ကမာ့္ဘအက်ရှင်ဇာတ်ကားလောကမှာ တစ်ယောက်ပေါ်ထွန်းဖို့ ခက်တဲ့ ဟောင်ကောင်မင်းသားကြီး ဂျက်ကီချမ်းဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကာလအတွင်း ကား (၁၀၀)ထက်မနည်းတဲ့ အက်ရှင်နဲ့သိုင်းဇာတ်လမ်းတွေမှာပါဝင်သရုပ်ဆောင်ခဲ့ အသက် အန ္တရာယ်နဲ့အလွန်နီးစပ်တဲ့ စတန့်ခန်းများစွာကို လူစားထိုးလေ့သိပ်မရှိပဲ ကိုယ်တိုင် ကိုယ်ကျပါဝင်သရုပ်ဆောင်ပြခဲ့သူဖြစ်ပါတယ်။ ဂျက်ကီချန်းဟာ ကြင်နာတတ်တယ်၊ သနားတတ်တယ်၊ကိုယ်ချင်းစာတတ်သလို တစ်ဖက်ကလည်း မိုက်ရူးရဲဆန်တတ်တယ် ခေါင်းလည်းအလွန်မာတတ်သလို ဒေါသလည်းအလွန်ကြီးတတ်သူ ဖြစ်ပါသတဲ့။
ကမ္ဘာ ရုပ်ရှင်လောကသားအားလုံးက ချစ်ခင်ရတဲ့သူ၊လေးစားရတဲ့သူ၊ဖြစ်တဲ့ ဂျက်ကီဟာ ဟောလီဝုဒ်က ကျော်ကြားမှုအထိမ်းအမှတ် လျှောက်လမ်းပေါ်မှာ ကြယ်ပွင့်တပ်ဂုဏ်ပြုခံခဲ့ရတဲ့ ရှားရှားပါပါး အာရှသားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာကျော် မင်းသား တစ်ယောက်ဖြစ်တာနဲ့ အညီ ဂျက်ကီချမ်းရဲ့အချက်အလက်အတော်များများကို မီဒီယာတွေထံ ချပြလေ့ရှိပေမဲ့ လူသိနည်းသေးတဲ့ ဂျက်ကီချမ်းရဲ့အချက်အလက် အချို့လည်း ကျန်ရှိနေပါသေးတယ်။
(၁၀) မိဘတွေရဲ့ ချန်ထားခြင်းကိုခံခဲ့ရတဲ့သူ
မှတ်တမ်းတွေအရတော့ ဂျက်ကီချမ်းရဲ့ အဖေဖြစ်သူ Charles ကတော့ပြင်သစ်သံရုံးက ထမင်းချက်လို့ဖော်ပြခဲ့ပေမဲ့ အမှန်ကတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ တရုတ်အစိုးရ သူလျိုတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Lee Lee ကတော့ပြဇာတ်အဖွဲ့ဝင်တစ်ဦးနဲ့ ဘိန်းအရောင်းအဝယ်ပြုလုပ်သူတစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးမပေါင်းဖက်ခင်တည်းက ကိုယ်စီအိမ်ထောင်နဲ့ကလေး(၂)ယောက်စီရှိနေကြပါတယ်။ မကြာခင်မှာပဲ တရုတ်ပြည် တွင်းစစ်မှာ ကွန်မြူနစ်တွေအာဏာရလာတဲ့အချိန်ဖြစ်တဲ့ (၁၉၄၉)ခုနှစ်မှာတော့ ဂျက်ကီချန်းရဲ့မိဘနှစ်ပါးစလုံးဟာ ထိုင်ဝမ်မှာရှိတဲ့ ဝိတိုရိယတောင်နားကရွာကို ထွက်ပြေးဖို့ အကြောင်းဖန်လာပါတယ်။ (၁၉၅၄) ခုနှစ်မှာ ဂျက်ကီချန်းကိုမွေးဖွားခဲ့တဲ့အချိန်မှာ မိဘတွေဟာ စီးပွားရေးအလွန်ကြပ်တည်းခဲ့တဲ့အချိန်ပါ။
