Monday, April 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာတစ်လွှား အချိန် အတိုဆုံးစစ်ပွဲများ

by Thutamm
August 9, 2019
Reading Time: 1min read
0
ကမ္ဘာတစ်လွှား အချိန် အတိုဆုံးစစ်ပွဲများ
Share on FacebookShare on Twitter

ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)

ဤ ကမ္ဘာမြေပြင်ပေါ်ဝယ် လူသားတို့ စတင်အခြချနေထိုင်ခဲ့ကြသည့် ကျောက်ခေတ်ကာလမှ စ၍ အုပ်စု အချင်းချင်း တိုက် ခိုက်မှုများဖြစ်ပွားလာခဲ့သည်။ လူမျိုးစုများ အသီးသီး ပေါ်ထွန်းလာချိန်ဝယ် ယဉ်ကျေးမှု တိုးတက်လာခဲ့ပြီဖြစ်သဖြင့် တိုက်ခိုက်မှုများ ပိုမို ဖြစ်ပွားလာခဲ့ကြသည်။ လက်နက်များ ပြုလုပ်လာနိုင်ကြချိန်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်အုပ်စုနှင့် တစ်အုပ်စု လက်နက်များ ကို အသုံးပြုကာ စစ်ပွဲများ ဆင်နွဲခဲ့ကြသည်။ ခရစ်တော်မပေါ်မီကပင် လူတို့သည် တိုက်ပွဲများကို အဆက်မပြတ် ဆင်နွဲခဲ့ကြလေရာ တိုက်ပွဲ မဖြစ်ပွားသောနှစ် ၊ တိုက်ပွဲ တစ်ခုခု မစတင်သောနှစ် ဟူ၍ မရှိခဲ့ပါချေ။

အချို့သော စစ်ပွဲများသည် ကာလရှည်ကြာစွာ ဖြစ်ပွားကြသဖြင့် လူအများအပြားသေကျေ ပျက်စီးကြရသည်။ သို့သော် လည်း အလွန်တိုတောင်းသော အချိန်ကာလအတွင်း ပြီးဆုံးခဲ့သော စစ်ပွဲများလည်းရှိခဲ့ပေသည်။ သက္ကရာဇ် (၁၈၀၀) ပြည့် နှစ် နောက် ပိုင်းတွင်ဖြစ်ပွားခဲ့သော စစ်ပွဲများအနက် အတိုတောင်းဆုံးစစ်ပွဲများကို သမိုင်းသုတေသီတို့က မှတ်တမ်းပြုခဲ့သည်။ သို့သော် ထိုစာရင်းမှတ်တမ်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု စစ်ပွဲများ၊ပထမကမ္ဘာစစ်နှင့် ဒုတ်ယ ကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကို ထည့် သွင်းမထားပါ။

၁၀။ ကမ္ဘာကျော် ဖောက်ကလန်စစ်ပွဲ (Falklands War)

အာဂျင်တီးနားနှင့်ဗြိတိသျှတို့သည် အငြင်းပွားနေသော ဖောက်ကလန်ကျွန်းနှင့် ပတ်သက်၍ ကမ္ဘာကျော် စစ်ပွဲ တစ်ရပ်ကို ၁၉၈၂ ခုနှစ်က ဆင်နွှဲခဲ့ကြသည်။ ဂျော်ဂျီယာ တောင်ပိုင်း နှင့် ဆန်းဝစ်ချ် တောင်ပိုင်းရှိ ဖော်ကလန်ကျွန်းသည် ကျွန်းမကြီး နှစ်ခုနှင့် ကျွန်းငယ်များစွာဖြင့်ဖွဲ့စည်းထားကာ တောင် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း အာဂျင်တီးနားနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိသည်။

