Written By ဒေါက်တာလွှမ်းမိုးဟန်
ကင်ဆာဟုဆိုလိုက်ရသည်နှင့် ကြားရသူတိုင်း၏စိတ်ထဲမှာ ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ကပေါ်လာတတ်စမြဲ။ကင်ဆာသည်မျိုးရိုးလိုက်တတ်သည်။ မျိုးရိုးမရှိပဲနှင့်လည်း ဖြစ်နိုင်သည်။ ကူးစက်ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။ အစားအသောက်နှင့် ဘဝနေထိုင်မှု ပုံစံများကြောင့်လည်းဖြစ်နိုင်သည်။ ဖြစ်သည့် ကင်ဆာအမျိုးအစားနှင့် အဆင့်အပေါ်မူတည်လျက် ရောဂါပျောက်ကင်းမှု၊သက်သာမှု၊အသက်ရှင်သန်မှုတို့မှာ အတော့်ကို ကွာခြားသွားနိုင်ပါသည်။
နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုး၏ သမိုင်းကြောင်းကိုသိဖို့လိုသလို နှစ်ပေါင်းထောင်ချီရှိခဲ့သည့် ရောဂါတစ်ခုချင်းစီ၏ သမိုင်းကြောင်းကိုလေ့လာခြင်းသည်လည်း ထိုရောဂါနှင့်ပတ်သတ်ပြီး ရဲရဲရင်ဆိုင်နိုင်ဖို့၊ အတွေးအခေါ်ဗဟုသုတနှင့် စဉ်းစားချင့်ချိန်နိုင်စေဖို့ အချက်အလက်များကို ပေးပါသည်။
ယခုဆောင်းပါးတွင် ကင်ဆာရောဂါကို စတင်တွေ့ရှိသည်မှစ၍ ယနေ့အချိန်အထိ ကင်ဆာရောဂါ သမိုင်းကြောင်း၊ ကင်ဆာကို အံတုခဲ့သည့် ဆရာဝန်ကြီးများအကြောင်း၊ ကင်ဆာကုထုံးများနှင့်ပတ်သတ်သည့် တွေ့ရှိချက်များ၊ ကင်ဆာဆေးဝါးများကို စုစည်းဖော်ပြပေးထားပါသည်။
= = = = =
ဘီစီ ၁၆၀၀
အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်များတွေ့ရှိခဲ့သည့် အီဂျစ်ဆေးကျမ်းကျူစာအုပ်တွင်ရင်သားကင်ဆာနှင့်ပတ်သတ်ပြီးဖော်ပြမှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ကုသလို့မရသည့် ရောဂါဖြစ်ကြောင်းရေးသားထားသည်။ သမိုင်းတွင် တွေ့ရှိရသမျှ ကင်ဆာရောဂါနှင့်ပတ်သတ်သည့် အစောဆုံးသော မှတ်တမ်းမှတ်ရာဖြစ်ပါသည်။
ဘီစီ ၄၆၀-၃၇၇
ဆေးပညာ၏ဖခင်ကြီးအဖြစ် တင်စားကြသည့် ဂရိလူမျိုး ဟစ်ပိုကရေးတီးက ကင်ဆာရောဂါသည့် “ဂဏန်းနှင့်တူသည့်ရောဂါ”ဟုတင်စားခဲ့သည်။ တစ်နေရာတွင် အမြစ်တွယ်ခြေကုပ်ယူပြီး တခြားနေရာများသို့ ပျံ့နှံ့သွားတတ်သည့်သဘောရှိခြင်းကြောင့် ဂဏန်း၏လက်မ၊ခြေမများနှင့် တူသည်ဟု တင်စားခဲ့ခြင်းဖြစ်ပါသည်။
