ရေးသားသူ – ကောင်းစည်သူ
ကမ္ဘာ့ နိုင်ငံအသီးသီးသို့ လေယာဉ်ဖြင့်ခရီးသွားနေကြသူများသည် လေယာဉ်ထွက်ခွာချိန်၊ဝင်ရောက်ချိန်ကြန့်ကြာမှုကို လေဆိပ်တစ်ခုအတွင်း ထိုင်စောင့်ကာ အချိန်ဖြုန်းနေရခြင်းကို မည်သူမျှ နှစ်သက်မှု မရှိကြပါချေ။ ထို့အတူလေယာဉ်ဆိုက်ရောက် ပြီးနောက် မိမိတို့ဝန်ချီစလယ်များကိုရွေးယူရန်စောင့်ဆိုင်းနေရချိန်၊လေဆိပ်ခန်းမအတွင်းတစ်နေရာမှတစ်နေရာပြောင်းရွှေ့ရန်စောင့် နေရချိန်များကိုငြီးငွေ့လေ့ရှိကြသည်။ အချို့လေဆိပ်များသည် ခရီးသည်များနွမ်းနယ်ငြီးငွေ့မှုကို အပမ်းဖြေနိုင်စေရန် ဆွဲဆောင်မှု များပါရှိသည့် ရှုခင်းများဖြင့် တည်ဆောက် မွမ်းမံခဲ့ကြသဖြင့် အလွန်လှပသော လေဆိပ်ကြီးများပေါ်ထွက်လာခဲ့သည်။
ပြည်ပနိုင်ငံတစ်ခုသို့ လေယာဉ်ဖြင့် ပထမဆုံးအကြိမ် ခရီးထွက်လာသူတစ်ဦးသည် လေဆိပ်သို့ ဦးစွာရောက်ရှိ လာချိန် တွင် လေဆိပ်၏ သန့်ရှင်းသပ်ယပ်မှု၊ ခမ်းနားကြီးကြယ်မှု၊ခေတ်မီလှပမှုတို့က ခရီးသွားသူအားများစွာ ကျေနပ်မှုရစေနိုင်သည်။ နိုင်ငံ တကာလေဆိပ်များသည်ရောက်ရှိလာသည့် ခရီးသည်များအပေါ် ဂရုစိုက်လေ့ရှိကြပြီးမိမိတို့လေဆိပ်များအား မိမိတို့နိုင်ငံ၏ ယဉ် ကျေးမှု ၊ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များကိုဖော်ညွှန်းနိုင်ရန် တည်ဆောက်လာခဲ့ကြသည်။
သန့်ရှင်းသပ်ရပ် ခေတ်မီ၍ ဖွဲ့စည်းထားမှု ကောင်းမွန်သော လေဆိပ်များသည် အခြားလေဆိပ်များထက်ပိုမို ကောင်းမွန် လေ့ရှိရာ ကမ္ဘာမြေပေါ်တွင် အလှပဆုံးလေယာဉ်ကွင်းနှင့် လေဆိပ်ကြီးများကို တွေ့ရှိလာကြရကာ အမြဲလှပ၊ ဆန်းသစ် ခေတ်မီ သော လေဆိပ်များကို ကမ္ဘာ့ နိုင်ငံအသီးသီးတွင် မြင်တွေ့ကြရပေသည်။
၁၀။ ဘေဂျင်းမြို့တော် နိုင်ငံတကာ လေဆိပ်(Beijing Capital International Airport,China)
၂၀၀၈ ခုနှစ် ကမ္ဘာ့ အိုလံပစ် အားကစားပွဲတော်ကိုတရုတ်နိုင်ငံမြို့တော် ဘေဂျင်းတွင်ကျင်းပခဲ့သည်။ဘေဂျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သည် တိုးတက်များပြားသောခရီးသွားများဝင်ထွက်သွားလာမှုကို အဆင်ပြေစွာ စီစဉ်ပေးနိုင်ရန် လေဆိပ်အဆောက် အအုံအမှတ် (၃)ကို ပွဲတော်မကျင်းပမီကပင် တိုးချဲ့ဆောက်လုပ်ခဲ့သည်။ထိုအချိန်က ဘေဂျင်း လေဆိပ်အဆောက်အုံသည် ကမ္ဘာ ပေါ်တွင် အကြီးဆုံးဖြစ်ခဲ့ပြီး ယခုအချိန်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး လေဆိပ် အဆောက်အအုံ အဖြစ်ရပ်တည်နေသည်။ လက်ရှိတိုးချဲ့ထားသော ဘေဂျင်းမြို့တော် နိုင်ငံတကာလေဆိပ်ကို သုံးနှစ်ကျော် အချိန်ယူ တည်ဆောက်ခဲ့ပြီး ဗြိတိသျှ ဗိသုကာပညာရှင် နော်မန်ဖော့စ်တာ(Norman Foster)က အကောင်းဆုံးလေဆိပ်တစ်ခု အဖြစ် မွမ်းမံအလှဆင်ခဲ့သည်။