ကျွန်းပိုင်ဆိုင်မှုကို အာဂျင်တီးနားနှင့် ဗြိတိန်တို့ ကာလကြာရှည်ကတည်းကပင် အငြင်းပွားနေခဲ့ကြပြီး ၁၉၈၂ ခုနှစ် မတ်လ(၁၉) ရက် တွင် အာဂျင်တီးနားတို့က ဂျော်ဂျီယာ တောင်ပိုင်းကို သိမ်းယူပြီး ဖောက်ကလန်ကျွန်းကိုပါ ဆက်လက် သိမ်းယူရာမှ စစ်ပွဲ စတင် ဖြစ်ပွားခဲ့ရသည်။ ၁၉၈၂ ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် စစ်ပွဲကို အာဂျင်တီးနားတို့ အရှုံးပေးကာ အဆုံးသတ်ခဲ့သော်လည်း မည်သည့် ဘက်ကမှ စစ်ပွဲကို စတင်ကြေညာခဲ့ကြခြင်း မပြုဘဲ တိုက်ခိုက်ခဲ့ကြသော စစ်ပွဲတို တစ်ခုဖြစ်ခဲ့သည်။

အာဂျင်တီးနားတို့က မိမိတို့ပိုင်နယ်မြေကို ပြန်လည်သိမ်းယူသည်ဟု သဘောထားကြသော်လည်း ဗြိတိသျှတို့ကမူ ယင်း တို့ပိုင် ကမ်းလွန်နယ်မြေကို အာဂျင်တီးနားတို့က ကျူးကျော်သည်ဟု ယူဆခဲ့ကြသည်။ စစ်ပွဲကြောင့် နိုင်ငံရေးအကျိုး သက်ရောက် မှုများသည် နှစ်ဘက်လုံးတွင် ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သည်။ နှစ်နိုင်ငံလုံးတွင် မျိုးချစ်စိတ်ဓာတ်များ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ကြသည်။ အာဂျင်တီးနားတွင် ပြည်သူအများ စစ်အစိုးရအား ကြီးမားသော ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့သည်။ ဗြိတိန်နိုင်ငံတွင် မာဂရက်သက်ချာ အစိုးရအား ထောက်ခံမှုများမြင့်တက်လာခဲ့ပြီး ၁၉၈၃ ခုနှစ်ရွေးကောက်ပွဲ တွင် မာဂရက်သက်ချာ အစိုးရ ထပ်မံ အနိုင်ရရှိခဲ့ပေသည်။

၉။ ပိုလန် လစ်သူရေးနီးယား စစ်ပွဲ

ပိုလန်နှင့် လစ်သူရေးနီးယားနှစ်နိုင်ငံလုံးသည် အချိန်ကြာကြာစစ်မဖြစ်လိုက် ကြဘဲ (၃၇) ရက် အကြာတွင်ပိုလန် နိုင်ငံက စစ်နိုင်ကြောင်း ကြေညာခဲ့ကာ ပစ်ခတ်မှုများကို ရပ်ဆိုင်းရန် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ပိုလန် တို့က လစ်သူရေးနီးယားတွင် ရုပ်သေးအစိုးရကို တင်ပေးခဲ့သဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါချေ။

ပိုလန်နှင့် လစ်သူရေးနီးယားတို့သည် အငြင်းပွားနေကြသော Vilnius ၊ Suwaki နှင့် Augustów မြို့များအရေးကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စစ်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။ စစ်ပွဲအပြီးတွင် အငြင်းပွားနေသော ဒေသများ ကြားခံနယ်မြေအဖြစ် (၁၈)လကြာ ပိုလန်ကထိန်းသိမ်းထားခဲ့သော်လည်း လစ်သူရေးနီးယားက ပြန်လည်တောင်းခံခဲ့သည်။ ၁၉၂၂ ခုနှစ် ၊ မတ်လ(၂၄)ရက် တွင်ပြုလုပ်ခဲ့သော ပိုလန်နိုင်ငံ ရွေးကောက်ပွဲ အပြီးတွင် ထိုနယ်မြေများ အားလုံးကို ပိုလန်နိုင်ငံက သိမ်းယူခဲ့သည်။ ရွေးကောက်ပွဲကို လစ်သူရေးနီးယားက အသိအမှတ်မပြုခဲ့ပါချေ။

