ဒုတိယကမ္ဘာစစ်ကာလရဲ့နာမည်ကျော် စတာလင်ဂရတ်( Stalingrad)တိုက်ပွဲကြီးဟာဆို ရင် (၁၉၄၂)ခုနှစ်၊ဇူလိုင်(၁၇)ရက်နေ့မှစတင်ခဲ့ပြီး(၁၉၄၃)ခုနှစ်၊ဖေဖော်ဝါရီလဒုတိယအပတ်အထိကြာမြင့်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ဥရောပအရှေ့ပိုင်းစစ်မျက်နှာအတွင်း အဓိကအကျဆုံးသောရုရှားတွေရဲ့ခံစစ်တိုက်ပွဲကြီးဖြစ်ပြီး ရုရှားတွေရဲ့အသက်ချွေး များစွာရင်းနှီးပြီး ရန်သူတော်ဂျာမန်တွေအပေါ်အောင်ပွဲခံနိုင်တဲ့စစ်ပွဲကြီးအဖြစ်လည်း စတာလင်ဂရတ်( Stalingrad) တိုက်ပွဲဟာထင်ရှားပါတယ်။
(၁၉၄၁-၁၉၄၂)ဆောင်းရာသီကာလအတွင်း ရုရှားတပ်နီရဲ့တန်ပြန်ထိုးစစ်ကြောင့်ဂျာမန်တွေဟာ မော်စကိုမြို့တော်ကိုသိမ်းပိုက်ဖို့ မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် (၁၉၄၂) နွေ ရာသီရောက်ချိန်မှာတော့ ရုရှားတောင်ပိုင်းက ရေနံထွက်ရာ ကော့ကဆပ်တောင်တန်းတွေဘက်ပြန်လည်ထိုးစစ်ဆင်ရာမှာ မော်စကိုကို ဂျုံနဲ့ဓာတ်ဆီအဓိကပေးပို့ရာ ဗော်လဂါမြစ်ပေါ်က စတာလင်ဂရတ်မြို့တော်ကိုသိမ်းပိုက်နိုင်ဖို့ကြိုးစားရမယ့် အခြေအနေဖြစ်လာတာပါ။
စတာလင်ဂရတ်မြို့တော် ဟာရုရှားနိုင်ငံတောင်ဘက်စွန်းပိုင်းမှာတည်ရှိပြီး စစ်ရေးဗျူဟာအရ အလွန်အရေးပါတဲ့ နေရာမှာရှိနေတဲ့အပြင် ဒီမြို့ကျရင် မော်စကို လည်းရေရှည်ရပ်တည်ဖို့မဟန်နိုင်တဲ့အချက်ကြောင့် ဟစ်တလာရဲ့နာဇီတပ် တွေကအပြင်းအထန်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ကြတဲ့ပြီး ရုရှားတပ်နီတော်ကလည်းရုရှားရဲ့ပြင်းထန်တဲ့ရာသီဥတုနဲ့အတူ အကောင်းဆုံးခံစစ်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဂျာမန်တွေအနေနဲ့ စတာလင်ဂရတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါက ရုရှားတောင်ပိုင်းဒေသတစ်ခုလုံးကို စစ်ရေးအရကောင်းကောင်းချယ်လှယ်နိုင်မှာဖြစ်တဲ့ အတွက် စတာလင်ဂရတ်တိုက်ပွဲဟာ နှစ်ဘက်စလုံးအတွက်အလွန် ကိုအရေးကြီးတဲ့စစ်ပွဲကြီးဖြစ်နေတာပါ။