၉။ ကာရက်စ်ကိုလေဆိပ်(Carrasco International Airport, Uruguay)
ဥရုဂွေး နိုင်ငံတကာလေဆိပ် ကာရက်စ်ကိုသည် ပုဂ္ဂလိကပိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုဖြစ်ပြီး လေဆိပ် လုပ် ငန်းများ အားလုံးကို ဥရုဂွေးနိုင်ငံမြို့တော် မွန်တီဗီဒီယို (the city of Montevideo) တွင် အခြေစိုက်သော ပူရာတာ ဒဲလ်ဆာ (Puertadel Sur) လေကြောင်းလိုင်း ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ခေတ်မီလှပသောလေဆိပ်ကြီးကို ၂၀၀၇ ခုနှစ်တွင် ဥရုဂွေးဗိသုကာ ပညာရှင် ရာဖယ်ဗီညိုလီ (Rafael Viñoly) က တာဝန်ယူ ကြီးကြပ်ဆောက်လုပ်ခဲ့သည်။
၈။ ဒန်ဗာ နိုင်ငံတကာလေဆိပ် (Denver International Airport, USA)
အမေရိကန်နိုင်ငံရှိ ဒန်ဗာနိုင်ငံတကာလေဆိပ်၏ အမိုးများပေါ်တွင် အဖြူရောင် ရွက်ဖျင်တဲပုံစံများ ပြုလုပ်ထားသဖြင့် အိမ် များမရှိသော်လည်း ရွာငယ်လေးတစ်ခုရှိ အိမ်အမိုးများနှင့်တူနေသည်။ ဒန်ဗာလေဆိပ်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမူ မူ များအတိုင်းဆောက်လုပ်ထားပြီး လေဆိပ်လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းကို နေရောင်ခြည်သုံးစွမ်းအင်ဖြင့်လည်ပတ် ဆောင်ရွက်သည်။ လေဆိပ်၏ အမိုးပြားများကို နွေရာသီကာလတွင် နေရောင်ခြည် ၂၁ ရာခိုင်နှုန်းခန့်ရောင်ပြန်နိုင်ပြီး ဆောင်းရာသီ ကာလတွင် အပူဓာတ်ကိုထိန်းထားနိုင်သည့် ပစ္စည်းများဖြင့်ပြုလုပ်ထားသည်။ဒန်ဗာလေဆိပ်ဗိသုကာပညာရှင်မှာ ပြည့်ဖြိုးမြဲ စွမ်းအင်ဒီဇှိုင်းကို ကနဦး ဖော်ထုတ်ခဲ့သူ ကာတစ်စ်ဖန်ထရက်စ်(Curtis Fentress)ဖြစ်သည်။
၇။ အင်ချွန် နိုင်ငံတကာလေဆိပ်(Incheon International Airport,South Korea)
တောင်ကိုရီးယားနိုင်ငံ၊အင်ချွန်းနိုင်ငံတကာလေဆိပ်ကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ အင်ချွန်းလေဆိပ်သည် ဖွင့်လှစ်ပြီး ချိန်မှစ၍ လေဆိပ်သို ရောက်ရှိလာကြသူ ခရီးသွားများ၏ အတွေ့အကြုံများအရ ဆန္ဒပြုခဲ့ကြသည့်အတိုင်းကမ္ဘာပေါ်ရှိ အကောင်း ဆုံး လေဆိပ်များ စာရင်းတွင် ထိပ်ဆုံးနေရာမှ ဆက်တိုက် ရပ်တည်ခဲ့သည်။အမေရိကန်နိုင်ငံမှ ဒန်ဗာလေဆိပ် ကို တည်ဆောက် ခဲ့သူ ဗိသုကာပညာရှင် ကာတစ်စ်ဖန် ထရက်စ် (Curtis Fentress) သည် အင်ချွန်းနိုင်ငံတကာ လေဆိပ်ကို ကိုရီးယားယဉ်ကျေးမှု အာရုံများထင်ဟပ်နေစေရန် ကြိုးပမ်းထားပြီး လေဆိပ် အတွင်းပိုင်းတွင် ကိုရီးယားဗိသုကာလက်ရာများ ပုံဖော်ခဲ့သည်။
၆။ လိုင်ယွန် စိန့် လေဆိပ် (Lyon-Saint Exupéry Airport, France)
ပြင်သစ်နိုင်ငံမှ လိုင်ယွန်းစိန့် လေဆိပ်ကို ယခင်ကလိုင်ယွန်းစတိုလားစ် လေဆိပ်ဟုလူသိများခဲ့သည်။ လိုင်ယွန်းစိန့် ကို အလွန် စိတ်ဝင် စားဘွယ်ကောင်းသည့် ဒီဇိုင်းဖြင့် ဆောက်လုပ်ထားသဖြင့် လေဆိပ်ကို ပြင်ပမှကြည့်လျှင် ကောင်းကင်တွင် ငှက် တစ်ကောင် ပျံသန်းနေသည့် အသွင် မြင်ကြရသည်။လိုင်ယွန်းစိန့်လေဆိပ်ကိုပုံစံပြုခဲ့သူ ဗိသုကာပညာရှင်သည် စန်တီရာ ဂီကာ လာထြာဗာ (SantiagiCalatrava) ဖြစ်သည်။
၅။ အူရွှာရိယာမာဗီနာစ် အပြည်ပြည် ဆိုင်ရာလေဆိပ် (Ushuaia – Malvinas Argentina International Airport, Argentina)
အာဂျင်တီးနားနိုင်ငံ အူရွှာရိယာမြို့သည် တောင်အမေရိကတိုက်တောင်ဘက်အစွန်းဆုံးတွင်တည်ရှိနေပြီး အူရွှာရိယာမှ လေးမိုင်အကွာတွင် ဆောက်လုပ်ထားသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် လှပသောပထဝီဝင် အနေအထားကြောင့် ထင်ရှားကျော်ကြားလှသည်။ အူရွှာရိယသို့ ကမ္ဘာလှည့်ခရီးသည်များ အများအပြားလာရောက်လေ့ရှိကြရာ အူရွှာရိယာ မာဗီနာစ် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ လေကြောင်းလိုင်းမှ လာရောက်ကြသူများသည် အင်ဒီစ် တောင်တန်းများ၊ လွင်ပြင်များ၊ တောင် ကုန်းများပေါ်မှ ဖြတ်သန်းပျံသန်းလာကြရသဖြင့် ခရီးသည်တိုင်းသည် ရင်သပ်ရှုမောဘွယ် လှပမှုများကိုခံစားကြ ရသည်။
၄။ မာရာကက်ရှ် လေဆိပ် (Marrakesh Menara Airport, Morocco)
မော်ရိုကို နိုင်ငံမှ မာရာကက်ရှ် မီနာရာလေဆိပ်သည် ခေတ်မီဒီဇိုင်းပုံစံများနှင့် အစ္စလာမ်မစ် ရိုးရာဗိသုကာလက်ရာများကို ပေါင်းစပ်တည်ဆောက်ထားသည့် ခေတ်လွန် ဒီဇိုင်းပုံစံလေဆိပ်တစ်ခုဖြစ်သည်။လေဆိပ် အတွင်းပိုင်းတစ်ခုလုံးအားမှန်များ၊ကြွေပြား များ၊ကျောက်ပြားများဖြင့် အလှဆင်ကာ အာရပ် ပုံစံပေါ်လွင်အောင်ပြုလုပ်ထားသည်။
၃။ ချန်ဂီလေဆိပ် (Singapore Changi Airport, Singapore)
စင်္ကာပူနိုင်ငံချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတစ်ကမ္ဘာလုံးနီးပါးသိကြသည်။သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် တိုးချဲ့ ရည် မှန်းစီမံကိန်းတစ်ရပ်ချမှတ်ခဲ့ပြီး တတိယမြောက် လေဆိပ် အဆောက်အအုံသစ် တစ်ခုကို ထပ်မံတည်ဆောက်ခဲ့သည်။ လေဆိပ်၏ အချို့နေရာများတွင် ရုက္ခဗေဒဥယျာဉ် ပုံစံ ပြုလုပ်ထားကာ ဥယျာဉ်ပုံစံ အတွင်းပိုင်းတွင် အမျိုးအစားစုံလင်လှသောအပင်များကို စိုက် ပျိုးထားသည်။ချန်ဂီ လေဆိပ်အတွင်းရောက်ရှိလာကြသူတို့အား အနားယူအပမ်းဖြေစရာ ဝန်းကျင်တစ်ခုအဖြစ်ဖန်တီးပေးထားသော ဒီဇိုင်းဖြစ်သည်။