၈။ ဒုတိယမြောက် ဘော်လ်ကန် စစ်ပွဲ (Second Balkan War)

၁၉၁၃ ခုနှစ်တွင် ဘူဂေးရီးယားက တစ်ဖက်၊ ပထမ ဘော်လ်ကန်စစ်ပွဲ မဟာမိတ်များဖြစ်သည့် ဂရိ နှင့် ဆာဗီးယားနိုင်ငံများက တစ်ဖက် ဒုတိယ ဘော်လ်ကန်စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။ ရိုမေးနီးယားနှင့် အောတိုမန် နိုင်ငံများက ဘူဂေးရီးယားကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။ စစ်ပွဲ ဖြစ်လာခြင်းကြောင့် ရုရှား၏ မဟာမိတ် ဖြစ်သည့် ဆာဗီးယားသည် သြစတြီးယား ၊ ဟန်ဂေရီတို့ကို ခြိမ်း ခြောက် လာသည့် အရေးပါသော ဒေသ အင်အားကြီး နိုင်ငံ ဖြစ်လာခဲ့ရသည်။

ရိုမေးနီးယားတို့သည် ဇွန်လ (၂၇) ရက်တွင် မက်ဆီဒိုးနီးယားနိုင်ငံကို ကျူးကျော်ဝင်ရောက်၍ တောင်ပိုင်း ဒိုဘရူဂျာကို သိမ်းပိုက်ခဲ့ပြီး မြောက်ပိုင်းသို့ ချီတက်လာကာ ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာကို ခြိမ်းခြောက်မှု ပြုလာခဲ့သည်။ ထိုအချိန်တွင် အောတိုမန် အင်ပါရာ နိုင်ငံများက အခွင့်ကောင်းယူကာ ဘူဂေးရီးယားတို့ သိမ်းယူထားခဲ့သည့် ယခင်က ယင်းတို့ပိုင်ဆိုင်ခဲ့သော သရေ့စ် ဒေသအချို့ကို ပြန်လည်ရယူရန် စိုင်းပြင်းခဲ့ကြတော့သည်။

ဘူဂေးရီးယားတို့သည် ပထမ ဘော်လ်တန် စစ်ပွဲအတွင်းရရှိ ထားခဲ့သော ဒိုဘရူဂျာ အပါအဝင် နယ်မြေအများစုကို ဆုံးရှုံးလိုက်ရသည်။မက်စီဒိုနီးယားနှင့် သရေ့စ်ဒေသအရှေ့ပိုင်းတို့ကို အော် တိုမန်တို့က သိမ်းယူလိုက်ကြသည်။ စစ်ပွဲက (၃၂) ရက်မျှသာ ကြာမြင့်ခဲ့ပြီး ဘူဂေးရီးယား တို့ ချုပ်ဆိုပေးခဲ့ရသည့် နယ်စပ်ဒေသ ဖြေရှင်းရေး သဘောတူ စာချုပ် သည်လည်း ယာယီမျှသာ သက်တမ်းရှည်ခဲ့ပြီး(၁၀) လအကြာတွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တော့သည်။

၇။ ဂရိ တူရကီ စစ်ပွဲ (Greco-Turkish War)

ဂရိနှင့် တူရကီတို့ ၁၈၉၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်လမျှသာ ကြာခဲ့သည့် စစ်ပွဲသည် ဂရိ နှင့် အော်တိုမန် အင်ပါယာတို့ ဖြစ်ကြသည့် စစ်ပွဲဖြစ်သည်။အော်တိုမန်တို့၏ ထိန်းချုပ်မှု အောက်တွင်ရှိနေခဲ့သော ခရီတီကျွန်း တွင် ဂရိလူမျိုးများ နေထိုင် ခဲ့ကြရာ ထိုဒေသ အခြေအနေအပေါ် ဂရိတို့ များစွာ စိုးရိမ်ပူပန်ခဲ့ကြသည်။ ၁၈၉၆ ခုနှစ် နှောင်းပိုင်းတွင် ခရီတီ တွင် ပုန်ကန်မှု တစ်ခု ဖြစ်ပွားခဲ့ရာ ၁၈၉၇ ခုနှစ် ၊ ဇန်နဝါရီလ(၂၁)ရက်တွင် ဂရိစစ်တပ်က ခရီတီကျွန်းသို့ ဝင်ရောက်လာပြီး အောတ်တိုမန်တို့ အုပ်ချုပ်မှု အောက်မှ ထွက်၍ ဂရိတို့နှင့် ပေါင်းစည်းရန် ကြိုးပမ်းခဲ့သည်။