အေဒီ ၁၃၁ မှ ၂၀၁
ဂလန် (Galan) အမည်ရ ဟစ်ပိုကရေတီး၏ တပည့် ဂရိဆရာဝန်ကြီးက သူ့ဆရာ၏ ကင်ဆာနှင့်ပတ်သတ်သည့် သီအိုရီကို လက်ခံကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။ ကင်ဆာရောဂါနှင့် အမည်းရောင်သည်းခြေရည် (Black bile) တို့ ဆက်စပ်မှုရှိကြောင်းရေးခဲ့သည်။
အေဒီ ၁၅၁၄-၆၄
Andreas Vasalius အမည်ရ ဘယ်လဂျီယန်လူမျိုး၊ ခန္ဓာဗေဒပညာရှင်ဆရာဝန်ကြီးက လူ့ခန္ဓာကိုယ်နှင့်ပတ်သတ်သည့် စာအုပ်အတွဲပေါင်းများစွာထုတ်ဝေခဲ့ရာတွင် ကင်ဆာနှင့်ပတ်သတ်သည့် အချက်အလက်များကို စတင်ထည့်သွင်းလာခဲ့သည်။
၁၆၂၉
အင်္ဂလန်ကျွန်း၏ သေဆုံးမှုအကြောင်းရင်း မှတ်တမ်းမှတ်ရာများတွင် ကင်ဆာရောဂါကြောင့် သေဆုံးရသည်ဟူ၍ စတင်မှတ်တမ်းတင်ခဲ့သည်။ ထိုအချိန်မှစ၍ လူကိုသေစေသည့် အကြောင်းရင်းများတွင် ကင်ဆာရောဂါသည်လည်း အကြောင်းရင်းတစ်ရပ်အဖြစ် တရားဝင်ပါဝင်လာခဲ့လေသည်။
၁၇၂၈-၁၇၉၃
ဂျွန်ဟန်တာ အမည်ရ နာမည်ကြီးစကော့လူမျိုး ခွဲစိတ်ဆရာဝန်ကြီးက တချို့သောကင်ဆာရောဂါများသည် ခွဲစိတ်ကုသခြင်းဖြင့်လုံးဝပျောက်ကင်းသွားနိုင်သည် ဟုပြောကြားခဲ့သည်။ ခွဲစိတ်ဆရာဝန်များအနေဖြင့်မည်သည့်ကင်ဆာရောဂါကို ခွဲစိတ်ရမည်ဟု သိမြင်သုံးသပ်နိုင်စွမ်းရှိရမည်ဟု ပြောခဲ့သည်။ ကင်ဆာအကျိတ်သည် ဘေးပတ်ဝန်းကျင်မှ တစ်သျူးများသို့ မရောက်မချင်း ခွဲထုတ်နိုင်သည်ဟု ပြောခဲ့သည်။ ကင်ဆာရောဂါနှင့်ပတ်သတ်ပြီး ခွဲစိတ်ကုပညာဆိုင်ရာ ပထမဆုံးသော သုံးသပ်ချက်များဖြစ်ပါသည်။
၁၇၆၁
ဂျွန်ဟေးအမည်ရ လန်ဒန်မြို့ခံဆရာဝန်တစ်ဦးက နှာခေါင်းအတွင်းဖြစ်ပွားသည့် ကင်ဆာလူနာနှစ်ဦးကို ဖော်ပြပြီး ဆေးလိပ်ကြောင့်ဖြစ်နိုင်သည်ဟု မှတ်တမ်းတင်ခဲ့သည်။
၁၇၇၅
Percival Pott အမည်ရ လန်ဒန်မြို့မှ ဆရာဝန်တစ်ဦးက မီးခိုးခေါင်းတိုင်အတွင် သန့်ရှင်းရေးလုပ်သူတို့တွင် ဝှေးစေ့ကင်ဆာအဖြစ်များနေကြောင်း ကြေညာခဲ့သည်။ မီးခိုးခေါင်းတိုင်အတွင်းမှ မီးခိုးညှော်များနှင့် ကြာရှည်စွာထိတွေ့ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဆိုခဲ့သည်။
၁၈၃၈
