မူရင်းရေးသားသူ – Thu Yein Min Maw
နည်းပညာလောကသားတွေ ပါးစပ်ဖျားက စီလီကွန်တောင်ကြား (Silicon Valley) ဆိုတာ တကယ့်တောင်ကြားကြီးပဲလား ၊ ဘာတွေရှိပြီး ၊ ဘာတွေလုပ်တာလဲ ဆိုတဲ့ မေးခွန်းတွေကို မေးချင်နေကြတဲ့ သူတွေ ရှိနေမှာ သေချာပါတယ် ။
တကယ်တော့ စီလီကွန်တောင်ကြားဆိုတာ အမေရိကန်ပြည်ထောင်စု ၊ မြောက်ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဆန်ဖရန်စစ္စကို ကမ်းခြေနားမှာ တည်ရှိတဲ့ နေရာဒေသတစ်ခု ပဲဖြစ်ပါတယ် ။ ဒေသရဲ့ အလယ်က Santa Clara Valley ဆိုတဲ့ တောင်ကြားတစ်ခုကို အစွဲပြုလို့ အဆင့်မြင့် နည်းပညာကုမ္ပဏီကြီးတွေ ရာပေါင်းများစွာနဲ့ နည်းပညာနဲ့ဆိုင်တဲ့ ကုမ္ပဏီထောင်ပေါင်းများစွာတို့ရဲ့ အဓိက အခြေပြုတည်ရှိရာ ဒီဒေသကို စီလီကွန်တောင်ကြားလို့ ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။
နည်းပညာခေတ်ရဲ့ အဓိက ထုတ်ကုန်လို့ဆိုနိုင်တဲ့ Silicon Chip ပေါင်းမြောက်မြားစွာထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီကြီးတွေကို အစွဲပြုလို့ စီလီကွန်တောင်ကြားလို့ခေါ်ဆိုခဲ့တာဟာ အခုဆိုရင် အမေရိကန်ရဲ့ နည်းပညာနယ်ပယ်ဒေသကြီးတစ်ခုအဖြစ် ကမ္ဘာမှာကျော်ကြားနေပါပြီ ။ ပထဝီအနေအထားအရတော့ စီလီကွန်တောင်ကြားရဲ့ အနားမှာ Peninsula တောင်ကြား နဲ့အမေရိကားရဲ့ အရှေ့ဘက်ကမ်းခြေတို့ တည်ရှိပြီး အလယ်မှာတော့ San Jose ဆိုတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့မြို့တော်ဟောင်းရှိပါတယ် ။
စီလီကွန်တောင်ကြားလို့ အမည်ပေးခဲ့တဲ့ သူကတော့ Ralph Vaerst ဆိုတဲ့ အောင်မြင်ကျော်ကြားတဲ့ ကယ်လီဖိုးနီးယားပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပါ ။ ဒီနာမည်ကို Electronic News ဆိုတဲ့ သတင်းစာမှာ အခန်းဆက်ဆောင်းပါးရှည်အတွက် ခေါင်းစဉ်အဖြစ် Vaerst ရဲ့ သူငယ်ချင်းဖြစ်သူ Don Hoefler ဆိုတဲ့သူက စတင်သုံးနှုန်းခဲ့တာပါ ။ Silion Valley in the USA ဆိုတဲ့ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဆောင်းပါးပါတဲ့ သတင်းစာကို ၁၉၇၁ ဇန်နဝါရီ ၁၁ ရက်က ပုံနှိပ်ခဲ့တာဆိုတော့ အခုဆိုရင် စီလီကွန်တောင်ကြားဆိုတဲ့အမည်ဟာ နှစ်ပေါင်း (၄၀) ကျော်ပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် စီလီကွန်တောင်ကြားရယ်လို့ ၁၉၈၀ နှစ်များလောက်ကအထိ လူသိမများခဲ့ကြသေးပါဘူး ။
