ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံ)
ကမ္ဘာ့သမိုင်းတစ်လျောက်တွင် နေရာဒေသအသီးသီးတွင် မြေပေါ်မြေအောက် လိုဏ်ဂူများကို ရှာဖွေ တွေ့ရှိခဲ့ကြရာ လိုဏ်ဂူများ သည် သမိုင်းမတင်မီ ကာလများတွင် ရှေးဦးလူသားများ နားခိုရာနေရာများဖြစ်ခဲ့သကဲ့သို့ လူသေများမြှုပ်နှံသည့် နေရာများ၊ ဘာသာရေး ထုံးတမ်း များပြုလုပ်သည့် နေရာများလည်း ဖြစ်ခဲ့ကြသည်။
မျက်မှောက်ခေတ်တွင် သုတေသီများသည် လိုဏ်ဂူများကို သုတေသနပြုကာ အတိတ်က ရာသီဥတုပြောင်းလဲမှု ဖြစ် စဉ်များကို ဖော်ထုတ်နိုင်ခဲ့ကြရာ လိုဏ်များကို ရှာဖွေကြသူများသည် ကိုယ်ကာယလေ့ကျင့်ခန်းလှုပ်ရှားမှုများအဖြစ် ပျော်ရွှင်မှု များရရှိခဲ့ကြသည်။ စူးစမ်းရှာဖွေခဲ့သည့် လိုဏ်ဂူများအနက် အလွန်စွန့်စားမှု မပြုလုပ်ရသည့် လှပသောဂူများသည် အလှပြဂူများ အသွင်သို့ ပြောင်းလဲခဲ့ပေသည်။ ယင်းဂူများတွင် လူတို့ပြုလုပ်ထားသော မီးရောင်များ၊ကြမ်းခင်းများနှင့် အခြား အထောက်အကူ ပြု ပစ္စည်းများသည် ဂူများသို့ လာရောက်လည်ပတ်လိုသည့် ဧည့်သည်များကို အဆင်မပြေမှု အနည်းဆုံး ဂူအတွေ့အကြုံများ ကို ရရှိစေရန် ဆွဲဆောင်မှုပေးနိုင်ခဲ့ပေသည်။
၁၀။ Eisriesenwelt Cave
ဂျာမာန်အမည် Eisriesenwelt သည် ရေခဲတောင်ကမ္ဘာဟု အဓိပ္ပာယ်ရှိကာ ယင်းဂူသည် ၂၆ မိုင်ကျော်ရှည်လျားပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ရေခဲဂူကြီးတစ်ခုဖြစ်သည်။ယင်းဂူသည် သြစတြီးယားနိုင်ငံ၊အဲပ်တောင်တန်း၏ တင်နီဂျီဘာ့ရှ် အပိုင်းရှိ ဟော့ချ်ကိုဂယ် တောင်တန်းအတွင်း၌ တည်ရှိသည်။
Eisriesenwelt သည် တောင်အတွင်းသို့ ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းကို ရေတိုက်စားခဲ့ရာမှ ဖြစ်ပေါ်ခဲ့သည်။ဂူအတွင်းသို့ ပျော်ဝင်စီးဆင်းလာသည့် နှင်းများသည် ဆောင်းရာသီတွင်ရေခဲ များ အဖြစ်ပြောင်းလဲကာ ရေခဲဂူအဖြစ် မြင်တွေ့ကြရပေသည်။
၉။ ကျူရိုးပလွေဂူ Reed Flute Cave