ဂျွန်ဟာနာမူလာ အမည်ရ ဂျာမန်ရောဂါဗေဒဆရာဝန်က ကင်ဆာရောဂါသည် ပုံမှန်ဆဲလ်များမှ တဆင့်ပုံစံပြောင်းလျက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ ကင်ဆာသည်ပုံမှန်မဟုတ်သည့် ဆဲလ်များအခြေခံလာသည်ဟုဆိုခဲ့သည်။
၁၈၄၆
အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှ ခွဲစိတ်ဆရာဝန် ဒေါက်တာဂျွန်ဝါရန်သည် ဆေးပညာသမိုင်းတွင် ပထမဆုံးသောကင်ဆာရောဂါခွဲစိတ်မှုဟုဆိုရမည့် ပါးချိတ်ကင်ဆာခွဲစိတ်မှုကို မေ့ဆေးအသုံးပြုလျက်ခွဲစိတ်ခဲ့သည်။
၁၈၅၁
အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်သည့် W.H.Walshe သည် အဆုတ်ကင်ဆာလူနာ သလိပ်ထဲတွင် ကင်ဆာဆဲလ်များကို ဖော်ထုတ်ပြနိုင်ခဲ့သည်။
၁၈၅၈
ဂျွန်ဟာနာမူလာ၏ တပည့်ရင်းတစ်ဦးဖြစ်သူ ရူးဒေါ့ဗားချော သည် ဆဲလ်ရောဂါဗေဒပညာကို ပထမဆုံးစတင်ဖော်ထုတ်ခဲ့သူအဖြစ်ကျော်ကြားလာခဲ့သည်။ သူက ကင်ဆာဆဲလ်များသည် မူလပုံမှန်ဆဲလ်များမှသန္ဓေတည်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ထုတ်ခဲ့သည်။
၁၈၆၆
Gregor Mendel အမည်ရပုဂ္ဂိုလ်က ပဲပင်များ၏မျိုးဗီဇများအကြောင်းကို ဖော်ထုတ်ခဲ့ခြင်းဖြင့် ခေတ်သစ်မျိုးဗီဇပညာကို အခြေချပေးခဲ့သည်။
၁၈၇၈
Maximilian C.F. Nitze အမည်ရ ဂျာမန်ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်ကြီးက ဆီးအိတ်အတွင်း ထည့်သွင်းလျက် ကင်ဆာရောဂါကို ရှာဖွေနိုင်သည့် ဆီးလမ်းကြောင်းတွင်းထည့်မှန်ပြောင်း(Cystoscope)ကို တီထွင်ခဲ့သည်။
၁၈၈၁
Jan M.Radecki အမည်ရ နာမည်ကြီးပိုလန်ခွဲစိတ်ဆရာဝန်တစ်ဦးက ပထမဆုံးသော အစာရေမြိုပြွန်နှင့် အစာအိမ်အတွင်း ထည့်ကြည့် လို့ရသည့် မှန်ပြောင်းကိုတီထွင်ခဲ့သည်။ယနေ့အချိန်တွင် ၎င်းမှန်ပြောင်းအကူအညီဖြင့် အစာအိမ်နှင့် အစာရေမြိုပြွန်ကင်ဆာများကို ရှာဖွေနိုင်နေပါပြီ။
၁၈၉၅
Ludwig Rehn အမည်ရ ဂျာမန်ခွဲစိတ်ဆရာဝန်က ဆီးအိတ်ကင်ဆာသည် Aniline ဆိုးဆေးများနှင့် ဆက်နွယ်မှုရှိနေကြောင်းဖော်ထုတ်ခဲ့သည်။ထိုနှစ်တွင်ပင် ဂျာမဏီနိုင်ငံသား Wurzburg တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ ရွန်ဂျင်သည် ဓာတ်မှန်ရိုက်ရာတွင်အသုံး ပြုသည့် X rays ကို တွေ့ရှိကြောင်းကြေငြာခဲ့သည်။ဂျာမန် သမားတော်တစ်ဦးဖြစ်သူ Gustav Killian ကလည်း အဆုတ်လေပြွန်များ အတွင်းကြည့်နိုင်သည့် မှန်ပြောင်း (Bronchoscopy) ကို ပထမဦးဆုံးတီထွင်နိုင်ခဲ့သည်။ ထိုမှန်ပြောင်းဖြင့် အဆုတ်ကင်ဆာရောဂါများကို ရှာဖွေနိုင်လာကြသည်။