သို့သော်လည်း ဥရောပနိုင်ငံများက ဝင်ရောက် ဟန့်တားခဲ့ပြီး ခရီတီကျွန်းကို နိုင်ငံတကာ စောင့်ရှောက်မှု အောက်တွင်သာ ထားရှိရန် တောင်းဆိုခဲ့သည်။ ဂရိတို့က မလိုက်နာသဖြင့် အော်တိုမန်နှင့် ဂရိတို့စစ်ဖြစ်ခဲ့ကြသည်။ အော်တိုမန်တို့နှင့် စစ်ဖြစ်သည်ဆိုသော်လည်း ဂရိတို့သည် တူရကီတို့နှင့်စစ်ဖြစ်ခြင်းသာ ဖြစ်ပေသည်။ ရက်(၃၀)မျှသာ တိုက်ခိုက်ခဲ့ရပြီး အော်တိုမန်တို့ စစ်နိုင်ခဲ့သဖြင့် ဂရိတို့က စစ်လျော်ကြေးများစွာ ပေးလျော်ရမည်ဖြစ်သဖြင့် တူရကီတို့က ဂရိတို့အား ခရီတီကျွန်း ကိုစွန့်လွှတ်ရန် ဖိအားပေးခဲ့သည်။

၆။ တရုတ် ဗီယက်နမ် စစ်ပွဲ(Sino-Vietnamese War)

တရုတ် နှင့် ဗီယက်နမ်တို့ ၁၉၇၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကို တတိယ အင်ဒိုချိုင်းနားစစ်ပွဲဟုခေါ်ဆိုကြသည်။ စစ်ပွဲက (၂၇) ရက်မျှသာ ကြာမြင့်ခဲ့သော်လည်း အသေအပျောက်များခဲ့သည့် နယ်စပ်ပြဿနာ စစ်ပွဲ တစ်ပွဲ ဖြစ်ခဲ့ရပေသည်။ တရုတ်တို့က ဗီယက်နမ်တို့၏ ကျူးကျော်မှုကို ကြီးမားစွာ ထိုးစစ်ဆင်ခဲ့သည်။ တရုတ်တပ်များသည် ဗီယက်နမ်မြောက်ပိုင်းကို ဝင်ရောက်ခဲ့ကြပြီး တစ်လအကြာတွင် ပြန်လည် ဆုတ်ခွါခဲ့ကြသည်။

နှစ်ဘက်လုံးက စစ်ပွဲကို အနိုင်ရရှိကြောင်းကြေညာခဲ့ကြသည်။ သို့သော်လည်း တရုတ်တို့ ပြန်လည်ဆုတ်ခွါသွားချိန်တွင် ယင်းတို့ကျင့်သုံးသော ထိရောက်သော မြေလှန်စနစ်အရ ဗီယက်နမ် နေရာဒေသများကို ဖျက်ဆီးခဲ့ကြသည်။ ဗီယက်နမ်တို့၏ ရွာများ၊ လမ်းများ၊ ရထားလမ်းများကို ဖျက်ကာ ဗီယက်နမ် တို့၏ အခြေခံလူမှုအဆောက်အအုံများစွာကို တရုတ်တို့က ဖျက်ဆီးခဲ့သည်။

၅။ ဂျော်ဂျီယာ အာမေးနီးယန်း စစ်ပွဲ (Georgian-Armenian 24 days War)