ကျူရိုးပလွေဟု အမည်ပေးထားသည့် လိုဏ်ဂူသည် သဘာ၀ အနုပညာနန်းတော်ဟု ထင်ရှားကာ တရုတ်နိုင်ငံတောင် ပိုင်း ဂွီလင်းဒေသ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။နှုတ်ပြောရာဇဝင်များ၏ အဆိုအရ ဒေသခံများသည် ဂူပေါက်ဝရှိ ကျူပင်များကို ပလွေများပြုလုပ်နိုင်သည်ဟု ယုံကြည်မှုအရ ဂူကို ကျူရိုးပလွေဟု အမည်ပေးခဲ့သည်ဟု ဆိုသည်။
ထုံးကျောက်ဂူ သည် လာရောက်လည်ပတ်သူများအား ကျောက်စက်ပန်းဆွဲများ၊ကျောက်စက်မိုးမျှော်များ ၊ကျောက်တိုင်များ၊ကျောက်ကန့်လန့် ကာများဖြင့် ခမ်းနားထည်ဝါသော နတ်သမီးပုံပြင်ထဲမှ နေရာသို့ ရောက်သွားသည့် အလားခံစားစေနိုင်သည်။ဂူအတွင်း ၌ ပုံ သဏ္ဌာန်မျိုးစုံ၊ အရောင်မျိုးစုံရှိသည့် ငှက်များ၊အပင်များနှင့် သတ္တဝါများကိုလည်း မြင်တွေ့နိုင်ကြပေသည်။
၈။ ခရစ္စတယ် လိုဏ်ဂူ Cave of Crystals
မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ နိုင်ကာသတ္ထုတွင်းလုပ်ငန်းအတွက် လိုဏ်ခေါင်းသစ်တစ်ခုကို တူးဖော်စဉ် ၂၀၀၀ ပြည့်နှစ် တွင် သတ္ထုတွင်း လုပ်သားများက ခရစ္စတယ် လိုဏ်ဂူကို မြေအောက်တွင် တွေ့ရှိခဲ့သည်။ လိုဏ်ဂူ၏ အဓိက ခန်းကျယ်နေရာတွင် မြင်တွေ့ရသည့် သဘာ၀ ပုံဆောင်ခဲများသည် ကမ္ဘာပေါ်ရှိ မြေအောက်လိုဏ်ဂူများတွင် တွေ့ကြရသည့် ပုံဆောင်ခဲများအနက် အကြီးမားဆုံးဖြစ်သည်။ လက်ရှိမြင်တွေ့နေရသည့် အကြီးဆုံးပုံဆောင်ခဲသည် ၁၃ ပေကျယ်၍ ၃၆ ပေရှည်ကာ အလေးချိန် ၅၅ တန် ရှိသည်။
ဂူအတွင်းရှိ အလွန်ကြီးမားသည့် ပုံဆောင်ခဲများသည် ဂူအတွင်း၌ အပူချိန် အလွန်ပြင်းထန်စွာ မြင့်တက်ခဲ့သည့် အချိန် တွင် ဖြစ်ပေါ်ခဲ့ ကြသည်။ယင်းအချိန်က ဂူအတွင်း၌ ရေနွေးငွေ့များမှ ထွက်လာသည့် အပူချိန်သည် ၁၃၆ ဒီဂရီ ဖာရင်ဟိုက် အထိမြင့်တက်ခဲ့ကာ အလွန်သေးငယ်၍ အဏုကြည့် မှန်ပြောင်းဖြင့်ကြည့်မှသာ မြင်နိုင်သည့် ပုံဆောင်ခဲ အမှုန်အမွှားများသည် ကြီးမားသော ပုံဆောင်ခဲ များအဖြစ်စုဖွဲ့ခဲ့ကြသည်။ယင်းသို့ ကြီးမားသော ပုံဆောင်ခဲများ ဖြစ်ပေါ်လာခြင်းသည် ခရစ္စတယ် လိုဏ်ဂူကို စိတ်ဝင်စားသူ များ လိုက်လံ ရှာဖွေ ကြည့်ရှုကြရသည့် မြေအောက်ဂူတစ်ခုဖြစ်လာစေခဲ့သည်။
၇။ ပူအာတို ပရင်စီဆာ ရေအောက်မြစ် Puerto Princesa Underground River
