ပါ။ အန်ကောမြို့ဟောင်းသည် တစ်ချိန်က တောအုပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ လူတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ပြင်သစ်လူမျိုးက ပြန်လည်တူးဖော်ပြီးသောအခါ အန်ကောမြို့ဟောင်း၏ အလှသည် ပြန်ပြီးအသက်ဝင်လာသည်။

နောက်ထပ် ထူးခြားချက်မှာ သမိုင်းပညာရှင်တို့၏ မတူးဖော်ခင်အတိုင်း အရှိကိုအရှိအတိုင်း ထားခြင်းဖြစ်သည်။ Silk Tree ၏ ကြီးမားလှသော အမြစ်များကြားထဲတွင် ဘုရားကျောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်စဲရှိသည်။ ပန်းရောင်းဖျော့ဖျော့ အမြစ်ကြီးများသည် မြွေလိမ်မြွေကောက်ပမာ ဘုရားကျောင်းကို ရစ်ပတ်ထားပြီး အစိမ်းရောင်ရေညှိပင်များက လွှမ်းခြုံထားသည်။ မြေ၏သဘာဝနှင့် လူသားတို့ဖန်တီးမှု နှစ်ခုသည် လှပစွာပေါင်းစည်းနေသော နေရာလေးဖြစ်သည်။

VIDEO

Via: 7Day Daily
Myanmar Wikipedia

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!