သူလိုလူမျိုး မည်သည့်အချိန်တွင် ကွယ်လွန်ကွယ်လွန် ဆုံးရှုံးမှုကြီး ဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၅ နှစ်၊ မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၇ နှင့်စာလျှင် ဦးဂိုအင်ကာသည် အသက်ရှည်ရှည် နေရသည်။ လူ့ဘဝတွင် ကြာကြာနေ လိုက်ရရုံသာမကဘဲ ရာစုနှစ်တစ်ဝက်လောက် သူသည် တရားကျင့်ရင်း၊ တရားကို ဖြန့်ဖြူးရင်း လူသန်းပေါင်းများစွာ အေးချမ်းအောင် စွမ်းဆောင် လိုက်နိုင်သဖြင့် လူ့ဘဝတွင် တန်အောင်လည်း နေလိုက်ရသည်။
ဘာသာမရွေး လူမျိုးမရွေး လာရောက် ကျင့်သုံးနိုင်သည့် ဝိပဿနာ ဆယ်ရက်စခန်းများကို ကမ္ဘာတွင် ကျယ်ပြန့်အောင် ဖြန့်ဖြူးခဲ့ခြင်းဖြင့် ကမ္ဘာကြီးကို တရားထိုင်တတ်အောင် သင်ကြားပေးခဲ့သူ မန္တလေး သား ဦးဂိုအင်ကာသည် အိန္ဒိယနွယ်ဖွား ဖြစ်သည်။ အသက် ၃၀ အရွယ်တွင် ရန်ကုန် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသူ၊ လူမှုရေး၊ ယဉ်ကျေးမှု အသင်းအဖွဲ့ပေါင်း များစွာတွင် ပါဝင်ပတ်သက်ပြီး အောင်မြင်မှုများစွာ ရရှိသူ ဦးဂိုအင်ကာသည် ကိုယ်တွင်း ငြိမ်းချမ်းရေးမူ မရသေးပေ။ စွဲကပ်နေသော ခေါင်းကိုက်ဝေဒနာကြောင့် ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်စသည့် နိုင်ငံများသို့ သွားရောက်ပြီး သမားတော်များနှင့် ကြပ်ကြပ်မတ်မတ် ကုသသော်လည်း သဲထဲရေသွန်သာ။ ဝိပဿနာကို ကျင့်ကြံနေသလို သင်ကြား ပို့ချပေးနေသည့် လွတ်လပ်သော မြန်မာ နိုင်ငံ၏ ပထမဦးဆုံး ငွေစာရင်းမင်းကြီး ဦးဘခင်ထံတွင် သွားရောက် တရားထိုင်ရန် မိတ်ဆွေတစ်ဦးက အကြံပေးသည်။
ဇင်ဘာသာ ဘုန်းတော်ကြီး Norman Fische က ဦးဂိုအင်ကာကို တွေ့ဆုံ မေးမြန်းချက်တွင် ဦးဘခင်ထံ ရောက်ရှိခဲ့ပုံကို ဦးဂိုအင်ကာက အောက်ပါအတိုင်း ဖြေကြားထားသည်။
ဦးဘခင်က လာရသည့် အကြောင်းရင်းကို မေးသည့်အခါ ဦးဂိုအင်ကာက ‘ခေါင်းကိုက် ပျောက်ချင်လို့ပါ’ ဟု ဖြေသည်။ ဦးဘခင်က ‘ဆရာဝန်ထံသို့သာ သွားပါ’ ‘No. Goenka. I can’t help you. Go to a doctor’ ဟု ယတိပြတ်ဆိုသည်။ ဆရာကြီးဦးဘခင်ထံ ဦးဂိုအင်ကာ ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယနွယ်ဖွားတို့ အသိုင်းအဝိုင်းတွင် သူသည် လျှမ်းလျှမ်းတောက် ဖြစ်နေချိန်။ မည်သည့် ဂုရုမဆို သူကဲ့သို့သော သူမျိုးကို လွယ်လွယ်ကူကူ တပည့်တော်ချင်မည် ဖြစ်သော်လည်း ဆရာကြီး ဦးဘခင်ကမူ ထိုသို့မဟုတ်၊ ဦးဂိုအင်ကာကို အလွယ်တကူ လက်မခံ။ “အိန္ဒိယနိုင်ငံကလာတဲ့ အမြင့်မြတ်ဆုံး အကျင့်ကို ကျွန်တော် သင်ပေးနေတာ။ ဒါကို တန်ဖိုးမချပါနဲ့။ ရောဂါတစ်ခု ပျောက်ဖို့တင်ပဲ မသုံးပါနဲ့။ ဒီအကျင့်က ဒုက္ခကနေ ခင်ဗျားကို လွတ်မြောက်စေမှာပါ၊ ခေါင်းကိုက်တဲ့ ဒုက္ခလေးကတင်တော့ မဟုတ်ဘူး”