၁၈၉၆
ဆာဂျော့သောမတ်ဘိတ်ဆန်က မမျိုးဦးမှထုတ်လွှတ်ပေးသည့် မဟော်မုန်းများသည် ရင်သားကင်ဆာဖြစ်ပွားမှုကို အားပေးနိုင် ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။နောက်ပိုင်းတွင် ထိုမဟော်မုန်းမှာ Estrogen ဟော်မုန်းဖြစ်ကြောင်းသိရှိလာကြသည်။ ထိုတွေ့ရှိချက်သည်ယခုလက်ရှိ ဟော်မုန်းကုသမှုများဖြင့် ကင်ဆာရောဂါကို ကုသသည့် ကုထုံးများ၏ သန္ဓေတည်ရာအုတ်မြစ်ဖြစ်လာခဲ့လေသည်။
၁၈၉၇
အမေရိကန်ပြည်ထောင်စုမှ တန်နက်စီနှင့်အိုင်အိုဝါပြည်နယများတွင် ဆေးလိပ်ရောင်းချမှုကို တားမြစ်ခဲ့သည်။
၁၈၉၈
မာရီနှင့် ပီယာကျူရီတို့ ဇနီးမောင်နှံသည် ရေဒီယမ်ကိုစတင်တွေ့ရှိခဲ့သည်။၁၉၀၃ခုနှစ်တွင် ထိုတွေ့ရှိချက်ကြောင့် အခြားရူပဗေဒပညာရှင်တစ်ဦးနှင့် တွဲဖက်ပြီး နိုဗယ်ဆုရရှိခဲ့သည်။
၁၉၀၁
ဒေါက်တာနီကိုလပ်စ်ဆန် အမည်ရဆရာဝန်တစ်ဦးသည် ကင်ဆာလူနာတစ်ဦးဆီမှ တစ်သျှူးအသားစကို သူ၏လက်မောင်းတွင် မြုပ်နှံခဲ့ပြီး လေးပတ်ခန့်အကြာ ထိုတစ်သျှူးအသားစများက သူ၏အသားအတွင်းပျော်ဝင်ပျောက်ကွယ်သွားပုံကို သက်သေပြခဲ့ပြီး ကင်ဆာရောဂါသည် ကူးစက်ရောဂါမဟုတ်ကြောင်းသက်သေပြခဲ့သည်။
၁၉၁၁
အမေရိကန်တရားရုံးချုပ်က ဆေးလိပ်ကြေညာများကို တားမြစ်ပိတ်ပင်သည့် ဥပဒေပြဌာန်းသည်။
၁၉၁၂
ဒေါက်တာပေါအားလစ်ရှ်(Paul Ehrlich) သည် ကင်ဆာဆေးများဖြင့်ကုသသည့်ကုထုံး (Chemotherapy)ကို ပထမဆုံးသုံးနှုန်းခဲ့သည်။သို့သော် ထိုဝေါဟာရကို ကင်ဆာကုသမှုတွင်မဟုတ်ပဲ ကာလသားရောဂါကုထုံးတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ Chemotherapy ၏ အခြေခံသဘောတရားမှာ ကင်ဆာဆဲလ်(သို့မဟုတ်)ရောဂါပိုးများကို အမြင့်ဆုံးတိုက်ဖျက်နိုင်ပြီး ကိုယ်ခန္ဓာအား နောက်ဆက်တွဲဆိုးကျိုးအနည်းဆုံးပေးနိုင်မည့် ကုထုံးဟုဆိုလိုသည်။