ဂျက်ကီချန်းအသက် ၇နှစ်မှာတော့ မိဘ(၂)ပါးစလုံး သြစတေးလျမှာအလုပ်လုပ်ဖို့ ထွက်သွားချိန်မှာတော့ ဂျက်ကီချန်းကို China Drama Academy လို့ အမည်ရတဲ့ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်တစ်ခုမှာ ထားရစ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဂျက်ကီချန်း ရဲ့နာမည်ကျော် စတန့်အဖွဲ့သားတွေဖြစ်လာမဲ့ အဖွဲ့သားအများစုဟာ အဲဒီဂေဟာ ကဖြစ်ပြီး ပြဇာတ်ပညာ၊ ကျွမ်းဘားပညာ၊ကိုယ်ခံပညာ၊ဂီတနဲ့ အကပညာရပ်တွေကို သင်ယူခဲ့ကြပါတယ်။ မှားယွင်းမှုတစ်ခုဖြစ်တာနဲ့ ရိုက်နှက်အပြစ်ပေးခြင်းကို ခံခဲ့ရပြီး စာပေရေးရာနဲ့ ပတ်သက်လို့တော့ ဒီသင်တန်းကျောင်းက တစ်စုံတစ်ရာ သင်ကြားပေး ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ဂျက်ကီချန်းအသက်(၈)နှစ်ရောက်ချိန်မှာတော့ အက်ရှင်ကား တစ်ခုမှာ ကလေးသရုပ်ဆောင်နေရာကနေ ပထမဆုံး သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ယင်းနောက်မှာတော့ ဂျက်ကီချန်းဟာ စတန့်သမားဘဝကနေ ဘရုစလီကွယ်လွန်ချိန်နောက်ပိုင်းမှာတော့ အာရှရဲ့အကျော်ကြားဆုံးသော အက်ရှင်မင်းသားဘဝကို တစ်ဖြည်းဖြည်း တည်ဆောက်ခဲ့ရပါတယ်။
(၉) ကစ်ဘောက်ဆင်ချန်ပီယံကို စိန်ခေါ်ခဲ့တဲ့ ဂျက်ကီချမ်း
(၁၉၈၄) ခုနှစ်ကရုံတင်ပြသခဲ့တဲ့ Wheels on Meals ဆိုတဲ့ဇာတ်ကားမှာတော့ ဂျက်ကီချန်းဟာ ကမ္ဘာကစ်ဘောင်ဆင် ချန်ပီယံ Urquidez နဲ့ ဖိုက်တင်ခန်းတစ်ခုမှာ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ရိုက်ကူးနေစဉ်အတွင်းမှာ Urquidez ရဲ့တိုက်ခိုက်မှုကြောင့် မတော်တဆ ဂျက်ကီချန်းရဲ့ မျက်နှာကို ထိခိုက်မိသွားပါတယ်။ ယင်းနောက် ဂျက်ကီချန်းဟာ ချက်ချင်းပဲ Urquidez ကို အပြင်မှာ အမှန်တကယ်တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့ပါတယ်။
ရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဖြောင်းဖြမှုကြောင့်သာ သူတို့နှစ်ဦးရဲ့တိုက်ခိုက်မှုဟာ အမှန်တကယ် မဖြစ်ခဲ့ရတာပါ။ အဲဒီနေ့မှာပဲ ဒီဖိုက်တင်ခန်းကို ပြန်လည်ရိုက်ကူးခဲ့ပြီး မည်သည်ပြသာနာမှမရှိပဲ ပြီးဆုံးခဲ့ပါတယ်။ နောက်(၄)နှစ်အကြာမှာ ရုံတင်ခဲ့တဲ့ Dragons Forever ဇာတ်ကားမှာလည်း ဂျက်ကီချန်းနဲ့ Urquidezတို့ဟာ ပြန်လည် ဆုံစည်းခဲ့ပြီး ဖိုက်တင်ခန်းတစ်ခုကို ပရိသတ်သဘောကျအောင် သရုပ်ဆောင်ပြနိုင်ခဲ့ ကြပါတယ်။
(၈) သေလုနီးပါး စတန့်ပြကွက်တွေနဲ့ ပရိတ်သတ်ကို ဖြေဖျော်သူ
ဂျက်ကီချန်းဟာ စတန့်သမားဘဝကနေ မင်းသားဖြစ်လာတာမို့ သူရဲ့အက်ရှင်စွန့်စားခန်းတွေကို ကိုယ်တိုင်ပဲ သရုပ်ဆောင်လေ့ရှိပါတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ အခြားသူတွေ အတွက် အလွန်ခက်ခဲတဲ့စတန့်ပြကွက်တွေမှာတောင် ဂျက်ကီချန်းကတော့ ပေါ့ပါ့ပါးပါးပဲ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ (၁၉၈၆)ခုနှစ်က ယူဂိုစလားဗီးယားက ရိုက်ကွင်းတစ်ခုမှာတော့ ဂျက်ကီချန်းဟာ အုတ်တံတိုင်းနံရံတစ်ဖက်ကနေ သစ်ပင်ပေါ်ကို ခုန်ကူးတဲ့အခန်းကိုသရုပ်ဆောင်ခဲ့ပါတယ်။
ယင်းပြကွက်မှာပဲ ဂျက်ကီဟာ မတော်တဆသစ်ကိုင်းကနေလွတ်ကျပြီး အောက်မှာရှိတဲ့ ကျောက်သားပေါ်ကို ဇောက်ထိုးအနေ အထားနဲ့ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျတဲ့အရှိန်ကြောင့် ဂျက်ကီချန်းရဲ့ဦးခေါင်းခွံဟာ အက်သွားပြီးအရိုးတစ်ခုဟာ ဦးနှောက်တစ်သျှူးအတွင်းစိုက်ဝင်ခဲ့တာကြောင့် သေလု မျောပါးဖြစ်ခဲ့ရပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ဂျက်ကီရဲ့ညာဘက်နားဟာ အကြားအာရုံ ချို့တဲ့သွားခဲ့ပြီး ဦးခေါင်းအတွင်းမှာပလက်စတစ်အဆို့တစ်ခုထည့်သွင်းခဲ့ရပါတယ်။ ဒီဒဏ်ရာက ပြန်လည်သက်သာလာချိန်မှာတော့ ဆရာဝန်တွေရဲ့တားမြစ်ချက်တွေ ရှိပေမဲ့ ဂျက်ကီချန်းကတော့ ခေါင်းမာမာနဲ့ပဲ အန ္တရာယ်အလွန်များတဲ့ စတန့်ပြကွတ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
(၇) ဟောလီဝုဒ်နဲ့ သဟဇာတမဖြစ်ခဲ့သူ