ဦးဂိုအင်ကာ ကြည်ညိုသွားပြီ ဖြစ်သော်လည်း ဗုဒ္ဓဘာသာ ဝင်ရမည်လားဟု ဦးဂိုအင်ကာက စိုးရိမ်နေ သည်။ ဦးဘခင်က မေးသည်၊ ‘ခင်ဗျားက ရန်ကုန်က ဟိန္ဒူဘာသာဝင်တွေရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ သီလစောင့်တာကို ခင်ဗျားရဲ့ဘာသာက တားမြစ်ပါသလား’။ သီလစောင့်ရန်ကို မည်သည့် ဘာသာကမျှ တားမြစ်မည် မဟုတ်သဖြင့် ဦးဂိုအင်ကာက ‘သီလကို ကန့်ကွက်ရန် မရှိပါ’ ဟု ဖြေသည်။ ‘စိတ်ကို မထိန်းနိုင်လျှင် သီလဘယ်လို စောင့်မလဲ၊ စိတ်ကို ထိန်းနိုင်ရန် သမာဓိကို သင်ပေးမယ်’ ဟု ဦးဘခင်က ပြောသည်။
“ဟိန္ဒူဘာသာမှာ သမာဓိက လွန်စွာမြင့်မား တန်ဖိုးထား ခံရသောအရာပဲ။ ဒါ့ကြောင့် သမာဓိကို ကန့်ကွက်ရန် မရှိပါ” ဟု ဦးဂိုအင်ကာက ဖြေသည်။ ‘သမာဓိ’ သည် စိတ်မချရသေး၊ လူ၏ အတွင်းစိတ်သည် အိပ်နေသော မီးတောင်နှင့် တူသည့်အတွက် အချိန်မရွေးထကြွ သောင်းကျန်းပြီး သီလ ကျိုးပေါက်နိုင်သည့်အတွက် စိတ်အမြင့်ဆုံးအဆင့် သန့်ရှင်းစင်ကြယ်ခြင်း (ဝါ) ပညာကို သင်ပေးမည်ဟု ဦးဘခင်က ပြောသည်။ ‘ပညာကို ကန့်ကွက်ရန် မရှိပါ’ ဦးဂိုအင်ကာ ပြန်ဖြေသည်။
‘သီလ၊ သမာဓိ၊ ပညာကိုသာ လက်ခံပါ’ ဟု ဦးဘခင်က ပြောသောကြောင့် ဦးဂိုအင်ကာ စိတ်ချပြီး တရားထိုင်လိုက်သောအခါ ဖြစ်နေကျ ခေါင်းကိုက်ဝေဒနာဆိုးသည် ပျောက်ကင်းသွားသည်။ ဘုံဘေ (ယခုမွန်ဘိုင်း) တွင် တရားလာပြရန် ဖိတ်ခေါ်ခံရသည်မှ အစပြုကာ စီးပွားရေးကို မိသားစုနှင့် လွှဲလိုက်ပြီး တရားပြလိုက်သည်မှာ နောင်နှစ်ပေါင်း ၅၀ လုံးလုံး သူ့ဘဝကို တရားထိုင်ခြင်း၊ သင်ကြားခြင်းထဲတွင် နစ်မြုပ်ထားလိုက်ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ ၁၉၆၂ ဆိုရှယ်လစ်စနစ်သို့ အကူးအပြောင်းတွင် ဦးဂိုအင်ကာ ပိုင်ဆိုင်သော လုပ်ငန်းများသည် ပြည်သူ ပိုင်သိမ်းသည့် အထဲတွင် ပါသွားသည်။ သို့သော် ဦးဂိုအင်ကာတွင် ဝိပဿနာ အခံရှိနှင့် နေပြီးသည့်အတွက် သူ့လောက် ဆုံးရှုံးမှုမများသော စီးပွားရေး လုပ်ငန်းရှင်ကြီးတို့ကဲ့သို့ ပူဆွေးသောက မဖြစ်ပေါ်ခဲ့။ ၁၉၆၉တွင် ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံသို့ ပြန်သွားကာ ဝိပဿနာ စတင်ရာ ဗုဒ္ဓ၏ မွေးရပ်မြေ အိန္ဒိယတွင် ပျောက်ကွယ်နေပြီ ဖြစ်သော ဝိပဿနာကို ပြန်လည် မိတ်ဆက်ပေးခဲ့သည်။
အိန္ဒိယသို့ ပြန်ရောက်ကတည်းက စီးပွားရေးကို မိသားစုဝင်များသို့ လွှဲအပ်လိုက်ကာ တရားထဲသို့ ခြေစုံပစ်ဝင်လိုက်သည်။ အိန္ဒိယနိုင်ငံတွင် တရားစခန်းပေါင်း ၆၀ နှင့် တစ်ကမ္ဘာလုံးတွင် တရားစခန်းပေါင်း ၁၇၃ ခုတို့ကို ဖွင့်လှစ် ပို့ချပေးခဲ့သည်။ ဦးဂိုအင်ကာနှင့်တကွ ဝိပဿနာ တရားစခန်းတို့၏သတင်း ကမ္ဘာအနှံ့ မွှေးပျံ့သောကြောင့် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်း ကြီးငယ်များက ဟောပြော ပို့ချရန် ဖိတ်ကြားခဲ့ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ (United Nations General Assembly)၊ အိန္ဒိယ ပါလီမန်၊ ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum Davos၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် Massachusetts Institute of Technology (MIT) နှင့် ဆီလီကွန်တောင်ကြား အိန္ဒိယ ပညာသည်များ အစည်းအရုံးတို့တွင် ဝိပဿနာကို ပို့ချခဲ့သည်။ တိဗက်သာသနာ၏ အထွတ်အထိပ်ဖြစ်သည့် ဒလိုင်းလားမားက အကူအညီ တောင်းသောကြောင့် တိဗက်ဘုန်းတော်ကြီး များကိုလည်း ဦးဂိုအင်ကာ သွားရောက် ဝိပဿနာ ပို့ချသည်။