၁၉၁၄
Theodor Boveri အမည်ရဂျာမန်သတ္တဗေဒပညာရှင်တစ်ဦးက ကင်ဆာအကျိတ်များ၏ သမိုင်းအစ ဟူသည့်စာအုပ်ကို ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် ကင်ဆာရောဂါကို မျိုးဗီဇရောဂါတစ်ခုအနေဖြင့် သုံးသပ်လေ့လာထားသည့် အချက်အလက်များပါဝင်သည်။
၁၉၁၅
ဖရက်ဒရစ်လက်ဝတ် က “ကမ္ဘာအနှံ့အပြားကင်ဆာရောဂါကြောင့် သေဆုံးရမှုများ” အမည်ရစာအုပ်ကို ထုတ်ဝေခဲ့ပြီး ထိုစာအုပ်တွင် အစားအစာနှင့် ကင်ဆာရောဂါဆက်နွယ်ပုံကို ဖော်ထုတ်တင်ပြထားသည်ကိုတွေ့ကြရသည်။
၁၉၂၀
ဒေါက်တာအားနက်ကုဒ်မန်သည် မန်ဆာချူးဆက်ဆေးရုံကြီးတွင် ဆာကိုးမားကင်ဆာလူနာများကို မှတ်တမ်းတင်စာရင်းပြုစုသည့် လုပ်ငန်းကို စတင်အခြေချပေးခဲ့သည်။
၁၉၂၆
ရောဂါပျံ့နှံ့ဖြစ်ပွားမှုပညာရပ်(Epidemiology) ၏မိခင်ကြီးဟုထင်ရှားသူ ဒေါက်တာဂျက်နက်အယ်လီဇဘတ်သည် ရင်သားကင်ဆာဖြစ်စေနိုင်ဖွယ်ရှိသည့် အလားအလာများနှင့်ပတ်သတ်သည့် စာတမ်းတစ်စောင်ထုတ်ဝေခဲ့သည်။သူ၏ အချကအလက်များမှာ ယနေ့အချိန်အထိ ရင်သားကင်ဆာနှင့်ပတ်သတ်သည့် တွက်ချက်မှုများတွင် အသုံးပြုနေရဆဲဖြစ်သည်။
၁၉၂၈
ဒေါက်တာ George Papanicolaou သည် မွေးလမ်းကြောင်းမှဆဲလ်များကို ဆေးဆိုးလျက်မိုက်ကရိုစကုပ်ဖြင့် လေ့လာပြီးစာတမ်းတစ်စောင်ထုတ်ဝေခဲ့သည်။သူ၏တွေ့ရှိချက်မှာ ယနေ့အချိန်တွင် သားအိမ်ခေါင်းကင်ဆာရောဂါရှာဖွေမှုတွင် အလွန်အရေးပါလျက်ရှိသည်။သားအိမ်ခေါင်းအသားစကိုပင်လျှင် သူ၏အမည်ကို ဂုဏ်ပြုလျက် Pap smear ဟုသုံးနေကြသည်။
၁၉၃၉
အဆုတ်ကင်ဆာနှင့် ဆေးလိပ်သောက်သုံးခြင်းဆက်စပ်မှုကို သိပ္ပံနည်းကျဖော်ထုတ်ထားသည့် စာတမ်းတစ်စောင် ထွက်ရှိလာခဲ့ သည်။ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သည်ဟူသည့် အချက်ကို ခိုင်မာစေရန်သက်သေပြနိုင်ခဲ့သည်။
၁၉၄၁
ဒေါက်တာချာလီဟက်ဂင်း သည် ကျားဟော်မုန်း (Testrosterone) နှင့် ဆီးကျိတ်ကင်ဆာ တို့ဆက်စပ်မှုရှိကြောင်းသက်သေပြနိုင်ခဲ့သည်။အဆင့် ၄ ဆီးကျိတ်ကင်ဆာလူနာများတွင် ဝှေးစေ့ကိုဖြတ်ထုတ်လိုက်သည့်အခါ သိသိသာသာကင်ဆာရောဂါ သက်သာသွားကြောင်း တွေ့ရှိရလေသည်။
၁၉၅၀