ပူအာတို ပရင်စီဆာ ရေအောက်မြစ်သည် ဖိလစ်ပိုင်နိုင်ငံ၊ ပလာသမ်ကျွန်း၏ မြောက်ဘက်ကမ်းခြေ တွင်တည်ရှိနေ သော တောင်တန်းတစ်ခုအတွင်းမှ တောအုပ်၌ စီးဆင်းလျက်ရှိသည်။၂၀၀၇ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ၊ ယူကာတန်ကျွန်းဆွယ် တွင် ရေအောက်မြစ်တစ်စင်းကို မတွေ့ရှိမီ အချိန် အထိ ပူအာတို ပရင်စီဆာသည် ကမ္ဘာ့ အရှည်ဆုံး မြေအောက်မြစ်ဖြစ်ခဲ့သည်။ ယင်း မြစ်သည် ယခုတိုင် ရေကြောင်းသွားလာနိုင်သည့် အရှည်လျားဆုံး မြေအောက်မြစ်အဖြစ် တည်ရှိနေကာ ငါးမိုင်ခန့် ရှည် လျားသည်။ ယင်းမြစ်သည် အံ့သြဖွယ်ကောင်းသည့် လိုဏ်ဂူတစ်ခုအတွင်းသို့ ကွေ့ဝင်သွားကာ တောင်တရုတ်ပင်လယ်အတွင်း သို့ စီးဆင်းသွားပေသည်။
၆။ ဝိတ်တိုမို ဂူများ Waitomo Caves
ဝိတ်တိုမို ဂူများသည် နယူးဇီလန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ဧည့်သည်များကို ဆွဲဆောင်မှု အရှိဆုံးနေရာတစ်ခုဖြစ် ကာ ဝိတ်တိုမိုမြို့၏ အပြင်ဘက်တွင် တည်ရှိနေသည်။ယင်းဂူများသည် ထင်ရှားသည့် ဝိတ်တိုမို ပိုးစုန်းကြူးများနှင့်အလင်းရောင် ထွက်သည့် အလွန်သေးငယ်သည့်အကောင်လေးများ နေထိုင်သည့် နေရာဖြစ်သည်။နယူးဇီလန်နိုင်ငံတွင် သီးသန့်တွေ့ရှိရ သော ပိုးစုန်းကြူးသည် ပျမ်းမျှအားဖြင့် ခြင်တစ်ကောင် အရွယ်ရှိသည်။
ဝိတ်တိုမို ပိုးစုန်းကြူး ဂူများသည် လွန်ခဲ့သော နှစ် သန်း ၃၀ က ပေါ်ထွန်းခဲ့ကာ ခမ်းနားတည်ဝါ၍ မွမ်းမံထားသော အဆင်တန်ဆာများနှင့် တိုမိုဟု ခေါ်သည့် နက်ရှိုင်းသော ထုံးကျောက်လိုဏ်ခေါင်းရှိနေသည်။ထို့အတူ ရဲတိုက်တစ်လုံးနှင့် တူသည့် လိုဏ်တစ်ခုလည်းရှိသည်။
၅။ မာဂျလိစ် အယ်လ်ဂျင် ဂူ Majlis al Jinn Cave
ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြေအောက်လိုဏ်ဂူတစ်ခုဖြစ်သည့် မာဂျလိစ် အယ်လ်ဂျင် သည် အိုမန်နိုင်ငံ၊ ဆယ်လ် မာ ကုန်းပြင်မြင့်၏ ဝေးလံခေါင်ဖျားသော နေရာတွင် တည်ရှိသည်။လိုဏ်ဂူသည် အလျား ၃၁၀ မီတာ၊ အနံ ၂၂၅ မီတာရှိသည့် ခန်းမဆောင်တစ်ခုအသွင်ရှိကာ တစ်လုံးတည်းရှိနေသည့်ဂူဖြစ်သည်။ဂူ၏ အမိုးသည် ခုံးတစ်ခုအသွင်ဖြစ်နေကာ မီတာ ၁၂၀မြင့် သည်။လိုဏ်ဂူ၏ အနက်ရှိုင်းသောနေရာသည် အမိုးအောက် ၁၇၆ မီတာ ကွာဝေးသည်။