ဂျော်ဂျီယာ ပြည်သူ့ဒီမိုကရက်တစ်နိုင်ငံနှင့် ဒီမိုကရက်တစ် အာမေးနီးယား အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ၁၉၁၈ ခုနှစ်တွင် နယ်ခြားခရိုင် သုံးခုအစိတ်အပိုင်းများအပေါ် အငြင်းပွားကာ စစ်ပွဲ တစ်ရပ်ကို ဆင်နွှဲခဲ့ကြသည်။ ထိုခရိုင်များသည် သမိုင်းစဉ် တစ်လျောက် အာမေးနီးယန်း နှင့် ဂျော်ဂျီယန် ယဉ်ကျေးမှုများ ပေါင်းစည်းနေသော နယ်မြေများဖြစ်ခဲ့ကြကာ (၁၉) ရာစုတွင် အာမေနီးယန်းလူမျိုးများ အများစု နေထိုင်ခဲ့ကြသည်။ပထမကမ္ဘာစစ်အပြီးတွင် အချို့သော နယ်မြေများကို အော်တိုမန်တို့က သိမ်းပိုက်ခဲ့ကြသည်။

သို့သော်လည်း အော်တိုမန်တို့က ထိုနယ်မြေများကို ပြန်လည် စွန့်လွှတ်လိုက်ချိန်တွင် ဂျော်ဂျီယာ နှင့် အာမေးနီးယန်း နှစ် ဘက်လုံးက ပိုင်ဆိုင်မှုကို တောင်းခံခဲ့ကြသည်။ ထိုသို့ တောင်းဆိုကြရာမှ ၁၉၁၈ ခုနှစ် ၊ ဒီဇင်ဘာလ(၇) ရက်တွင် စစ်ဖြစ်ခဲ့ကြသည်။ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ နှစ်ဘက် စစ်ဖြစ်နေခဲ့ကြရာ ဗြိတိသျှတို့က ဝင်ရောက်ဖြန်ဖြေညှိနှိုင်းပေးသဖြင့် စစ်ပြေငြိမ်းခဲ့ကြသည်။ စစ်ပြေငြိမ်းစာချုပ်အရ အငြင်းပွားခဲ့ကြသည့် ဘော်ခါနို ခရိုင်အား ဂျောဂျီယာ အာမေးနီးယား နှစ်နိုင်ငံ ပူးတွဲ အုပ်ချုပ်ခဲ့ကြသည်။

၄။ ဆာဗီးယား ဘူဂေးရီးယား ၁၄ ရက် စစ်ပွဲ (Serbo-Bulgarian 14 days War)

ဆားဗီးယားနှင့် ဘူဂေးရီးယားတို့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ(၁၄) ရက်မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ စစ်ပွဲဆင်နွှဲခဲ့ကြရာ ဘူဂေးရီးယားတို့အနိုင်ရခဲ့ပြီး အပြီးသတ် ငြိမ်းချမ်းရေး စာချုပ်ကို ၁၈၈၆ ခုနှစ် ၊ စက်တင်ဘာက(၁၆)ရက်တွင် ချုပ်ဆို ခဲ့ကြသည်။ စစ်ပွဲအောင်နိုင်မှုကြောင့် ဥရောပနိုင်ငံများက ဘူဂေးရီးယားပေါင်းစည်းရေးဥပဒေကို အသိအမှတ်ပြုခဲ့ကြရသည်။

စစ်ပွဲ ပြီးဆုံး သည့် နိုဝင်ဘာလ (၂၈)ရက်နေ့မှာပင် ဗီယင်နာ သံအမတ်ကြီးက ဘူဂေးရီးယားစစ်ဌာနချုပ်သို့ လာရောက်လည်ပတ်ခဲ့ကာ စစ်ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ သို့မဟုတ်ပါက ဘူဂေးရီးယားတို့သည် သြစတြီးယား ဟန်ဂေရီတပ်များ နှင့် ရင်ဆိုင် ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ ဘူဂေးရီးယားတို့၏ စစ်မြေပြင်အောင်ပွဲက ဘူဂေးရီးယား ပေါင်းစည်းညီညွတ် ရေးကို အဓိက ကာကွယ်ပေးနိုင်ခဲ့သည်။