ဗြိတိသျှဆေးပညာဂျာနယ်၏ ဆောင်းပါးတစ်ပုဒ်တွင် ၁၉၂၂မှ ၁၉၄၇ခုနှစ်ခုနှစ်များအတွင်း အဆုတ်ကင်ဆာကြောင့်သေဆုံးမှု၁၅ဆ တိုးတက်လာရခြင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြထားသည်။
၁၉၅၃
ဒေါက်တာဂျိမ်းဝတ်စတန်နှင့် ဖရန့်စစ်ခရစ် တို့နှစ်ဦးသည် နှစ်ထပ်ကြောင်လိမ် ဒီအင်အေကို ဖော်ထုတ်ပြသနိုင်ခဲ့သည်။
၁၉၅၈
Methotrexate အမည်ရ ကင်ဆာဆေးတစ်မျိုးသည် စပျစ်သီးသန္ဓေကင်ဆာ(Choriocarcinoma) ကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်ကြောင်းတွေ့ရှိလာကြသည်။ ထိုကင်ဆာဆေးသည် အဖုအကျိတ်ကင်ဆာများကိုပျောက်ကင်းအောင်ကုသနိုင်ဖွယ်ရှိသည့် ပထမဆုံးကင်ဆာဆေးဖြစ်လာသည်။
၁၉၆၀
ဗြိတိန်နိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင်ရှာဖွေခြင်းကို စတင်ပြုလုပ်ခဲ့သည်။
၁၉၇၃
ယူကေနိုင်ငံတွင် ရင်သားကင်ဆာများအတွက် ကုသဆေးအဖြစ် Tamoxifen ဆေးကို စတင်အသုံးပြုခွင့်ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၇ခုနှစ်၌ အစားအစာနှင့် ဆေးဝါးထိန်းချုပ်ရေးဌာနမှ ထိုဆေးကို အသုံးပြုခွင့်ပေးခဲ့သည်။
၁၉၇၇
ဘီယာ၊ဝိုင်နှင့်အရက်ပြင်းများသည် အမျိုးသမီးများတွင် ကင်ဆာဖြစ်နိုင်ချေနှုန်းကို များစေနိုင်ကြောင်း ပထမဆုံးဖော်ထုတ်နိုင်ခဲ့ သည်။
၁၉၈၆
အမေရိကန်ပြည်ထောင်စုတွင် ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား တပါးသူ၏ဆေးလိပ်ငွေ့များမှ တဆင့် အဆုတ်ကင်ဆာဖြစ်စေနိုင်ကြောင်း ကြေငြာပြီး ဆေးလိပ်တိုက်ဖျက်ရေးဥပဒေသစ်များ ထပ်မံချမှတ်ခဲ့သည်။
၁၉၉၂
ရင်သားကင်ဆာရောဂါတွင် အသုံးပြုသည့် ဆေးဝါးသစ် Herceptin ကို စတင်အသုံးပြုခဲ့သည်။
၁၉၉၈
ဆေးလိပ်ကုမဏီများသည် ကလေးသူငယ်များသို့ဦးတည်လျက်ရှိသည့် ဆေးလိပ်ကြေငြာများအားလုံးကို ရပ်ဆိုင်းရန်သဘောတူခဲ့ကြသည်။
၂၀၀၃
လူသားမျိုးဗီဇ လျှိုဝှက်ချက်ကို ပြည့်စုံစွာဖော်ထုတ်ပြသနိုင်ခဲ့သည်။
၂၀၀၉
သားအိမ်ခေါင်းကင်ဆာရောဂါကို ဖြစ်စေသည့် လိင်အင်္ဂါကြွက်နို့ရောဂါပိုးကို ကြိုတင်ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများစတင်ခဲ့သည်။