လိုဏ်ဂူ၏ အကျယ်အဝန်းကို မြင်သာစေရန်ပြောရလျှင် ၇၄၇ ဂျက်လေယာဉ် ၁၂ စီးကို လိုဏ်ခန်းမအတွင်း ထားရှိနိုင် သည်ဟု ဆိုသည်။လိုဏ်ဂူရှိသည့် နေရာသို့ အတွေ့အကြုံများသော တောင်တက်သမားများသာ ရောက်ရှိနိုင်ကြသဖြင့် ခရီး သွား ဧည့်သည်များ အလွယ်တကူ လာရောက်လည်ပတ်နိုင်ရန် လွယ်ကူသော အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
၄။ စကော့ဂျန်ဂူများ Skocjan Caves
စကော့ဂျန် လိုဏ်ဂူများစနစ်သည် ဥရောပတိုက်တွင် အမြင့်ဆုံးသော လိုဏ်ခန်းမများတွင်ပါဝင်သည်။ကြီးမားသော မြေ အောက်ချောက်တစ်ခုတွင်တည်ရှိနေသည့် စကော့ဂျန်တွင် ရေတံခွန်တစ်ခုနှင့်ချောက်ကို ဖြတ်၍ ထိုးထားသည့် တံတားတစ်စင်း လည်းရှိသည်။လိုဏ်ဂူများတွင် လှပသော ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များရှိသည်။ လိုဏ်ဂူ များသည် ရီကာ မြစ် နစ်မြုပ်ပျောက်ကွယ်ရာမှ ပေါ်ပေါက်လာခဲ့သည်။
မြစ်သည် မူလက မြေပြင်မျက်နှာပြင်တွင် ရှိနေခဲ့ကာ မြေအောက် တွင် ရုတ်တရက်ပျောက်ကွယ်ခဲ့ကာ ယင်းနေရာတွင် လိုဏ်ဂူများဖြစ်သန်းသည့် လမ်းကြောင်းဖြစ်လာခဲ့သည်။မြစ်ရေများသည် မြေ အောက်တွင် ၂၁ မိုင်ပျောက်ကွယ်နေခဲ့ပြီး အာဒရီရာတစ် ကမ်းခြေအနီးတွင် ရေပြင်ပြန်လည် ပေါ်ထွက်လာခဲ့သည်။ စကော့ဂျန် ဂူများသည် ဆလိုဗေးနီးယားနိုင်ငံတွင် တည်ရှိနေသည်။
၃။ ကာရစ်စဘက်ဒ် လိုဏ်ဂူကြီး Carisbad Caverns
အမေရိကန် နိုင်ငံ၊ နယူးမက္ကဆီကိုရှိ ကာရစ်စဘက်ဒ်လိုဏ်ဂူကြီးသည် အမျိုးသား ဥယျာဉ်တစ်ခုဖြစ်သည်။လိုဏ်ဂူတွင် အလျား ပေ ၄၀၀၀ ၊အနံ ၆၂၅ ပေ နှင့် အမြင့်ဆုံးနေရာတွင် ပေ ၃၅၀ ရှိသည့် သဘာ၀ ထုံးကျောက် အခန်းကြီးတစ်ခုရှိသည်။
ယင်း ခန်းဆောင်ကြီးသည် ကမ္ဘာပေါ်တွင် သတ္တမမြောက်အကြီးဆုံးသော လိုဏ်ဂူ ခန်းမဖြစ်သည်။လိုဏ်အတွင်း၌ ကျောက်စက် ပန်းဆွဲနှင့် ကျောက်စက် မိုးမျှော်များရှိကာ အခြားသော ကျောက်ဖွဲ့စည်းဖြစ်ပေါ်နေမှုများကို ဂူအတွင်းရှိ ရထားလမ်းကြောင်းမှ သွားရောက်ကြည့်ရှုနိုင်ကြသည်။
၂။ ဂျိုင်တာ အဆန်းတကြယ်ဂူ Jeita Grotto