၃။ အိန္ဒိယ ပါကစ္စတန် ၁၃ ရက်စစ်ပွဲ(Indo-Pakistani 13 days War)

၁၉၇၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့ အကြား ဖြစ်ပွားခဲ့သော စစ်ပွဲသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲ နှင့် နီးကပ်စွာ ဆက်စပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲ ကို ပါကစ္စတန် ပြည်တွင်းစစ်ပွဲဟုပင် ခေါ်ဆို ခဲ့ကြပြီး ထိုဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးတိုက်ပွဲသည် အစဉ်အလာအရ ကြီးစိုးခဲ့သော အနောက်ပါကစ္စတန်နှင့် လုနည်းစုအရှေ့ပါကစ္စတန်တို့၏ ပဋိပက္ခသာ ဖြစ်သည်။ ၁၉၇၀ ပြည့်နှစ် ပါကစ္စတန် ရွေးကောက်ပွဲ အပြီးတွင် တိုက်ပွဲက အရှိန် မြင့်သွားခဲ့သည်။

ရွေးကောက်ပွဲတွင် အရှေ့ပါကစ္စတန် အဝါမီ ပါတီက လွှတ်တော်တွင် ၁၆၇ နေရာ အနိုင်ရခဲ့သဖြင့် အမတ်နေရာ (၃၁၃) နေရာရှိသော ပါကစ္စတန် လွှတ်တော်တွင် အဓိက အင်အားစု ဖြစ်ရန်သေချာသွားခဲ့သည်။ ၁၈၇၁ ခုနှစ် ၊ ဒီဇင်ဘာလ (၃) ရက်တွင် အိန္ဒိယ အနောက်ပိုင်းစစ်မျက်နှာတွင် အိန္ဒိယနှင့် အနောက်ပါကစ္စတန်တို့ စစ်ဖြစ် ကြရာ ဒီဇင်ဘာ(၁၆) ရက်တွင် ပါကစ္စတန်တို့ ရှုံးနိမ့်ကာ စစ်ပွဲ ပြီးဆုံးခဲ့သည်။ စစ်ပွဲ၏ အကျိုးဆက်အဖြစ် အရှေ့ပါကစ္စတန်သည် လွတ်လပ်သော နိုင်ငံ အဖြစ်ထူထောင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟူ၍ ဖြစ်လာခဲ့ပေသည်။

၂။ အစ္စရေး အာရပ် (၆) ရက်စစ်ပွဲ (6 Day War)

အစ္စရေးတို့က ဆီရီးယားနိုင်ငံကို ခြိမ်းခြောက်မှု ပြုခဲ့သဖြင့် ဆီရီယား၏ မဟာမိတ် အီဂျစ်တို့က ဆိုင်းနိုင်းကျွန်းဆွယ် နယ်စပ်တွင်တင့်ကားစီးရေ တစ်ထောင်နှင့် စစ်သည်တစ်သိန်းတို့ကို စေလွှတ် တပ်စွဲခဲ့ရာမှ ခြောက်ရက်စစ်ပွဲစတင်ခဲ့ရသည်။ အီဂျစ်တို့က တီရန် ရေလက်ကြားကိုလည်း ပိတ်ဆို့လိုက်ကာ အစ္စရေး သင်္ဘောများအားလုံးကို ဖြတ်သန်းခွင့်မပေးတော့ဘဲ အာရပ်နိုင်ငံများအားလုံး အစ္စရေးကိုတိုက်ခိုက်ရန် သွေးစည်းကြရန် တိုက်တွန်းခဲ့သည်။