အဲ့ဒီ စီလီကွန်တောင်ကြားဟာဆိုရင် အမေရိကားရဲ့ ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်ကြီးက ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်နဲ့ အခွင့်အလမ်းများကို ဖန်တီးပေးနေတဲ့ ဒေသလည်းဖြစ်ပြန်ပါတယ် ။ ဒါ့အပြင် သိန်းပေါင်းများစွာသော အိုင်တီနည်းပညာရှင်များ ကျင်လည်ကျက်စားရာ နေရာဒေသလည်းဖြစ်တယ်။ ၂၀၀၆ ခုနှစ်တုန်းက AeA လို့ခေါ်တဲ့ American Electronics Association အဖွဲ့အစည်းရဲ့ စစ်တမ်းအရ စီလီကွန်တောင်ကြားဟာ အမေရိကားရဲ့ နည်းပညာမြို့တော်ကြီးတွေဖြစ်တဲ့ New York နဲ့ Washington ပြီးရင် တတိယအကြီးဆုံး Cybercity ဖြစ်ပါတယ် ။
နည်းပညာနဲ့ပတ်သတ်တဲ့ အလုပ်အကိုင်ပေါင်း ၂၂၅,၃၀၀ ကျော် ရှိပြီး ဧရိယာ စတုရန်းကီလိုမီတာ ၄၀ ကျော် (၉၉၀၀ ဧက) ကျယ်ဝန်းပါတယ် ။ ယနေ့ခေတ် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတွေထဲက အတော်များများဟာ စီလီကွန်တောင်ကြားမှာ တည်ရှိသလို NASA Ames Research Center တို့လို အစိုးရ သုတေသန အဖွဲ့အစည်းကြီးတွေလည်း အခြေပြုပါတယ် ။ စီလီကွန်တောင်ကြားရဲ့ အလယ်က မြို့တော်ဟောင်း San Jose အပါအဝင် မြို့ပေါင်း ၁၅ မြို့ဟာ တောင်ကြားရဲ့ နယ်နမိတ် အတွင်းမှာပါဝင်ပါတယ် ။
စတန်းဖို့စ် တက္ကသိုလ်တို့လို ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေ အပါအဝင် တက္ကသိုလ် ကောလိပ်ပေါင်း ၃၀ စီလီကွန်တောင်ကြားမှာ ဖွင့်လှစ် သင်ကြားနေပါတယ်။ တက္ကသိုလ်ကောလိပ်တွေက ဘွဲ့ရ၊ ဒီပလိုမာရကျောင်းသားကျောင်းသူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ မြောက်မြားစွာဖန်တီးပေးနေတဲ့ နေရာဒသလည်းဖြစ်ပါတယ် ။
စီလီကွန်တောင်ကြားဒေသမှာ နည်းပညာမြင့်ကုမ္ပဏီကြီးရဲ့ အဆောက်အဦးတွေ ၊ အဆင့်မြင့် တက္ကသိုလ် ကောလိပ်ကြီးတွေအပြင် ကမ္ဘာကျော် Computer History Museum တို့လို အထင်ကရအဆောက်အဦးတွေ ၊ အထိန်းအမှတ်နေရာတွေ ၊ ဒေသရဲ့ ရိုးရာပွဲတော်ကြီးတွေနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး စည်းကားလွန်းပါတယ် ။ ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စား လာရောက် လည်ပတ်လေ့ရှိတဲ့ San Jose မြို့ရဲ့ မြို့တော်အဖြစ် အထင်ကရ အထိန်းအမှတ် Circle of Palms နဲ့ SJ Muesum of Art တို့ဟာ ဆိုရင် နှစ်စဉ် ခရီးသွားများနဲ့ ပြည့်နှက်နေပါတယ် ။