အဆန်းတကြယ်ဂူဟု ဆိုကြသည့် ဂျိုင်တာသည် လက်ဘနွန်နိုင်ငံတွင်တည်ရှိကာဂူ၌ အပိုင်းနှစ်ပိုင်းရှိပြီး ဂူအတွင်းပိုင်း ၌ အပေါ်ပိုင်းနှင့် အောက်ပိုင်း ထုံး ကျောက်ဂူများသည် တစ်ခုနှင့်တစ်ခုဆက်သွယ်နေကြသည်။ဂူအပေါ်ပိုင်းတွင်ကမ္ဘာပေါ်တွင် အကြီးဆုံးသောကျောက်စက်ပန်းဆွဲ ကြီးတည်ရှိနေသည်။ယင်းပန်းဆွဲကြီးသည် ထုံးကျောက် လိုဏ်ဂူမျက်နှာကြက်မှ တွဲလဲ ကျနေကာ သတ္ထုပစ္စည်းများဖြင့်ဖွဲ့စည်း ထားသည်။
လိုဏ်ဂူအောက်ပိုင်းသည် အပေါ်ဂူအောက် ၆၀ ကီလိုမီတာတွင်ရှိနေကာ ၆၂၀၀ ကီလိုမီတာရှည်လျားကာ မြေအောက် မြစ်တစ်စင်းနှင့် ရေကန်တစ်ခုက ဖြတ်သန်းစီးဆင်းနေသည်။
၁။ မူလူးဂူများ Mulu Caves
မလေးရှားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်မှု အရှိဆုံးနေရာများတွင် ဘော်နီယိုရှိ ဂန်နန် အမျိုးသားဥယျာဉ် တွင်တည်ရှိသည့် မူလူးဂူများပါဝင်သည်။အမျိုးသားဥယျာဉ်တွင် မယုံနိုင်လောက်အောင်ထူးခြားသည့် ဂူများ၊အီကွေတာအနီး တောင်များထူထပ်သည့် မုတ်သုန်သစ်တောတစ်ခုအတွင်းပုံမှန်မဟုတ်သည့် ထုံးကျောက်ဖွဲ့စည်းမှုများ တည်ရှိနေသည်။
မြေအောက်လိုဏ်ဂူ တွင် တွေ့ရှိရသည့် ခန်းမကြီးသည် အလျား မီတာ၇၀၀၊ အနံ ၃၉၆ မီတာနှင့် အမြင့်မီတာ ၇၀ ရှိ ကာ ကမ္ဘာတွင် အကြီးဆုံး မြေအောက်လိုဏ်ဂူခန်းမဖြစ်သည်။ အလွန်ကြီးမားသော အကျယ်အဝန်းကြောင့် ခန်းမအတွင်း၌ ဘိုးရင်း ၇၄၇ လေယာဉ် အစီး ၄၀ ကို အတောင်ပံများ မထပ်မိစေဘဲ ထားရှိနိုင်သည်ဟု ဆိုပေသည်။ မူလူးဂူများအနီးတွင် နှုတ်ခမ်းများ တွန့်နေသည့် လင်းနို့များ အမြောက်အများခိုအောင်းနေသည့် ဒီးယားဂူ ရှိသည်။ ယင်း လင်းနို့များသည် ညနေပိုင်းတွင် အစာရှာရန် ဂူအပြင်သို့ အစုလိုက် အပြုံလိုက် ထွက်လာလေ့ရှိကြသည်။
သဘာ၀ တရား၏အံံ့ဖွယ် ဖန်တီးမှုများကြောင့် မြေပေါ်မြေအောက်လိုဏ်ဂူများသည် ကမ္ဘာတွင် ပေါ်ထွန်းလာခဲ့ကြရာ ခေတ်မီ တိုးတက်လာခဲ့ချိန်တွင် ယင်းဂူများသည် လူအများစိတ်ဝင်စားသည့် နေရာများဖြစ်လာခဲ့ကာ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေကြပေသည်။
Ref: 10 Famous Underground Caves in the World
မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် ဧပြီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