ဟောလီဝုဒ်အသိုင်းအဝိုင်းမှာတော့ အစပထမက ဂျက်ကီချန်းရဲ့ပရိတ်သတ်က အများကြီးတော့မရှိခဲ့ပါဘူး။ ဂျက်ကီချန်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ Rush Hour နဲ့ Shanghai Noon လိုဝက်ဝက် ကွဲအောင်မြင်ခဲ့တဲ့ ဟောလီးဝုဒ်ရုပ်ရှင်တွေထွက်ပေါ်လာတဲ့အချိန်ထိတိုင်အောင် ဂျက်ကီချန်းဟာ ဟောလီးဝုဒ်မှာ ထိပ်တန်းမင်းသားအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ (နောက်ပိုင်းမှာတော့ ဂျက်ကီချန်းဟာ ဟောလီးဝုဒ်ရဲ့ကျော်ကြားသူများလျှောက်လမ်း မှာကြယ်တံဆိပ်ခတ်နှိပ် ဂုဏ်ပြုခံခဲ့ရပါတယ်)။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဂျက်ကီချန်း က အစပိုင်းကတော့ ဟောလိဝုဒ်အသိုင်းအဝိုင်းနဲ့ကျွန်တော်က အဆင်မပြေခဲ့ပါဘူး။ ဒါကလည်း ကင်မရာနောက်ကွယ်က သူတို့ရဲ့ဓလေ့တွေနဲ့ အကြိုက်တွေက ကျွန်တော် တို့အရှေတိုင်းနဲ့ကွဲပြားတယ်လေ။ ဒါအပြင် သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလီးဝုဒ် နာမည်ကျော် ဇာတ်ကား Rush Hour ဟာ သူအရမ်းကြိုက်တဲ့ ကျေနပ်တဲ့ ဇာတ်ကားထဲမှာ မပါဝင်ခဲ့ဖူးလို့ဖွင့်ဟခဲ့ဖူးပါတယ်။ ယင်းဇာတ်ကားဟာ အမေရိကန်ဒေါ်လာသန်း(၁၃၀) လောက်ရရှိခဲ့ပြီး စံချိန်တင်အမြတ်အစွန်းများစွာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
(၁၉၈၀)ပြည့်နှစ်နှောင်းပိုင်း ကာလတွေကတော့ ဂျက်ကီချန်းအတွက် ဟောလးဝုဒ်နဲ့စတင်လက်တွဲတဲ့ ကာလတွေဖြစ်ပြီး ဟောလီဝုဒ်ဒါရိုက်တာ အများစုက ဂျက်ကီချန်းကို ဒုတိယဘရုစလီအဖြစ် အသက်သွင်းဖို့ကြိုးစားကြပါတယ်။ ဂျက်ကီချန်းကိုယ်တိုင်ကတော့ ကိုယ်ပိုင်ပုံစံတစ်ခုနဲ့ရပ်တည်ချင်တာကြောင့် ဘရုစလီရဲ့ အရိပ်အောက်ကခွဲထွက်ပြီး ဂျက်ကီချမ်းစတိုင်နဲ့သာ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ဟောလိဝုဒ်က နာမည်ကျေ်ာဒါရိုက်တာအချို့နဲ့ လက်မတွဲခဲ့တာဖြစ်ကြောင်း ၊ သူဟာဒုတိယဘရုစလီမဖြစ်ချင်ဘူး၊ ပထမဂျက်ကီချမ်းသာ ဖြစ်ချင်တယ် ဆိုတဲ့ စကားကို ပြောခဲ့တာဖြစ်ပါတယ်။
(၆) ရုပ်ရှင်အပေါ်ထားတဲ့ သူ့သဘောထား
ရုပ်ရှင်တွေဟာ လူသားတွေအတွက် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းအပါအဝင် များစွာသော စိတ်ရဲ့စေ့ဆော်မှုများစွာကို ဖြစ်စေပါတယ်။ ပီပြင်တဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို ပိုင်ဆိုင် ရဖို့ဒါရိုက်တာအပါအဝင် ရုပ်ရှင်အဖွဲ့သားအားလုံးဟာ အစွမ်းကုန်ကြိုးစားကြပါတယ်။ နာမည်ကျော်ဟာသပညာရှင် ချာလီချက်ပလင်ဟာ သူရဲ့နာမည်ကျော်ဇာတ်ကားဖြစ်တဲ့ City Lights ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ပီပြင်စေဖို့ ဇာတ်ဝင်ခန်းတစ်ခုတည်းကို အကြိမ် (၃၀၀)လောက်ပြန်ရိုက်ခဲ့ရပါတယ်။ နာမည်ကျော်ရုပ်ရှင်ဒါရိုတာ David Fincher ဟာလည်း သူရဲ့ဇာတ်ကားရဲ့အရေးပါတဲ့ အခန်းတွေဆို ပျှမ်းမျှ အကြိမ်(၅၀)လောက် ပြန်လည်ရိုက်ကူးလေ့ရှိပါတယ်။
ဂျက်ကီချန်းမှာလည်း အနုပညာကို ပိုမိုပီပြင်ဖို့ ပြင်းပြတဲ့စိတ်ခံစားချက်ရှိနေပါတယ်။ ဂျက်ကီချန်းဟာ (၁၉၈၂)ခုနှစ်ထုတ် Dragon Lord အက်ရှင်ဇာတ်ကားရဲ့ အက်ရှင်ခန်းတစ်ခုကို အကြိမ် ၁၉၀ထက်မနည်း ပြန်လည် ရိုက်ကူးခဲ့ပါတယ်။(တချို့ကတော့ အကြိမ် ၂၉၀၀ လို့ဆိုကြပေမယ့် ဒါဟာ ကောလဟာလ သာဖြစ်ပါတယ်) (၁၀)မိနစ်ကြာတဲ့ အဲဒီဇာတ်ဝင်ခန်းမှာ ဂျက်ကီချန်းဟာ အထိုးအကြိတ်၊အကန်ကျောက် ခံရတဲ့နေရာကနေ သရုပ်ဆောင်ခဲ့ရတာဖြစ်ပြီး ဒါဇင်နဲ့ ချီတဲ့ စတန့်သရုပ်ဆောင်တွေပါ အတူပါဝင်ခဲ့ပါတယ်။
(၅) အများအံ့သြလောက်တဲ့အထိ စတန့်ပြခဲ့သူ
စတန့်ပြကွက်တွေအတွက် နှစ်များစွာကြာအောင်လေ့ကျင့်ခဲ့ရတဲ့ ဂျက်ကီချန်းရဲ့ စတန့် ပြကွတ်အကုန်လုံးဟာ သာမန်သရုပ်ဆောင်တွေအဖို့တော့ အလွန်ထိတ်လန့်စရာ ကောင်းပါတယ်။ ဒါပေမဲ့ အကြောက်အလန့်မရှိတဲ့ ဂျက်ကီချန်းကတော့ Who Am I ဆိုတဲ့ဇာတ်ကားမှာ ဟော်လန်နိုင်ငံ၊ Rotterdam မှာရှိတဲ့(၂၁)ထပ်မြင့်တဲ့ Willemswerf အဆောက်အအုံပေါ်ထိပ်ဖျားကနေမတ်တက်၊ ဇောက်ထိုး၊မှောက်လျက် အနေအထားနဲ့ ဆင်းပြခဲ့ပါတယ်။
ဂျက်ကီ ချန်းဟာ အဖြောင့်အတန်းဆင်းခဲ့တာမဟုတ်ပဲ အဆောက်အအုံရဲ့ (၄၅)ဒီဂရီလောက်စောင်းနေတဲ့အပိုင်းကနေ တွယ်ကပ်နေတဲ့ အနေအထားနဲ့ ဆင်းပြတဲ့ဒီပြကွက်ဟာ ကမ္ဘာကျော်ခဲ့ပြီး ဂျက်ကီချန်းကိုယ်တိုင် ရက်သတ္တပတ်(၂)ပတ်ကြာအောင် လေ့ကျင့်ပြီးမှ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းကတော့ ပရိတ်သတ်တွေက သာမန် ကင်မရာဖန်တီးချက်တွေလို ထင်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့သတင်းတွေကြောင့် ဂျက်ကီချန်းရဲ့ သရုပ်ဆောင်ချက်တွေအတွက် အရမ်းအံ့သြခဲ့ကြရပါတယ်။