ရုရှားတွေအတွက်တော့ စတာလင်ဂရတ်( Stalingrad) ဟာ အဓိကခံစစ်မြို့အဖြစ်သာမက နိုင်ငံရဲ့အဓိကစက်မှုမြို့တော်ဖြစ်တယ်ဆိုတဲ့အချက်ရယ်၊ နိုင်ငံရေးအရအလွန်ကိုအရေးပါတဲ့နေရာကနေရှိနေပါတယ်ဆိုတဲ့အချက်ကြောင့် ဟစ်တလာရဲ့လက်အောက် လုံးဝကျရောက်သွားလို့မရတဲ့ အနေအထားမှာရှိပါတယ်။ ဒါအပြင်ရုရှားနိုင်ငံမှာလည်းယင်းကာလက နိုင်ငံတော်ကိုဦးဆောင်နေတဲ့ အာဏာရှင်ဂျိုးဇက်စတာလင်ရဲ့အမည်ကိုအစွဲပြုမှည့် ခေါ်တဲ့မြို့ဖြစ်တယ်ဆိုတယ်ဆိုတဲ့အချက်ကြောင့်လည်း ရုရှားဗိုလ်ချုပ်ကြီး Georgii K.Zhukov ကိုယ်တိုင်အထိုင်ချပြီး ခံစစ် နဲ့ တန်ပြန်တိုက်စစ်ဗျူဟာတွေကိုခင်းကျင်းပြီး နာဇီတွေအပေါ်ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ စစ်ပွဲတစ်လျှောက်လုံးရုရှားတပ်နီတွေဟာ တိုက်စစ်၊ခံစစ်ဗျူဟာကျကျနဲ့ ဂျာမန်တွေကိုရင်ဆိုင်နိုင်ခဲ့ပါတယ်။
ဂျာမန်အဓိပတိ ဟစ်တလာကလည်း ရုရှားနိုင်ငံကိုသိမ်းပိုက်နိုင်ဖို့ စတာလင်ဂရတ်ဟာ အလွန်အရေးပါတဲ့နေရာကနေရှိနေတယ်ဆိုတာကိုနားလည်ခဲ့ပြီး (၁၉၄၃)ခုနှစ်၊စက်တင် ဘာ (၃)ရက်နေ့ ဂျာမန်အမှတ် (၆)တပ်မရဲ့အရာရှိစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Friedrich Paulus ကိုစတာလင်ဂရတ်ကို သိမ်းပိုက်ဖို့အမိန့်ပေးခဲ့ပါတယ်။ ဥရောပမှာဂျာမန်တွေရဲ့ထိုးစစ်ကိုသိမြင်ပြီးက တည်းက ရုရှားကိုကျူးကျော်ဖို့ရှိနေတဲ့ဟစ်တလာရဲ့အကြံကို ကောင်းကောင်းကြီးသိနေတဲ့ ရုရှားခေါင်းဆောင် စတာလင်ကတော့ စတာလင်ဂရတ်ကို အကောင်းဆုံးခံစစ်ပြင်ထားရုံသာမက လိုအပ်တဲ့ထောက်ပံ့ရေးနဲ့စစ်ကူတပ်တွေ၊အရံတပ်တွေကိုပါအသင့်ပြင်ဆင်ထားလိုက်နိုင်ပါတယ်။ ရုရှားရဲ့ခံစစ်ကိုတော့ ဗိုလ်ချုပ် V.I.Chuikov ကိုယ်တိုင်ဦးဆောင်တိုက်ပွဲဝင်ခဲ့ပြီး ရုရှားတပ်နီတွေကလည်း အသက်ကို ပဓာနမထားပဲတိုက်ခိုက်ခဲ့ကြပါတယ်။
ဒါအပြင် ရုရှားရဲ့ရာသီဥတုကြောင့်လည်း တိုက်စစ်ဆင်နေတဲ့ နာဇီလက်ရုံးတပ်တွေအတွက် လုံးဝမလွယ်ကူခဲ့ပါဘူး။ နာဇီတွေဟာ စတာလင်ဂရတ်မြို့တော်ရဲ့လက်မ အတိုင်းအတာနေရာထိမကျန် တိုက်ခိုက်မှှုတွေမရပ်မနားပြုလုပ်ခဲ့ကြပြီး