၂။ ဆွန်ဒီကာလေဆိပ် (Sondika Bilbao Airport, Spain)
စပိန်နိုင်ငံ၊ ဆွန်ဒီကာဘယ်လ်ဘာအိုလေဆိပ်ကို ၁၉၂၈ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး လက်ရှိ လေဆိပ်အသစ်ကြီးကို ၁၉၉၀ ပြည့်ုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၀၀ ပြည့်နှစ် မတိုင်မီ တည်ဆောက်ပြီးစီးခဲ့သည်။ လေဆိပ် လုပ်ငန်းများကို ၂၀၀၀ ပြည့်နှစ် တွင် အပြည့်အဝစတင်ဆောင်ရွက်နိုင်ခဲ့သည်။ လေဆိပ်တည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ ၃၉ သန်းအသုံးပြု ခဲ့သည်။ လေဆိပ်အဆောက်အဦကို ချောမွတ်တောက်ပြောင်နေသည့် အဖြူရောင်အင်္ဂတေများ၊ကျောက်များဖြင့်ခေါက်ချိုးညီတောင်ပံနှစ်ခု အသွင်ဆောက်လုပ်ထားသည်။ လေဆိပ်ခန်းမသည် အထပ်နှစ်ထပ်ပါရှိပြီး အပေါ်ထပ်ကိုပြည်ပထွက်ခွာဆောင်နှင့် အောက် ထပ် ကို ပြည်တွင်း ဆိုက်ရောက်ဆောင်အဖြစ် အသုံးပြုသည်။
၁။ ဘာလင် တမ်ပယ်လ်ဟော့ဖ် လေဆိပ် (Berlin Tempelhof Airport, Germany)
ဂျာမနီနိုင်ငံ၊ ဘာလင် တမ်ပယ်လ်ဟော့ဖ် လေဆိပ် ကို ၂၀၀၈ ခုနှစ်ကပိတ်ခဲ့သော်လည်း တမ်ပယ်လ်ဟော့ဖ်သည်လေဆိပ် မပိတ်သိမ်းမီ အချိန်အထိ ကမ္ဘာပေါ်တွင် အခြားသောလေဆိပ်များက နမူနာယူခဲ့ရသည့် ပထမဆုံးသော လေဆိပ်ကြီးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။
ယနေ့ကမ္ဘာ၏နည်းပညာတိုးတက်များသည် အချိန်နှင့်အမျှ တစ်ဟုန်ထိုးဖွံ့ဖြိုးလျက်ရှိနေရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီး သည် များသည် တစ်နိုင်ငံမှတစ်နိုင်ငံ၊ တစ်နေရာမှတစ်နေရာသို့လျင်မြန်စွာရောက်ရှိစေသည့် လေယာဉ်ခရီးများဖြင့် ကူးလူး ဆက် သွယ် သွားလာနေကြသည်။လေကြောင်းပို့ဆောင်ရေး၏ အဓိက အခြေစိုက်နေရာဖြစ်သည့် လေယာဉ်ကွင်းများနှင့် လေဆိပ်များ သည် ခရီးသွားများ သွားလာမှု အဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှုလုပ်ငန်းများအထိ ကောင်းသည်ထက် ကောင်းအောင်စီမံ ဆောင်ရွက်လျက်ရှိနေကြရာ ခေတ်မီလှပဆန်းပြားသည့်လေဆိပ်ကြီးများသည်စဉ်ဆက်မပြတ် ထွက်ပေါ်လာဦးမည်သာ ဖြစ်ပေ သည်။
မောင်သာ(ရှေးဟောင်း သုတေသန)
၂၀၁၇ ခုနှစ်နိုဝင်ဘာလထုတ် သုတအလင်းမဂ္ဂဇင်းမှ