STUNT VIDEO
(၄) စီးရီးအယ်ဘမ်(၂၀)လောက်မှာ သီချင်းအပုဒ်ပေါင်း ၁၀၀ ကျော်ကို သီဆိုဖူးသူ
ဂျက်ကီချန်းရဲ့အောင်မြင်တဲ့ မင်းသားဘဝကြောင့် အဆိုတော်ဖြစ်တယ်ဆိုတဲ့ အချက်ကို လူအများစုက သတိမထားမိကြပါဘူး။ ဂျက်ကီချန်းရဲ့ငယ်စဉ်ဘဝက လေ့ကျင့်သင်ယူ ရတဲ့အထဲမှာ တိုက်ခိုက်ရေးနဲ့စတန့်ပြကွက်တွေတင်မကပါဘူး အဆိုပညာပါ ပါဝင်ခဲ့ ပါတယ်။ ဂျက်ကီချန်းဟာ (၁၉၈၀)ခုနှစ်လောက်ကတည်းက တေးသီချင်းတွေကို စတင် သီဆိုခဲ့ပြီး သီချင်းအယ်ဘမ်(၂၀)မှာ သီချင်းပေါင်း အပုဒ် ၁၀၀ ကျော်ကို ဘာသာစကား ၅မျိုးနဲ့ သီဆိုခဲ့သူ ဖြစ်ပါတယ်။
ဒါအပြင်သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်တေးအများစုဟာ ဂျက်ကီချန်း ရဲ့အဆိုပညာနဲ့ထပ်ဆင့်ပံ့ပိုးထားသလို အခြားသောဇာတ်ကားများစွာရဲ့ ဇာတ်ဝင်တေး တွေကိုလည်း သီဆိုပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒစ္စနေးကနေထုတ်လုပ်တဲ့ Mulan ရုပ်ရှင် ကားကို တရုတ်ပြည်မှာရုံတင်တဲ့အခါမှာ အင်္ဂလိပ်ဘာသာကနေ တရုတ်ဘာသာကို ပြောင်းလဲပြီ းအသံသွင်းခဲ့ကာ ယင်းဇာတ်ကားရဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းကိုတော့ ဂျက်ကီချန်းကသီဆိုပေးခဲ့တာဖြစ်ပါတယ်။
ဂျက်ကီချမ်းဆိုခဲ့တဲ့ မူလန် ရုပ်ရှင်သီချင်း
(၃) ဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့ခန္ဓာကိုယ်
ဂျက်ကီချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးဟာ ဒဏ်ရာ၊ဒဏ်ချက်တွေနဲ့ ပြည့်နှက်နေပါ တယ်။ သူမှာဒဏ်ရာဘယ်နှစ်ခုရခဲ့သလဲဆိုတာ ကိုယ်တိုင်တောင်မမှတ်မိကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးပါတယ်။ တရားဝင်ဆေးမှတ်တမ်းတွေအရတော့ ဂျက်ကီချန်းဟာနှာခေါင်း(၃)ခါကျိုး၊နံရိုး၊ပါး၊ပခုံး၊ခြေကျင်းဝက်၊လက်ဖျံရိုး၊ လည်ပင်ရိုး၊ တင်ပဆုံရိုး၊ ရင်ညွန့်ရိုးတွေအထိကျိုးပဲ့ဒဏ်ရာရဖူးပြီး သူရဲ့ဒူးခေါင်းကတော့ အကြိမ် များစွာခွဲစိတ်ကုသခံရဖူးပါတယ်။