၁၉၆၇ ခုနှစ် ဇွန်လ(၅)ရက်တွင် အစ္စရေးတို့က အီဂျစ်လေတပ်အား လျှပ်တပြက်တိုက်ခိုက်ခဲ့သည်။ ဂျော်ဒန်နိုင်ငံကလည်း ဂျေရုဆလမ် အနောက်ပိုင်းနှင့် နေတန်ယာကို ဝင်ရောက်တိုက်ခိုက်သည်။ တိုက်ပွဲက (၆) ရက်မျှသာ ကြာမြင့်ခဲ့ပြီး အစ္စရေးတို့ အနိုင်ရရှိခဲ့ကာ ဂျေရုဆလမ် အရှေ့ပိုင်း၊ ဂါဇာ ကမ်းမြောင်၊ ဆိုင်းနိုင်းကျွန်းဆွယ် နှင့် ဂိုလန်ကုန်းမြင့်တို့ကို သိမ်းပိုက်ခဲ့သည်။ တိုက်ပွဲ၏ ရလာဒ်များက ထိုဒေသ၏ ပထဝီ နိုင်ငံရေးကို ယနေ့တိုင် များစွာ အကျိုးသက်ရောက်စေခဲ့သည်။

သိမ်းပိုက်လိုက်သော နယ်မြေများကြောင့် အစ္စရေးနိုင်ငံ အကျယ်အဝန်းသည် မူလထက် ကြီးမားလာခဲ့သဖြင့် အာရပ်လူမျိုး တစ်သန်းဝန်းကျင်ခန့်သည် အစ္စရေးတို့၏ တိုက်ရိုက် ထိန်း ချုပ်မှု အောက်သို့ရောက်ရှိသွားခဲ့သည်။ အစ္စရေးတို့၏ ဗျူဟာနယ်မြေသည် တောင်သို့ကီလိုမီတာ(၃၀၀)၊ အရှေ့သို့ ကီလို မီတာ(၆၀)၊ မြောက်သို့ကီလိုမီတာ(၂၀) ကြီးမားလာခဲ့သဖြင့် နောက်ခြောက်နှစ်အကြာ ၁၉၇၃ တွင် အာရပ်တို့နှင့် ထပ်မံစစ် ဖြစ်ပွား သောအခါတွင် အစ္စရေးတို့အတွက် ထိုနယ်မြေများသည် ဒေသလုံခြုံရေးအတွက် အဖိုးတန်လှသည့် ပိုင်ဆိုင်မှုများဖြစ်ကြောင်း သက်သေထူနိုင်ခဲ့ပေသည်။

၁။ အင်္ဂလိပ် ဇန်ဇီဘာ ( ၃၈) မိနစ်ကြာ စစ်ပွဲ (Anglo-Zanzibar War 38 minutes)

၁၈၉၆ ခုနှစ်၊ သြဂုတ်လ(၂၇)ရက်နေ့က ဖြစ်ပွားခဲ့သော အင်္ဂလိပ်နှင့် ဇန်ဇီဘာနိုင်ငံတို့(၃၈) မိနစ်ကြာ ဖြစ်ပွားခဲ့သည့် စစ်ပွဲကို ကမ္ဘာ့ အချိန်အတိုဆုံးစစ်ပွဲဟု အသိအမှတ်ပြုကြသည်။ ဇန်ဇီဘာနိုင်ငံအား အင်္ဂလိပ်ကိုလိုနီတို့အုပ်ချုပ်ထားမှုကို ထောက်ခံကာ ပူးပေါင်းအုပ်ချုပ်ခဲ့သော ဇန်ဇိဘာ ဘုရင်ဟာမက်ဘင် သူဝိုင်နီသည် ၁၈၉၆ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့တွင် ကွယ်လွန်ခဲ့ရာမှ စစ်ပွဲစတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ သူဝိုင်နီ ကွယ်လွန်သည်နှင့် တစ်ပြိုင်နက် တူဖြစ်သူ ခါလစ်ဘင်ဘာဂက်ရှ် က ဇန်ဇီဘာနိုင်ငံ အား အာဏာသိမ်းယူခဲ့သည်။