အနားယူချိန် အတော်ကိုနည်းပါးစွာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အင်အားကြီးမားတဲ့နာဇီတပ်တွေကြောင့် စတာလင်ဂရက်ရဲ့မြို့စောင့်တပ်လို့ဆိုရမယ့် အမှတ်(၆၂)တပ်မဟာ ရန်သူရဲ့ဝိုင်းထားခြင်း ခံရပေမယ့် လက်နက်မချပဲ နီးစပ်ရာအိမ်တွေ၊လမ်းတွေကနေပဲ အသေခံတိုက်ပွဲဝင်ခဲ့တာကြောင့် ဂျာမန်တွေဘက်က စစ်သည်အသက်များစွာစတေးခဲ့ရပါတယ်။
တိုက်ပွဲအစမှာ နာဇီဂျာမနီဘက်က အင်အား ၂၇၀၀၀၀ နဲ့ ဆိုဗီယက်ရုရှားတို့ဘက်က အင်အား ၁၈၇၀၀၀ သာရှိခဲ့ပေမယ့် တိုက်ပွဲအစအဆုံးမှာဆိုရင်တော့ တဖက်ကို အင်အား ၁သန်းကျော်အထိ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ နှစ်ဘက်တပ်တွေဟာ စတာလင်ဂရတ် ရဲ့လမ်းမတွေ၊ အိမ်တွေနဲ့ စက်ရုံဟောင်းကြီးတွေမှာနေရာယူတိုက်ခိုက်ခဲ့ကြတာမို့ စတာလင်ဂရတ်မြို့တော်ဟာ လုံးဝကိုစစ်မြေပြင်ကြီးဖြစ်သွားခဲ့ရပါတယ်။ အထူးသဖြင့် မြို့တော်ရဲ့တည်နေရာဖွဲ့စည်းပုံကိုကောင်းကောင်းနားလည်နေတဲ့တပ်နီတွေကြောင့် နာဇီဂျာမန်တပ်တွေဘက်က တစ်ပန်းရှုံးတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ ဒါအပြင် အဆောက်အအုံများအကြားမှာ လျို့ဝှက်ပုံစံနဲ့ပစ်ခတ်ကြတဲ့ ဆိုဗီယက်စနိုက်ဘာ စစ်သည် တွေရဲ့ လက်ချက်ကြောင့် ဂျာမန်စစ်သည်၊အရာရှိများစွာကျဆုံးမှုဟာ နေ့စဉ် လိုလိုဖြစ်နေခဲ့ရပါတယ်။
ဂျာမန်တွေရဲ့မြို့တွင်းထိုးစစ်ကိုနောက်ဆုံးချိန်အထိခုခံပြသွားတဲ့ ရုရှားစစ်တပ်နဲ့ပြည်သူတွေရဲ့သမိုင်းဝင်အနစ်နာခံမှုကြောင့် ရုရှားမြေပြင်တပ်တွေဟာ ကောင်းကောင်းကြီးပြန်လည်ထိုးစစ်ဆင်ဖို့အချိန်ရခဲ့ပြီး မြို့ကိုသိမ်းဖို့အာရုံများနေတဲ့ ဂျာမန်တွေဟာလည်း ဆိုဗီယက်တွေရဲ့သတ်ကွင်းထဲရောက်မှန်းမသိရောက်ကုန်ကြပါ တော့တယ်။
နိုဝင်ဘာလ ရောက်ချိန်မှာတော့ ဂျာမန်တပ်တွေဟာ စစ်ပွဲပန်းမှုဒဏ်ကိုအပြင်းအထန်ခံစားခဲ့ရပြီးထောက်ပံ့ရေးလမ်းကြောင်းဟာလည်း နှေးကွေးလာခဲ့ပါတော့တယ်။ ထောက်ပို့တပ်တွေဟာလည်း တပ်နီတွေအပြင် ရုရှားပြည်သူ့စစ်တွေလက်ချက်နဲ့ လိုအပ်သလောက် တိုက်ပွဲဝင်ဂျာမန်စစ်သည်တွေအပေါ်ထောက်ကူနိုင်ခဲ့ခြင်းမျိုးလည်းမရှိပါဘူး။