Cathedral Basilica of St. Joseph ဘုရားကျောင်း နဲ့ The San Jose Center for the Performing Arts တို့ လို ယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်အဆောက်အဦးတွေ၊ လည်ပတ်အပန်းဖြေချင်စရာ ပန်းခြံ ၊ ဥယျာဉ်တွေ နဲ့ စီလီကွန်တောင်ကြားဟာ စိတ်ဝင်စားစရာပါပဲ ။ ဒါ့အပြင် ရိုးရာဂီတပွဲတော်ဖြစ်တဲ့ San Jose Jazz Festival ကိုလည်း နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားပေါင်း သိန်းချီလာရောက် ဆင်နွှဲလေ့ရှိပြီး အထူးစည်ကားပါတယ် ။ တကယ်တော့ စီလီကွန်တောင်ကြားဒေသဟာ ခေတ်သစ်နည်းပညာတွေနဲ့ ထုတ်ကုန်တွေထွက်ရှိရာ ဒေသတစ်ခုတင်မကပါဘူး ရှေးဟောင်းရိုးရာအစဉ်အလာ အမွေအနှစ်အဆောက်အဦးတွေ ပွဲတော်တွေနဲ့ အဖက်ဖက်က စည်ပင်ဝပြောတဲ့ ဒေသတစ်ခုလည်းဖြစ်ပြန်ပါတယ် ။
Microsoft ရဲ့ ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ် Bill Gates နဲ့ Jobs တို့လို စွမ်းဆောင်ရှင်တွေရဲ့ ကျင်လည်ကျက်စားရာ နေရာလည်းဖြစ်ပါတယ် ။ ဒါ့ကြောင့်လည်း ကမ္ဘာကျော် ပုဂ္ဂိုလ်တွေနဲ့ ဒီဒေသကို နောက်ခံထားလို့ Pirates of Silicon Valley ဆိုတဲ့ ရုပ်ရှင်ကားကို ၁၉၉၉ နှစ်မှာ ရိုက်ကူးပြီး ထုတ်လွှင့်ခဲ့ပါတယ် ။ စာရေးဆရာ Paul Freiberger and Michael Swaine တို့ရေးသားတဲ့ Fire in the Valley: The Making of The Personal Computer ဆိုတဲ့ စာအုပ်ကို ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာပါ ။ ၁၉၇၀ နှစ်များလောက်က Bill Gates နဲ့ Steve Jobs တို့ရဲ့အကြောင်းကို ရေးဖွဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ် ။ Personal Computer ကို ဖန်ဆင်းဖို့ ကြိူးစားခဲ့ကြတဲ့ ပြိုင်ဘက်နှစ်ဦးရဲ့ အကြောင်းပါ ။
နည်းပညာခေတ်ကြီးရဲ့ ကမ္ဘာကျော်ဒေသကြီးဖြစ်တဲ့စီလီကွန်တောင်ကြားဟာ ယနေ့ခေတ်လူ့အဖွဲ့အစည်းကြီးကို အထောက်အကူအပြုနိုင်ဆုံး နေရာဒေသတစ်ခုဆိုလည်းမမှားပါဘူး ။ Personal Computer တို့လို လူ့သမိုင်းကြောင်းကို ပြုပြင်ပြောင်းလဲ တိုးတက်စေမယ့် အရာဝတ္ထုတွေနဲ့ ပညာရပ်တွေ မွေးဖွားရာဒေသ တစ်ခုလည်း ဖြစ်ပါတယ် ။
နောင်အနာဂတ်မှာလည်း ကမ္ဘာကြီးကို အကျိူးပြုမယ့် နည်းပညာသစ်တွေကို ဆက်လက်မွေးဖွားဖို့ရာ ရေခံမြေခံကောင်းတဲ့ ဒေသ အဖြစ်နဲ့လည်း ရပ်တည်နေပါတယ် ။ ဒီ စီလီကွန်တောင်ကြားဆိုတဲ့ နေရာဒေသက နေ ရှေ့ဆက်ပြီး ရှေ့ဆက်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂိုလ်တွေ ၊ ကမ္ဘာကျော် သိပ္ပံပညာရှင်တွေ ၊ ကမ္ဘာကျော်နည်းပညာဆန်းတွေ မွေးထုတ်ဖန်ဆင်းပေးနေဦးမှာ ဧကန်မလွဲပါပဲ ။
Thu Yein Min Maw