တရားမထိုင်မီ အချိန်က ဦးဂိုအင်ကာသည် မြန်မာနိုင်ငံတွင်း စီးပွားရေးတွင် အောင်မြင်မှု ကြီးခဲ့သည်။ ကိုယ်တိုင် တရားထိုင်အပြီးတွင် စီးပွားကိုစွန့်ကာ တရားထိုင်ခြင်း၏ မိခင်နိုင်ငံ အိန္ဒိယသို့ တရားအကျင့်ကို ပြန်လည် သယ်ဆောင်သွားနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ကမ္ဘာကြီးကို တရားထိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ယနေ့ကမ္ဘာတွင် တရားထိုင်သူတို့သည် ဘာသာလူမျိုး မရွေး တစ်နှစ်ထက် တစ်နှစ်တိုးသည်ထက် တိုးလာကြပြီ။ အမေရိကန် တရားထိုင်သူတို့သည် တစ်နှစ်လျှင် တစ်သန်းခန့် တိုးလာကြသည်။
ဝိပဿနာကို မြန်မာ့မြေမှ ပြန်လည် စတင်သည်ဟု ဂုဏ်ယူရုံမျှက ကိုယ်တွေ့ကျင့်ကြံနိုင်ခြင်းဖြင့် အနည်းဆုံးအားဖြင့် ကျန်းမာရေးကောင်း၊ အာရုံစူးစိုက် နိုင်စွမ်းအား ကောင်းသဖြင့် အလုပ်တွင်ကျယ် အောင်မြင်ပြီး အမြင့်ဆုံးအားဖြင့် ဉာဏ်အလင်း ရနိုင်ပါသည်။ ဦးဂိုအင်ကာ မြန်မာနိုင်ငံမှ မျိုးစေ့ယူသွားပြီး အိန္ဒိယတွင် စိုက်ပျိုး၊ ထိုမှတစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့သွားသည့် ဝိပဿနာသည် မိခင်မြန်မာနိုင်ငံတွင်ရော မည်သို့သော အခြေဆိုက်နေသနည်း။ အနောက်တိုင်းသားတို့ပင် ဝိပဿနာကို တန်ဖိုးထား ကျင့်ကြံနေကြချိန်တွင် မြန်မာတို့ နေ့စဉ်ဘဝတွင် မည်မျှ သတိ ကပ်နိုင်သနည်း။ ထိုမေးခွန်းတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဟု မိမိတို့ကိုယ်ကို ဂုဏ်ယူနေကြသော မြန်မာတို့အတွက် မြန်မာ့မြေဖွား ဝိပဿနာ ဆရာကြီး ကွယ်လွန်ချိန်တွင် မေးသင့်မေးထိုက်သော မေးခွန်းများ ဖြစ်ပေသည်။
The Voice Weekly
၂၀၀၀ ခုနှစ်က ကုလသမဂ္ဂ၌ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် နိုင်ငံပေါင်းစုံ ဘာသာရေး ခေါင်းဆောင်များ၏ ထောင်စုနှစ် ရည်မှန်းချက် များ တွေ့ဆုံပွဲတွင် ဆရာကြီး ဂိုအင်ကာ ၏ ငြိမ်းချမ်းရေး ဟောပြောချက်မှာ အထူးကျော်ကြားခဲ့သည်။ မွန်ဘိုင်းတွင် လည်း အမြင့် ၃၁၅ပေရှိသော ရွှေတိဂုံပုံစံတူစေတီဖြစ်သည့် ကမ္ဘာ့ဝိပဿနာစေတီကို ဆရာကြီးဂိုအင်ကာဦးဆောင်ကာ တည်ထားခဲ့သည်။
‘လက်ရှိ ပစ္စုပ္ပန်ကာလတွင်သာ စိတ်ကို ထားရှိခြင်း’ ‘သတိကပ်ခြင်း’ (mindfulness) ကို ခေတ်ပေါ် အကျင့်တစ်ရပ်အဖြစ် ကမ္ဘာတွင် ခေတ်စားအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာ ဗဟိုဖြစ်သော မွန်ဘိုင်း (ယခင်ဘုံဘေ) တွင် ဗုဒ္ဓ၏ ဝိပဿနာ အကျင့်ကို ဖြန့်ဖြူးရင်း အသက် ၉၀ တွင် ဆုံးပါးခဲ့သည် ။