ယင်းအခြေအနေဟာ ရုရှားတပ်နီဗိုလ်ချုပ် Georgii K.Zhukov ရဲ့မျှော်မှန်းထားတဲ့ ရလဒ် ဖြစ်ပြီး ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချကာ ဂျာမန်တပ်တွေကိုလက်နက်ချလောက်တဲ့အထိဖိအားပေးနိုင်ခဲ့ပါတယ်။ ယင်းနောက်မြို့တော်တွင်းတိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့းပြီး (၁၉၄၃)ခုနှစ်ရဲ့ ဖေဖော်ဝါရီလ(၂)ရက်နေ့က ထိုးစစ်ဆင်ခဲ့တဲ့ ရုရှားတပ်နီတွေ ကြောင့် သက်ဆိုင်ရာခြေကုပ်စခန်းအသီးသီးမှာဆက်လက်နေရာ ယူထားကြတဲ့ ဂျာမန်စစ်သည် (၁၅၀၀၀၀)လောက်ကျဆုံးခဲ့ပြီး စစ်သုံ့ပန်း (၉၁၀၀၀)လောက်အထိတပ်နီတွေဘက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဲဒီစစ်သုံ့ပန်း ၉၁၀၀၀၀ကျော်ဟာလည်း တပ်နီတွေရဲ့နှိပ်စက်မှုဒဏ်ကိုပြင်းထန်စွာခံခဲ့ရပြီး (၁၉၅၀) ပြည့်နှစ်မှာ ဂျာမနီကိုအကျဉ်းသားပြန်လည်လွှဲအပ်ပေးချိန်မှာဆိုရင် လူ(၅၀၀၀)လောက်ပဲအသက်ရှင်ကျန်ရှိပါတော့တယ်။ ဗော်လကန်နဲ့ဒွန်မြစ် အကြားပိတ်မိနေတဲ့ ဂျာမန်တပ်တွေဟာ လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေမျိုးမှာ တောင် ဟစ်တလာရဲ့အမိန့်နဲ့ နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားခဲ့ရရှာပါတယ်။
နာဇီတွေအနေနဲ့ ထောက်ပံ့မှုကောင်းကောင်းမရတဲ့အတွက်တိုက်ပွဲမှာ အရေးနိမ့်ခဲ့ရတာဖြစ်ပြီးစတာလင်ဂရတ်တိုက်ပွဲရှုံးနိမ့်ရတဲ့အတွက် နာဇီခေါင်းဆောင်ဟစ်တာကိုယ်တိုင်များစွာ အရှက်ရ ဒေါသပုန်ထခဲ့ပါတယ်။ ဒါအပြင်နာဇီစစ်ဗိုလ်ချုပ်ကြီးတွေကြားမှာ လည်းစိတ်ဝမ်းကွဲမှုများစွာ ယင်းတိုက်ပွဲပြီးဆုံးချိန်ကတည်းက ပေါ်ပေါက်ခဲ့ပြီးစတာလင်ဂရတ်တိုက်ပွဲရဲ့တာဝန်ရှိစစ်ဗိုလ်ချုပ် Friedrich Paulus ကိုယ်တိုင်အထက်ရဲ့အမိန့်ကိုဖီဆန်ပြီး ရုရှားတပ်နီတွေဆီမှာလက်နက်ချအညံ့ခံခဲ့ပါတယ်။ သူဟာဂျာမန်စစ်ဗိုလ်ချုပ်တွေထဲမှာတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ပထမဆုံးသောလက်နက်ချတဲ့စစ်ဗိုလ်ချုုပ်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ယင်းဖြစ်ရပ်တွေကြောင့် လည်း