ဗြိတိသျှတို့က ယင်းတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ယူဆထားသူ ဟာမွတ် ဘင် မိုဟာမက်ကို အာဏာပေးစေလိုသဖြင့် ဘာဂက်ရှ်အား အာဏာစွန့်လွှတ်ရန် ရာဇသံပေးခဲ့သည်။ သို့သော် ဘာဂက်ရှ်က ဗြိတိသျှတို့ တောင်းဆိုမှု ကို ပယ်ချလိုက်ပြီး နန်းတော်တွင် တပ်များကို ချထားလိုက်ချိန်တွင် ဗြိတိသျှတို့က နန်းရှေ့ရှိ ဆိပ်ကမ်းတွင် ရေတပ်သင်္ဘော (၅)စီး ကို တပ်စွဲထားခဲ့သည်။ နောက်ဆုံးအချိန်တွင် ဘာဂက်ရှ်က ကျွန်းပေါ်ရှိ အမေရိကန်ကိုယ်စားလှယ်မှတစ်ဆင့် ဗြိတိသျှတို့နှင့် ငြိမ်းချမ်းရေး ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ဗြိတိသျှဘုရင့်ရေတပ်က ရာဇသံ အချိန်စေ့ချိန် သြဂုတ်လ (၂၆)ရက် နံနက် (၉) နာရီတွင် နန်းတော်အား စတင်ပစ်ခတ်ခဲ့သည်။

နန်းတော်ပြိုကျပြီး လူများသေကုန်ကြသဖြင့် ဘာဂက်ရှ်သည်နန်းတော်မှ အလျင်အမြန်ဆုတ်ခွါကာ ဂျာမန် ကောင်စစ်ဝန်ထံ ခိုလှုံခွင့်တောင်းခဲ့သည်။ ပစ်ခတ်မှုများသည် (၃၈)မိနစ်အတွင်း ပြီးဆုံးသွားခဲ့ပြီး ဗြိတိသျှတို့က ဂျာမာန်တို့အား နန်းကျဘုရင် ဘာဂက်ရှ်ကို အပ်နှံရန် တောင်းဆိုခဲ့သော်လည်း ဘာဂက်ရှ်သည် အောက်တိုဘာလ(၂) ရက်တွင် ပင်လယ်တွင်းသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ဘာဂက်ရှ်သည် ဒါအက်စ် စလမ်တွင် ပြည်ပြေးဘဝဖြင့် နေထိုင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင်ဗြိတိသျှတို့က ဘာဂက်ရှ်အား ဖမ်းမိသွားခဲ့သည်။ ဗြိတိသျှတို့က ဘာဂက်ရှ်အား မွမ်ဘာဆာတွင် နေထိုင်ခွင့်ပြုခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ဘာဂက်ရှ် ကွယ်လွန်ခဲ့သည်။ (၃၈) မိနစ်စစ်ပွဲအပြီးတွင် ချုပ်ဆိုခဲ့သော စာချုပ်အရ ဗြိတိန်တို့က ဇန်ဇီဘာအစိုးရအား နန်းတော်သို့ ပစ်ခတ်ခဲ့ရသည့် စစ်စရိတ်ကို ပေးလျော်ရန် တောင်းခံခဲ့သည်။

ယနေ့ကမ္ဘာ နေရာအနှံ့ တွင် စစ်ပွဲသည် အမြဲလိုလို ဖြစ်ပွားနေလျက်ရှိနေရာ စစ်ပွဲသည် အချိန်ကြာသည်ဖြစ်စေ၊ အချိန်တိုသည်ဖြစ်စေ၊ ပြည်သူတို့သည်ကား ဒုက္ခများဖြင့် ရင်ဆိုင်ကြရသည်သာဖြစ်သည်။ အင်အား တည်ဆောက်နေသမျှ ကာလပတ်လုံး ဤကမ္ဘာသည် ငြိမ်းချမ်းရေးနှင့် ဝေးကွာကာ စစ်ပွဲများ ဖြစ်နေဦးမည်သာ ဖြစ်ပေသည်။

မောင်သာ( ရှေးဟောင်းသုတေသန)
၂၀၁၅ ခုနှစ် ၊ ဇူလိုင်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

 

Tags: militaryworld historyworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Categories

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!