ဂျက်ကီချန်းနဲ့ပတ်သက်ပြီး အံ့သြသင့်စရာ အချက်ကတော့ သူသရုပ်ဆောင်ရမဲ့ စတန့်ပြကွက်ဟာ ဒဏ်ရာအနာတရ အနည်းနဲ့ အများဆိုသလိုရရှိမှာကို ကြိုတင်သိထားပေမယ့် ဂျက်ကီချန်းကဆက်လက် သရုပ်ဆောင် ဖို့အမြဲတမ်းစိတ်အားထက်သန်နေတဲ့ အချက်ဖြစ်ပါတယ်။
(၂) ကိုယ်ပိုင်စတန့်အဖွဲ့ကို ဖွဲ့စည်းထားရှိသူ
သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ချိန်က ဂျက်ကီချန်းဟာ အခြားသော စတန့် သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရပြီး နားလည်မှုအားနည်းတဲ့အတွက် ဒဏ်ရာ မကြာခဏရရှိခဲ့ပါတယ်။ ဒါကြောင့်မကြာခင်မှာပဲ ဂျက်ကီချန်းဟာ Sing Kar Pan အမည်ရတဲ့ စတန့်အဖွဲ့တစ်ခုကိုတည်ထောင်ခဲ့ပြီး အများစုကတော့ သူနဲ့နှစ်ရှည်လများ လက်တွဲလာခဲ့တဲ့ ဂေယာက လူငယ်စတန့်သမားတွေ ဖြစ်ပါတယ်။
စတန့်အဖွဲ့ သားအားလုံးဟာ အတူတကွနေထိုင်ကြပြီး အတူတကွနှစ်ကာလများစွာ အလုပ်လုပ် ကြသူတွေဖြစ်ပါတယ်။ Sing Kar Panတစ်ဖြစ်လဲ ဂျက်ကီချန်းရဲ့စတန့်အဖွဲ့သားတွေဟာ ယနေ့အချိန်ထိ ဂျက်ကီချန်းရဲ့နာမည်ကျော်ရုပ်ရှင်ဇာတ်ကား(၂၈)ကားလောက်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူတို့ရဲ့နောက်လာမဲ့မျိုးဆက်တွေကိုပါ စတန့်ပညာတွေကို ဆက်လက် အမွေပေးမှုတွေကိုတောင် ပြုလုပ်နေကြပြီလည်း ဖြစ်ပါတယ်။
(၁) ဂင်းနစ်စံချိန်ရှင် သရုပ်ဆောင်
ဂျက်ကီချန်းနဲ့ပတ်သက်ပြီး အခြားစိတ်ဝင်စားစရာတစ်ခုကတော့ ကမ္ဘာထိပ်တန်း မင်းသားတွေတောင် လိုက်လံ တုပဖို့မလွယ်တဲ့သူရဲ့ သမိုင်းဝင်မှတ်တိုင်တွေ ဖြစ်ပါတယ်။ Chinese Zodiac ဇာတ်ကားနဲ့ ကမ္ဘာသမိုင်းမှာ စတန့်ပြကွက်အများဆုံးဇာတ်ကားဖြင့် တစ်ကြိမ်/ ကမ္ဘာစတန့်အကြိမ်ရေအများဆုံး မင်းသားအဖြစ်ဂရင်းနစ်မှတ်တမ်း တစ်ကြိမ်
အဲဒီဇာတ်ကားမှာပဲ စာရေးဆရာ၊ ဒါရိုက်တာ၊ ခေါင်းဆောင်မင်းသား ၊ထုတ်လုပ်သူ ၊တေးရေး၊ တေးဆို၊ စတန့်သမား ၊ ရှုတင်မန်နေဂျာ။ အပါအဝင် ထမင်းချက်အထိပါဝင်ခဲ့တာကြောင့် ရုပ်ရှင်တစ်ကားထဲမှာ တစ်ဦးတည်းကမတူညီတဲ့ အဓိကတာဝန်ကြီး(၁၅)ခုကိုယူထားခဲ့တဲ့ အတွက် ကမ္ဘာရုပ်ရှင်သမိုင်းမှာ ဇာတ်ကားတစ်ကားအတွက် တာဝန်ယူမှုအများဆုံးပုဂ္ဂိိုလ် အဖြစ်ဂင်းနစ်စံချိန်တင်ခဲ့သူလည်းဖြစ်ပါတယ်။
သုတဇုန်