ဟစ်တလာကိုယ်တိုင် နာဇီစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် သံသယများစွာဖြစ်ပေါ်ခဲ့ပြီးစိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း များစွာထိခိုက်မှုတွေဖြစ်ပေါ်တဲ့အထိကို စတာလင် ဂရတ်ရဲ့နောက်ဆက်တွဲဖြစ်စဉ်တွေက ဂျာမန်တွေအပေါ်ရိုတ်ခတ်ခဲ့ပါတယ်။
ရုရှားတပ်နီတွေကတော့ စတာလင်ဂရက်တိုက်ပွဲအောင်ပွဲကနေ စိတ်ဓာတ်ပိုင်းအရ အမြင့်ဆုံးအခြေအနေအထိဖြစ်သွားခဲ့ပြီး မူလကရည်ရွယ်ထားခြင်းမရှိတဲ့ စစ်မျက်နှာများစွာကို ဖွင့်လှစ်ပြီး နာဇီတွေနဲ့သူ့မဟာမိတ်နိုင်ငံတွေကို ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ ယနေ့ အချိန်မှာတော့ စတာလင်ဂရတ်တိုက်ပွဲဟာ ရုရှားသမိုင်းရဲ့အကြမ်းတမ်းဆုံးသောစစ်ပွဲ ကြီးတွေအနက်က တစ်ခုအဖြစ် စာ၊ဓာတ်ပုံမှတ်တမ်းအဖြစ်သာကျန်ရှိပါတော့တယ်။
နာဇီတပ်မတော်ရဲ့အဓိကတပ်မကြီးတွေဟာ စတာလင်ဂရတ်တိုက်ပွဲအတွင်း အတော်ကို အထိနာသွားခဲ့ပြီး ဟစ်တလာကိုယ်တိုင်စိတ်ဓာတ်အကြီးအကျယ်ကျခဲ့ရတဲ့ လီနင်ဂရက်စစ်မြေပြင်နောက်ပိုင်း ဒုတိယကမ္ဘာစစ်တစ်ခုလုံးရဲ့အနေအထားအားလုံးပြောင်းလဲသွားခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဟစ်တလာရဲ့စစ်ရှုံးမှာကိုကြောက်တဲ့စိတ်ကပဲ လီနင်ဂရတ်တိုက်ပွဲမှာ မလိုအပ်ပဲစစ်သည်အင်အား၊ လက်နက်၊အချိန်နဲ့ စစ်စရိတ်ဆုံးရှုံးမှုများသွားခဲ့ရတာဖြစ်ပါတယ်။
လီနင်ဂရတ်တိုက်ပွဲအတွင်းနှစ်ဘက်စလုံးရဲ့ကျဆုံးစစ်သည်စာရင်းမှာအတော်ကိုများခဲ့ပြီး နာဇီဂျာမနီတွေဘက်က စစ်သည် ၆၄၇၃၉၉ ကနေ ၈၆၈၃၇၄ဦးအထိကျဆုံးပြီး ဆိုဗီယက်တပ်နီတွေဘက် ကစစ်သည် (၄၇၈၇၄၁)ဦးအထိကျဆုံးခဲ့ရပါတယ်။ လီနင်ဂရတ်မြို့တော်ကိုနာဇီတွေထိုး စစ်ဆင်နေချိန်ကာလက ယင်းကာလကဂျာမန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ အီတလီ၊ရိုမေးနီးယား၊ ဟန်ဂေရီနဲ့ခရိုအေးရှားနိုင်ငံတွေက စစ်သည်တော်တွေပါပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ စတာလင်ဂရတ်ဟာ ယနေ့ကာလမှာတော့ ဗိုဂိုဂရတ်(Volgograd) မြို့တော် အဖြစ်လူသိများထင်ရှားပါတယ်။